အပိုင်း (၂၇) - Zawgyi

748 11 0
                                        

"အို"

ကြီးတင်ဆီက တအံ့တဩ အာမေဋိတ်သံ ထွက်လို့လာသည်။

"ကိုလင်း"

တုန်လှုပ်သွားတဲ့ မေမေ့မျက်ဝန်းတွေနှင့် ထပ်တူ သူ့နှလုံးသားတစ်ခုလုံးပါ လှုပ်ခါလို့ သွားရသည်။ ဖေဖေ့ကို ကြည့်မိတော့ ဖေဖေကလည်း တအံ့တဩနှင့် သူ့ကို ကြည့်နေသည်။ ကြိုတွေးထားခဲ့ပေမဲ့ မေမေ့ရဲ့ တုန်လှုပ်မှုကို တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ သူ ပြောစရာစကားတွေ ပျောက်ရှလို့သွားခဲ့ရသည်။

"ကျွန်တော်..."

"မေမေ နားကြားမှားတာမလား ဟင်? မင်း အခုပြောလိုက်တဲ့စကားက မေမေ ထင်တဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးမလား"

"မဆွေ"

ဖေဖေက စိတ်ထိန်းဖို့ ဟန့်သည့် သဘောမျိုးဖြင့် မေမေ့လက်ကို ဖမ်းဆွဲတော့ မေမေက ဖေဖေ့လက်ကို ပုတ်ချပြီး သူ့ကို တည့်တည့်ကြည့်လာသည်။

"ငါ့ကို ပြောစမ်းပါ လင်းဝဿန် မင်း တကယ်ပဲ..."

"မေမေ နားကြားမမှားပါဘူး တကယ်ပါ သား ယောက်ျားလေးတွေကို ကြိုက်တယ် မေမေ"

"ကိုလင်း"

မေမေ့ရဲ့ တုန်လှုပ်မှုမှာ ဒေါသတို့ ပါဝင်စပြုလာတာကို သူ သတိထားမိလိုက်သည်။ သူ ပြောမှရမည်။ မေမေ ဒီထက် စိတ်မလှုပ်ရှားခင် သူ စကားကို ကုန်အောင် ပြောမှရမည်။

"ဒါကိုလည်း အခုမှ သိတာမဟုတ်ပဲ သား အသက် ၁၇နှစ်ကထဲက သိတာပါ မေမေတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြချင်ပေမဲ့ သား ကြောက်ခဲ့တယ် ပတ်ဝန်းကျင်ကိုရော အခုလို မေမေ့ရဲ့ အကြည့်တွေကိုရော ဒီကိစ္စကြီးက မဖြစ်သင့်တဲ့ကိစ္စကြီးလိုမျိုး သားရဲ့ ဖြစ်တည်မှုက မှားယွင်းနေသလိုမျိုး ဝိုင်းပြီး ဝေဖန်ကြမှာကို သား ကြောက်ခဲ့တယ် မေမေ အဲ့လိုကြောက်ခဲ့လို့လည်း သား ချစ်ရတဲ့သူနဲ့ ခုနစ်နှစ် ဝေးခဲ့ရတယ် ဒါပေမဲ့ အခုတော့ သား မဖုံးကွယ်ချင်တော့ဘူး ဒီထက်ပိုပြီး ရှောင်မပုန်းချင်တော့ဘူး သားမှာ ချစ်သူရှိနေပြီ မေမေ သား သူနဲ့ တစ်ဘဝလုံး လက်တွဲသွားဖို့အတွက် ဆန္ဒရှိတယ်"

"လင်းဝဿန်"

"ချက်ချင်းကြီး နားလည်ပေးဖို့ သား မတောင်းဆိုပါဘူး အနည်းဆုံးတော့..."

Golden HourWhere stories live. Discover now