ခေါက်ရမည့် နှစ်ယောက်အိပ်ခြင်ထောင်ကြီးကို ကြည့်ပြီး သူ ငိုင်နေမိသည်။ ဘဝမှာ ရည်းစားနဲ့ ပထမဆုံးအကြိမ် တစ်အိပ်ယာထဲ အိပ်ရခြင်းက ဘုန်းကြီးကျောင်းမှာဆိုသည့်အချက်ကို သူ သိပ်မကျေနပ်ချင်။ နည်းနည်းလေးမှ ရိုမန့်တစ်ဆန်မနေဘူးမဟုတ်လား။
သူ့အထုပ်တွေကို နေဥက္ကာမင်း၏ အိပ်ယာဘေးမှာ နေရာချပေးသွားတဲ့ ဖိုးသစ်က ညရောက်တော့ စောင်တွေ ခေါင်းအုံးတွေ ယူလာပြီး စကားတစ်ခွန်းပြောလာသည်။ ကိုကြီး တစ်ယောက်အိပ်ခြင်ထောင်တွေ မရှိတော့လို့ ကျွန်တော် နှစ်ယောက်အိပ်ခြင်ထောင်ပဲ ထုတ်လာခဲ့တယ် တူတူအိပ်လိုက်လို့ဖြစ်တယ်မလား တဲ့။
ငြင်းချိန်တောင် မရလိုက် နေဥက္ကာမင်းက ရတယ်ရတယ်ဆိုကာ ချက်ချင်း ခြင်ထောင်ကို ထထောင်တော့သည်။ အဲ့လိုနဲ့ပဲ နှစ်ယောက်သား တစ်အိပ်ယာထဲ အိပ်ခဲ့ရတယ်ပေါ့လေ။
သို့သော်လည်း နေရာဒေသက မဟန်လေသည့်အပြင် ရည်းစားက ပင်ပန်းလာလို့လားမသိ ခေါင်းအုံးနဲ့ ခေါင်းထိပြီး မကြာလိုက်ပဲ အိပ်ပျော်သွားလေသည်။ ဒီတော့ သေးသေးလေးတောင် ရိုမန့်တစ်ဆန်ချိန် မရလိုက်။
စိတ်ထဲ ဘဝင်မကျစွာနှင့်ပင် သူ အိပ်ယာသိမ်းပြီး အောက်ဆင်းလာတော့ နေဥက္ကာမင်းကို မတွေ့။ နေဥက္ကာမင်းအပြင် မနေ့က သူ့ကို လာကြိုသည့် ကောင်လေးရော အဖွဲ့ဝင်အချို့ကိုပါ မတွေ့တာမို့ ကျောင်းဝန်းထဲ တံမြက်စည်းလှည်းနေသည့် ဖိုးသစ်ကို မေးရသည်။
"ဖိုးသစ် လူတွေ ပျောက်နေပါလား ဘယ်ရောက်သွားကြတာလဲ"
"ရွာထဲက လက်ဘက်ရည်ဆိုင်မှာ မနက်စာ သွားဝယ်ကြတယ် ကိုကြီး ဟော ဟိုမှာ ပြန်လာပြီ"
ဖိုးသစ် စကားဆုံးတာနဲ့ တိုက်ဆိုင်စွာပင် မနက်စာသွားဝယ်ရာမှ ပြန်လာကြသည့် အဖွဲ့ဝင်တွေက ကျောင်းဝင်းထဲ ဝင်လာကြသည်။ ထိုအဖွဲ့ဝင်တွေရဲ့ နောက်ဆုံးနားမှာ ကပ်လိုက်လာသည့် နေဥက္ကာမင်းက အိမ်နေရင်းတီရှပ်နှင့် ပုဆိုးကွက်စိပ်ကို ဝတ်ထားပြီး စာကြည့်မျက်မှန်ကိုလည်း တပ်လို့ထားသေးသည်။ ပုံမသွင်းထားသည့် ဆံပင်ပွယောင်းယောင်းက ဘုတ်သိုက်ကြီးဖြစ်မနေပဲ မြင်နေကျ လှန်တင်ထားသည့်ဆံပင်တွေနှင့် တမူကွဲပြားကာ ကြည့်လို့ပင်ကောင်းနေသေးသည်။
BẠN ĐANG ĐỌC
Golden Hour
Lãng mạnGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...