Chapter 51

1.5K 205 33
                                    

Unicode

အခန်း {၅၁}

ဘုရင်မင်းမြတ် တိုင်းခန်းလှည့်ခြင်း


ကျင်ရွေ့ ဆဌမနှစ်၊ နွေဦး ပထမလ ရှင်းချိုနှစ်တွင်ဖြစ်သည်။

မီးပုံးပွဲတော်အပြီး တစ်နေ့နဲ့တစ်နေ့ ရာသီဥတုပူနွေးလာကာ နွေဦးရဲ့‌နေရောင်ခြည်အောက်မှာ ချိုးရေတော်သုံးလျက် တောင်ပိုင်းသို့တိုင်းခန်းလှည့်ရန် မြို့တော်မှထွက်ခွာ၏။ ငွေအင်အားလူအင်အားကို ချွေတာရန်အလို့ငှာ တစ်လမ်းလုံး အရိုးရှင်းဆုံးနှင့်သာ ခရီးနှင်ခဲ့ကြပြီး လဝက်အကြာ၌ ယွိကျိုးသို့ရောက်ရှိလေသည်။

ဘုရင်မင်းမြတ်သည် မြစ်ကြောင်းအခြေအနေစောင့်ကြည့်ရန် ဤနေရာတွင် သုံးရက်နားခိုမည်ဖြစ်ကြောင်း မိန့်တော်မူ၏။

မူလတိုင်းခန်းလှည့်မည့်လမ်းကြောင်းမှာ ယွိကျိုးကို ဖြတ်ရန်မလိုပေ။ ကျူ့ယွင်ရွှမ်း အထူးတလှယ်လာရခြင်းက မြစ်လမ်းကြောင်းပြောင်းတဲ့ စီမံကိန်းဆောင်ရွက်နေတာ သုံးနှစ်ကျော်ပြီဖြစ်ရာ ကိုယ်တိုင်မျက်စိနှင့်တပ်အပ်ကြည့်ဖို့ပင်။

မြစ်ကြောင်းထက် တောက်လျှောက်အလုပ်များနေသော အုပ်ချုပ်ရေးမှူးကျိုးကျန်ဟာ အလျင်စလိုခရီးဦးကြို၏။ အရာရှိဝတ်ရုံထက်မှာလည်း ဘယ်ကတည်းကရွှံ့ထဲနစ်လာလည်းမသိ။ သို့သော် ဤသည်က ဘုရင်မင်းမြတ်ရှေ့တော်မှောက်၌ ရိုင်းပျသည့်အမူအကျင့်ပေလော။ အတွင်းဝန်အရာရှိတစ်ဦးက တရားချရန်ပါးစပ်ဟလိုက်သော် ကျူ့ယွင်ရွှမ်းက အသာဖြတ်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ အရာရှိကျိုး သတိချပ်တယ်ဆိုတာရှားတယ်။ နေ့တိုင်း မြစ်ရေကာတာပေါ်မှာ ကိုယ်တိုင်ကြီးကြပ်နေရတာလေ ကိုယ်တော် သူ့ကိုချီးမြှောက်သင့်တာပေါ့။"

ကျိုးကျန်သည်ကား မျက်နှာအရေထူစွာ ရယ်ဖြဲဖြဲပြောလေ၏။

"အရှင်မင်းကြီး ချီးမွန်းလွန်းနေပါပြီ။ ကျွန်တော်မျိုး မခံယူဝံ့ပါဘူး။ ကျွန်တော်မျိုး လုပ်သင့်လုပ်ထိုက်တဲ့အရာပါပဲ။"

"သွားရအောင်။ ကိုယ်တော့်ကို ကြည့်ဖို့ခေါ်သွားပေးပါဦး။"

သူတို့လာကြည့်သည့် ကဏ္ဍကမြစ်ကြောင်းအတွက် အသစ်တည်ဆောက်ထားသည့် ရေကာတာပင်ဖြစ်သည်။ ရေကာတာထက်တွင် ကြံ့ခိုင်သန်မာသောလူငယ်များမှာ နေရာတိုင်းလိုလို အားသွန်ခွန်စိုက်အလုပ်လုပ်နေကြ၏။ ဒုတိယလအစ ဆောင်းရာသီနှောင်းပိုင်းဖြစ်သော်ငြား ဤနေရာတွင် ပျားပန်းခပ်လှုပ်ရှားနေသည့်မြင်ကွင်းတစ်ခုပမာ။ ကျူ့ယွင်ရွှမ်း အလုပ်ပန်းပေမဲ့ ပင်ပန်းဖျားနာခြင်းမရှိသည့် ထိူလူတွေအား အကဲခတ်ကြည့်နေ၏။ လူအများစုက အရပ်မြင့်မြင့်၊ ခွန်အားပြည့်ဝပြီး အတော်လေးစိတ်ဓာတ်တက်ကြွကြသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now