Chapter 43

1.2K 160 20
                                    

Unicode

အခန်း {၄၃}

ညီအစ်ကိုတွေ ဆုံတွေ့ပြီ

ကန်းလင်နန်းတော်။

ကျူ့ယွင်ရွှမ်းသည်ကား သလွန်တော်ထက်ထက်နေပြီး မကြာမကြာ ထောင့်စွန်းရှိ အနောက်တိုင်းနာရီစင်ကိုကြည့်ကာ ထိုင်မရထမရနှင့် ဂနာမငြိမ်ဖြစ်နေလေသည်။

နန်းဆောင်အပြင်ဘက်ရှိ ကောင်းအန်း၏အသံမှာ ပျံ့လွင့်လာ၏။

"မြို့စားအရှင် ဒီဘက်ကို ကြွပါခင်ဗျ။"

ကျူ့ယွင်ရွှမ်း ရုတ်ချည်း ထရပ်လိုက်ပြီး နှလုံးခုန်သံတွေမှာမူ လည်ချောင်းကို ဆန်တက်တော့မယောင်။ ကောင်းအန်းသည် ကန့်လန့်ကာကိုကွေ့ဝိုက်ပြီး သူ့ရှေ့မှာ ပေါ်လာလေသည်။

ကျူ့ယွင်ရွှမ်းမှာ ခဲဆွဲထားသလို မျက်လုံးများပြူးကျယ်သွား၏။ မျက်စိရှေ့က ပြုံးလျက်လျှောက်လာနေသည့် ကျူ့ယွင်ကျင်ကို မျက်တောင်မခတ်တမ်းကြည့်နေလေသည်။ ကျူ့ယွင်ကျင်သည် သူ့ရှေ့ရောက်လာပြီး လက်မြှောက်လိုက်ကာ သူ့ပုခုံးကိုဖွဖွလေးပုတ်လာ၏။

"အားရွှမ်းလေး ကြီးလာပြီပဲ။"

သူမြို့တော်ကနေ ထွက်သွားချိန်တုန်းက သူ့ထက်ခေါင်းတစ်လုံးစာနိမ့်တဲ့ ညီတော်လေးဟာ ယခုတော့ သူနှင့်တန်းတူပင်ဖြစ်ချေပါရော။

ကျူ့ယွင်ရွှမ်းမှာ ချက်ချင်းဆိုသလို မျက်လုံးများနီရဲ‌လာပြီး ရှိုက်သံလေးထွက်ပေါ်လာတော့သည်။

"အစ်ကိုတော်......."

ကျူ့ယွင်ကျင် သက်ပြင်းချလိုက်ကာ.....

"ပြည့်ရှင်မင်းတောင်ဖြစ်နေပြီကို ဘာလို့ဒီလောက် အငိုသန်လေးဖြစ်နေရတာတုန်း။ အပြင်လူတွေသာမြင်ရင် ရာဇဣန္ဒြေညှိုးနွမ်းတော့မှာပဲကွာ။"

အဆုံးမှာ ကျူ့ယွင်ရွှမ်း အသိစိတ်ပြန်ဝင်လာပြီး အပြေးလာကာ ကျူ့ယွင်ကျင်ကို ခပ်တင်းတင်းပွေ့ဖက်လိုက်ပြီး ရှိုက်ကြီးတငင်ငိုလေသည်။

"အစ်ကိုတော် နောက်ဆုံးတော့ မင်းပြန်လာပြီ......"

ဆယ့်ငါးမိနစ်ကြာပြီးနောက် လက်ဖက်ရည်ကြမ်းနှင့် အချိုပွဲလာချပေးပြီး ကောင်းအန်းသည် နန်းတွင်းသူအားလုံးကို ဦးဆောင်ကာ ဆုတ်ခွာသွား၏။ ညီအစ်ကိုနှစ်ယောက်မှာ သလွန်တော်ထက်ထိုင်နေပြီး အပြန်အလှန်စိုက်ကြည့်နေကြကာ ပြောစရာစကားတွေအများကြီးရှိသော်ငြား ဘယ်ကစပြောလို့ ပြောရမှန်းမသိပါချေ။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now