အပိုင်း(၃)

119 7 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ဖြူသခင်သည်သခင်ကြီးဆိုသူနှင့်တွေ့အပြီးအပြန်လမ်းတွင်အခန်းသို့ပြန်ရန်ပန်းခြံအားဖြတ်သွားရလေသည်။

စံအိမ်တော်ရှိပန်းခြံထက်တွင်ပန်းမျိုးစုံ၊သစ်ပင်ပန်းမန်မျိုးစုံစိုက်ပျိုးထားသည်။သေချာနေရာစည်းချကာသူ့နေရာနှင့်သူ၊သူ့အမျိုးစားနှင့်သူခွဲထားပြီးပန်းခြံအတွက်အလုပ်သမားသီးသန့်ထားရှိထားသည်။

ရှားပါးမျိုးစိတ်ဖြစ်သည့်ပန်းပင်များကိုလည်းစိုက်ပျိုးထားသကဲ့သို့ပန်းအိုးများကိုလည်းသူ့အပင်မျိုးစိတ်နှင့်သူပင်သေသပ်လှပစွာစိုက်ပျိုးထားသေးသည်။စံပယ်မျိုးစိတ်ကြီးများ၊ရွှေသပြေမျိုးစိတ်များ၊ရွက်လှပန်းမျိုးကိုလည်းသူ့အကန့်နှင့်သူသေချာပျိုးထောင်ထားသည်။

ဤစံအိမ်တော်ပိုင်ရှင်၏ပိုင်ဆိုင်မှုမည်မျှရှိမည်အားသူသေချာခန့်မှန်းမတက်။လူတစ်ယောက်သည်ထိုမျှထိချမ်းသာနိုင်သည်တဲ့လား။မည်သည့်အလုပ်ဖြင့်လုပ်ကိုင်စားသောက်၍အဆုံးမသတ်နိုင်လောက်အောင်ပင်ဥစ္စာပစ္စည်းကြွယ်ဝနေရပါသနည်း။

ဒိန်!!

ခလွမ်း!!

ဖြူသခင်မှပန်းခြံနားကဖြတ်သွားစဉ်ရုတ်တရက်ဖန်ခွက်ကွဲသံကြားလိုက်ရသဖြင့်ရှေ့လှမ်းနေသည့်သူ၏ခြေလှမ်းအားအလိုလိုပင်ရပ်တန့်မိသွားသည်။ပြီးနောက်အနားတွင်ရပ်နေသည့်အစေခံမလေး၂ယောက်အားမေးလိုက်သည်။

""ခွက်ကွဲသံကြားလိုက်သလိုပဲ""

ထိုသို့ဆိုနေရင်းကဖြူသခင်သည်တစ်စုံတစ်ခုအားတွေ့သွားဟန်ထင်သည်။သူသည်ထိုနေရာသို့ခြေလှမ်းခပ်ကျဲကျဲလှမ်းချလိုက်သည်။

သူနှင့်မနီးမဝေးတွင်မြင်နေရသည့်မြင်ကွင်းမှာလူတစ်ယောက်သည်ဒေါသတကြီးဖြစ်ကာ သူ့အားခါးကျိုးမတက်ဦးညွတ်ချနေသည့်အစေခံမိန်းကလေးနှစ်ယောက်အားဆူပူကျိန်းမောင်းနေဟန်ပင်။

ထိုသူအားခပ်လှမ်းလှမ်းအနေထားမှမြင်နေရသော်လည်းရုပ်ရည်မှာသခင်ကြီးဆိုသူနှင့်ဆင်တူသည်။မသိလျှင်သခင်ကြီး၏ဒုတိယကိုယ်ပွားကဲ့သို့ပင်။ဝှီးချဲပေါ်တွင်ထိုင်နေပြီးထိုသူ၏ဒူးခေါင်းပိုင်းအားခြုံထည်အထူဖြင့်ဖုံးအုပ်လွှမ်းခြုံထားသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now