Chapter 61

2.5K 197 17
                                    

Unicode

အခန်း {၆၁}

ဖေဖေပါပဲ


အာရုဏ်ဦးတွင် ကျူ့ယွင်ရွှမ်း ယန့်အာကိုခေါ်လျက် ထလာသည့်အခါ အမျိုးသမီးကြီးက သင်္ဘောဝမ်းဗိုက်ထဲသို့ဝင်လာကာ မနက်စာလာပို့၏။ အစောပိုင်းက ယုန်ရုပ်ကလေးတွေ ပိုက်လျက်ဆော့ကာ ပျော်ရွှင်နေသော ယန့်အာမှာ အမျိုးသမီးကြီးကိုမြင်သည်နှင့် ကျူ့ယွင်ရွှမ်းရင်ခွင်ထဲဝင်ကာ ကိုယ်လေးကျုံ့ထားသည်က ကြောက်ရွံ့မှုတွေအတိုင်းသား။ အမျိုးသမီးကြီးသည် အနည်းငယ်အကျပ်ရိုက်သွားကာ စားစရာတွေချပေးလိုက်ပြီး တရိုတသေနှုတ်ဆက်ဂါရဝပြုပြီး အလိုက်တသိထွက်သွားလေသည်။

ကျူ့ယွင်ရွှမ်း သားရဲ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး နွေးထွေးစွာနှစ်သိမ့်ပေး၏။

“‌ဖေဖေရှိတယ်။ ယန့်အာမကြောက်နဲ့နော်။”

ကလေးလေးက လိမ်လိမ်မာမာလေးခေါင်းညိတ်ကာ အသံသေးသေးလေးဖြင့် သူ့အားတိုင်ပြောလာသည်။

“ယန့်အာကို ဆွဲလုလာတာ ဒီဖွားဖွားကြီး။ ယန့်အာ သူ့ကိုမကြိုက်ဘူး။ ဦးဦးက ယန့်အာကို ကယ်လာပေးလို့ တော်သေးတာပေါ့။”

ကျူ့ယွင်ရွှမ်း :“……”

လျန်ကျန်းလာချိန်၌ သားဖနှစ်ယောက်သား မနက်စာစားပြီးသွားပြီပင်။ ယန့်အာက ကျူ့ယွင်ရွှမ်းရင်ခွင်ထဲ ထိုင်နေပြီး ယုန်လေးတွေကိုတစ်ခုချင်းလိုက်ကလိနေ၏။ ကျူယွင်ရွှမ်းမှာမူ ညောင်စောင်းထက်မှီထိုင်နေကာ ပြတင်းပေါက်အပြင်ကိုကြည့်နေသည့် မျက်လုံးတွေကဗလာကျင်းနေပြီး ဘာတွေစဉ်းစားနေမှန်းမသိ။

လှုပ်ရှားသံကိုကြားပြီး ယန့်အာက အရင်ခေါင်းလေးမော့လာကာ လျန်ကျန်းကိုမြင်သည်နှင့် မျက်ဝန်းအစုံကတောက်ပသွားပြီး အသံစွာစွာလေးနှင့် သူ့ကိုခေါ်လေ၏။

“မင်္ဂလာပါ ဦးဦး!”

လျန်ကျန်း ညောင်စောင်းထက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ရယ်ရင်း လက်ဆန့်ကာ ပေါက်စလေးရဲ့နှာခေါင်းလေးကိုညှစ်လိုက်သည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now