For Unicode
အထက်ပါ အဖြစ်ပျက်များကြောင့် အူစီလုံးရဲ့ လတ်တလော အခြေအနေဟာ သိပ်မကောင်းလှ။
ဘာကိုမှလည်း အာရုံစိုက်လို့ မရတော့ပဲ နေ့မအား ညမနား သူ့ရင်ထဲက အမည်ဖော် ဖို့ခက်နေတဲ့တစ်စုံ တစ်ခုရဲ့ ဖိအားကို ခံစားနေရကာ
စိတ်တွေရှုပ်ထွေးနေရသည်။ပိုဆိုးတာက ရှင်းယံ သူ့ကို သဘောကျနေသေးရဲ့လား ဆိုတာ မသေချာတော့တာပဲ။ လမ်းတွေ့လို့ပြုံးပြတာကလွဲရင် ဘယ်လိုသော နီးကပ်မှုမှကို မရှိတော့တဲ့ အခြေအနေမှာ ဘယ်ကဘယ်လိုစပြီး သူ့ခံစားချက်တွေကို အဖြေရှာရမလဲပင် မသိတော့ပါချေ။
" ငိုင်နေလိုက်တာ ဖေ့သားရာ ...ညနေဝိုင်းရှိတယ် သွားမလား "
" တော်ပြီ ဒီတစ်ခေါက် ခံ၀န်မိရင် ဘယ်အဖေမှ ဆင်းမကယ်နိုင်ဘူး "
ကျော်ရှိန်၀င်းထက်က ထောက်ခံသလို ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထိုင်နေသော အူစီလုံးရဲ့ ပေါင်ပေါ် သူ၏ ကျောပိုးအိတ်ကို တင်ကာ လှဲလျောင်းတယ်။
ကျောင်းရဲ့ တမာပင်ကို ဝိုက်ကာ ဆောက်ထားတဲ့ အုတ်ခုံဝိုင်းဟာ အရိပ်ရပြီး အေးမြတာကြောင့် နားချိန်ဆို ဒီမှာ ထိုင်နေရတာကိုက အပန်းဖြေနည်းလေးတစ်မျိုးပင်။
" ဟေ့ကောင် မင်း၀က်ခြံပေါက်နေတယ်"
ကျော်ရှိန်ရဲ့ မျက်နှာကို ငုံ့ကြည့်ရင်း နှဖူးက နီရဲနေတဲ့ အဖုကို လက်ညိုးဖြင့် သွားထိုးတော့ အား ခနဲ အော်ပြီး လက်ကိုရိုက်ချတယ်။
" နာတယ် ခွေးရ။ ငြိမ်ငြိမ်နေ လက်က "
" ငါ့မျက်နှာကျ ၀င်းမွတ်သရွတ် နေတာ ပဲကွာ။ ကုသိုလ်ကံပေါ့နော် "
" ဒီ ဖေ "
ကျော်ရှိန်က အူလုံးရဲ့ ဆံပင်ကို အိပ်ရင်းနဲ့ပဲ လှမ်းဆွဲကာ ယမ်းဖို့လုပ်နေတာကြောင့် ရှောင်ရင်းတိမ်းရင်းနဲ့ ပဲ အာခေါင်ခြစ်ရယ်သံတွေညံစီ သွားတယ်။
ထိုအခိုက်...
" ရွှေသားငယ် "
" ဟင် "
ဆတ်ခနဲ ခုံပေါ်က ဆင်းကာ ထရပ်မိသွားတာကြောင့် သူ့ပေါင်ပေါင်က ကျောပိုးအိတ်နဲ့အတူ ကျော်ရှိန်၀င်းထက်ရဲ့ ခေါင်းကလဲ အုတ်ခုံပေါ် အရှိန်ပြင်းပြင်း ဆောင့်ကျ သွားတယ်။