Unicode
ပထမစာသင်နှစ် ပြီးသွားတော့ ကျောင်းက ပိတ်သွားပြီ ဖြစ်သည်
အရင်လို ကျောင်းရှေ့ကို ကျောင်းဆင်းချိန် တစ်ခေါက် ကျောင်းမတက်ခင် တစ်ခေါက်မသွားရတော့ စတူဒီယိုနှင့် ကွန်ဒို ကွန်ဒိုနှင့် စတူဒီယို နှစ်ခုကိုပဲ ကူးချည်သန်းချည်
မျက်နှာလေးမမြင်ရတော့ အလုပ်လုပ်လည်း ဘယ်လိုမှစိတ်မပါတာမို့ စတူဒီယိုကို ခဏပိတ်ထားလိုက်သည်ကြောင့် အရင်ကထက် ပိုပြီးလည်း အားနေတော့ ဘေဘီ့ကို ပိုလွမ်းနေသည်
တစ်ခါတလေကျ တွေ့လိုတွေ့ညား ဘေဘီ ထိုင်နေကျ ကော်ဖီဆိုင် သွားတတ်တဲ့နေရာတွေကို သွားကြည့်ပေမယ့် အဲ့ဟာလေးက ကျောင်းပိတ်ချိန်ကို အိမ်ထဲမှာပဲ ပျော်ရွှင်စွာ ကုန်ဆုံးနေသည်လားမသိပါ
ဘယ်တော့သွားသွား လူမပြောနှင့် အရိပ်လေးတောင်မတွေ့
စာပို့တိုင်းလည်း ဝင်သာဖတ်ပြီး ဘာမှပြန်မဖြေ.. အဲ့ဟာလေး တကယ်နေနိုင်လွန်းနေတာ..
လေလေး တချွန်ချွန် လက်ညှိုးဖြင့် ကားသော့ကို တရမ်းရမ်းလုပ်ရင်း အိမ်ထဲက ထွက်ခဲ့လိုက်သည်
ဒယ်ဒီက မနေ့ညက ဖုန်းဆက်ပြီး ခေါ်ထားတာကြောင့်ရော မရောက်ဖြစ်တာ တော်တော်လည်း ကြာပြီ ဖြစ်တာကြောင့်ရော ဒီနေ့တော့ရောက်အောင် သွားရမည်
ဘေဘီ့ဆီကျ မနက်တစ်ခေါက် ညနေတစ်ခေါက် ချောင်းပေါက်မတတ်ရောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာသည့် ဒယ်ဒီ့ဆီကိုတော့ တစ်လနေလို့ တစ်ခေါက်တောင် မရောက်သည့် Jeon Jungkook ရဲ့ အဖြစ်ရယ်
ကိုယ့်အခြေအနေ ကိုယ်ပြန်စဉ်းစားကို ခေါင်းကိုခါယမ်းကာ မထိမရိ ပြုံးလိုက်မိသည်
ဒယ်ဒီ့သားက ဒယ်ဒီ့ကို မတွေ့ရ မမြင်ရလည်း နေနိုင်ပေမဲ့ ဟိုဟာလေးကိုကျ မတွေ့ရ မမြင်ရရင် မနေနိုင်ဖြစ်နေသည်
အခုတောင် မျက်နှာလေး မမြင်ရတာ ရက်တော်တော်ကြာပြီ ဖြစ်သည်
စဉ်းစားနေရင်းပင် ခပ်စိပ်စိပ် မျက်တောင်ရှည်ရှည်လေးတွေ ခပ်လှလှ မျက်လုံးလေးတွေ ခပ်ညိုညို မျက်ဝန်းလေးတွေ ခပ်ရဲရဲ နှုတ်ခမ်းပါးလေးတွေ ရှက်သွေးဖြာသွားချိန်ဆို ရဲခနဲ ရဲခနဲ ဖြစ်သွားသည့် ပါးပြင်လေးတွေ နားရွက်ထိပ်လေးတွေကို မြင်ယောင်လာသည်
