"ဒါဆို ဆရာမ ဘာလိုသေးလဲ မသိဘူးခင်ဗျ"
"ဖောင်တွေ ဖြည့်ပြီးပြီဆိုတော့ ရပါပြီ အန်ကယ်နဲ့ အန်တီက အဲ့ဒါဆို အင်္ကျီလဲမယ် ကျွန်မနောက်ကို လိုက်ခဲ့ပေးနော်"
"ဟုတ် ဆရာမ သား မလိုက်ခဲ့နဲ့တော့လေ မေမေနဲ့ ဖေဖေနဲ့ပဲ သွားလိုက်တော့မယ်"
"အဲ့ဒါဆို သား loungeကနေ စောင့်မယ်နော်"
"အေး အေး"
ပြောပြောဆိုဆိုနှင့်ပင် မေမေက ဖေဖေ့လက်ကို ဆွဲ၍ လှည့်ထွက်သွားတာ နောက်တောင် ပြန်လှည့်မကြည့်လို့ သူ့မှာ ပြုံးရသေးသည်။ Medical Checkup လုပ်ဖို့ စီစဥ်ထားတယ်ဆိုပြီး ပြောတုန်းက ပိုက်ဆံကုန်တယ်ဆိုပြီး ပွစိပွစိနဲ့ ပြောနေတာ သူ မဟုတ်တဲ့အတိုင်း။
Loungeမှာ ထိုင်နေရင်း ဟိုဟိုဒီဒီ မျက်စိကစားကြည့်တော့မှ ဆေးရုံကြီးက တကယ့်ကို အကောင်းစားဖြစ်သည်။ ဆောက်တာ နှစ်နှစ်လောက်ပဲ ရှိသေးသည်ဟု သိရသည်။ ဘော့စ်ကို မိဘတွေအတွက် ကျန်းမာရေးစစ်ဆေးပေးချင်လို့ ဆိုပြီး စကားစပ်မိလို့ ပြောပြတော့ သူ့ဘော့စ်က ဒီဆေးရုံကို recommendပေးသည်။ သူဌေးက ရီကွန်မန်းပေးတဲ့ ဆေးရုံဆိုမှတော့ သူဌေးတွေပဲ တတ်နိုင်တဲ့ ဆေးရုံဖြစ်လိမ့်မည်ဆိုတာတော့ သူ ကြိုခန့်မှန်းမိပါသည်။ နောက်ပြီး နိုင်ငံတကာအဆင့်မှီဆေးရုံမလို့လား မသိ။ Medical Checkup feeက သူ့လစာ နှစ်လစာလောက် ရှိသည်။ ဒါပေမဲ့ မိဘအတွက်ဆိုတော့လည်း ကုန်ပါစေပေါ့။ ပိုက်ဆံက ပြန်ရှာလို့ ရတာပဲဟာ။ နဂို သူ စုံစမ်းထားတဲ့ ဆေးရုံထက် ဈေးပိုများပေမဲ့လည်း မိဘတွေ ပိုပြီး သက်တောင့်သက်သာရှိဖို့ ရလဒ် ပိုတိကျဖို့ကိုသာ သူ ရွေးချယ်လိုက်ပါသည်။
သူနာပြုဆရာမလေးက လေးဆယ့်ငါးမိနစ် တစ်နာရီလောက် ထပ်ကြာဦးမည်ဟု ပြောသွားတာမလို့ သူ အချိန်အတော်ကြာ ဆေးရုံကို လျှောက်ပတ်ကြည့်နေဖြစ်ခဲ့သည်။ ဖုန်းသုံးလိုက် လမ်းလျှောက်လိုက်နှင့်ပင် အချိန်တွေက ကုန်မှန်းမသိ ကုန်သွားလေသည်။
"လင်း?"
ခေါ်သံကြား၍ နောက်လှည့်ကြည့်မိတော့ ဒီနေရာမှာ တွေ့ရမည်ဟု လုံးဝ မထင်ထားမိသည့်သူက သူ့ကို ရပ်၍ ကြည့်နေလေသည်။ ဒီလူ ဂျူတီကုတ်ဝတ်ထားတာကို နောက်ဆုံးတစ်ခေါက် မြင်ခဲ့မိတာ ဘယ်တုန်းကပါလိမ့်။ ဪ မှတ်မိပြီ။ လွန်ခဲ့တဲ့ ဘယ်နှနှစ်ကလဲ။ ဆေးရုံကြီးမှာ သူ့ကို ကောင်မလေးတွေ တရုန်းရုန်းနဲ့ တွေ့ခဲ့တုန်းက။ ဂျူတီကုတ်နဲ့ တွေ့ရတာ အဲ့တုန်းက နောက်ဆုံးဖြစ်လိမ့်မည်။ လက်ပတန်းတုန်းက ဂျူတီကုတ် မဝတ်ခဲ့တာကြောင့် အကြာကြီးနေမှ ဒီလိုပုံကို ပြန်မြင်ရတာ အသစ်အဆန်းဖြစ်နေသည်။
VOCÊ ESTÁ LENDO
Golden Hour
RomanceGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
