"ဟယ် အစ်ကိုကြီးရေ့ လွှမ်းမေတ္တာအဖွဲ့သားတွေ ရောက်လာကြပြီတော့ ဆင်းလာပါဦး"
ပေ၁၀၀ကျော်သည့် ခြံဝင်းကြီးထဲ လွှမ်းမေတ္တာတံဆိပ်ကပ်ထားသည့် HiAce အံစာတုံးကားလေးတစ်စီးက တလှိမ့်လှိမ့်ဖြင့် ဝင်ရောက်လို့လာသည်။ ရေနံဆီတွေ ဝနေအောင် သုတ်ထားသည့် သစ်သားနှစ်ထပ်အိမ်ကြီးနှစ်လုံးက သူတို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တုန်းက အတိုင်းပင် ဘာမှမပြောင်းလဲ။
"အလှူ့အမကြီး နေကောင်းရဲ့လားဗျ"
ကိုခန့်သစ်က နှုတ်ဆက်တော့ မခင်ကြိုင်က ပါးပေါ်က သနပ်ခါးဝါဝါတွေ တွန့်သွားသည်အထိ ပြုံးပြီး ပြန်ပြောလာသည်။
"ကောင်းတာမှ ဒေါင်ဒေါင်မြည်နေရောရှင် ကျွန်မတို့က ကိုခန့်သစ်တို့ ပြန်သွားကထဲက လွမ်းနေရတာ"
"ကျွန်တော်တို့လည်း လွမ်းပါတယ်ဗျာ"
"ဆရာဝန်လေးတွေ သူနာပြုလေးတွေရော"
"ဟောဟိုမှာ ပါပါတယ်ဗျာ ကားပေါ်ကနေ အထုပ်တွေ ချနေမှာပေါ့"
သူတို့ရှိရာကို လှမ်းကြည့်လာတာမို့ လင်း အထုပ်တွေ ကားပေါ်မှ ချရင်း မခင်ကြိုင်ကို လက်ပြနှုတ်ဆက်လိုက်သည်။
လက်ပံတန်းရွာကို လင်းတို့ ရောက်နေရသည့် အကြောင်းအရင်းက ဦးခင်ရွှေနှင့် မခင်ကြိုင် မောင်နှမနှစ်ယောက်၏ အလှူကြောင့်ဖြစ်သည်။ မောင်နှမနှစ်ယောက်က ကိုခန့်သစ်ကို တကူးတက ဖုန်းဆက်ပြီး ဖိတ်လို့လာတာမို့ သူတို့လည်း လက်ပံတန်းကို နောက်တစ်ခေါက် ရောက်ဖို့ အကြောင်းဖန်လာရသည်။
ဒီတစ်ခေါက်ကတော့ အရင်လို လူမစုံတော့ပါ။ လွှမ်းမေတ္တာအဖွဲ့ကဆို ကိုခန့်သစ်နှင့် တခြားအဖွဲ့ဝင် ကောင်လေးနှစ်ယောက်၊ သူတို့သူငယ်ချင်းတွေထဲက မင်းသန့်နှင့် ကြည်လဲ့၊ နောက် ဆေးအဖွဲ့ကဆိုရင် ဆရာအောင်ကျော်ဇော်နှင့် ပန်းဝတ်မှုန်၊ ပြီးတော့ သူတို့အတွဲ။
ကိုထွန်းလင်းသော်က မင်္ဂလာဆောင်အတွက် ပြင်ဆင်နေရ၍ မအား။ ပန်းနု၊ မင်းပြည့်နှင့် ဝတီလင်းကလည်း သူတို့အလုပ်ကိုယ်စီနှင့်မို့ လိုက်မလာနိုင်။ အမြွှာနှစ်ယောက်ကျပြန်တော့လည်း ကျောင်းတက်နေရပြီမို့ ခွင့်ယူဖို့က အဆင်မပြေ။ ဆေးအဖွဲ့က နာ့စ်တွေဖြစ်သည့် ဝတ်မှုန်ချိုနှင့် လင်းဝေဝေကတော့ shiftလဲမရ၍ မလိုက်နိုင်ခဲ့ပါ။ ဒေါက်တာခင်နံ့သာကလည်း ကိုကို့သူငယ်ချင်း အစ်မမေသူမောင်၊ အစ်မဆုသံစဥ်တို့နှင့်အတူ ခရီးတိုလေးတစ်ခု ထွက်သွားသည်တဲ့။
KAMU SEDANG MEMBACA
Golden Hour
RomansaGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...