For Unicode
" အစ်ကိုရဝေရှင်းယံ "
" ဗျာ "
အူလုံးကို စောင့်ရင်း သူတို့ဌာနရှေ့က ခုံပေါ် စာကြည့်တိုက်က ငှားလာသော ၀တ္တုတစ်အုပ်ကို ဖတ်နေသော ရှင်းယံ သည် အနည်းငယ် ပျော့ပြောင်းနူးညံ့သော ခေါ်သံကြောင့် အလိုလို ထူးမိသွားပြီးမှ အသံရှင်ကို ကြည့်လိုက်ရ၏။
မိန်းကလေးတစ်ယောက်က သူ့ရှေ့တွင် ရှိနေကာ လုံး၀ကို မမြင်ဖူးလေသော မျက်နှာစိမ်းတစ်ယောက်ဆိုတာတော့ သေချာသည်။
" ဟို အဲ့စာအုပ်လေး ဖတ်ပြီးရင် အေမီ့ကို ငှားလို့ ရလား လို့ပါ "
" အာ...ဒါ ကျွန်တော် စာကြည့်တိုက်က ငှားလာတာ။ မနက်ဖြန်ပြန်အပ်ရင်တော့ စာကြည့်တိုက်မှာ သွားငှားလို့ ရပါတယ် "
" အေမီ စာကြည့်တိုက်ကဒ်က မလုပ်ရသေးဘူး ခုမှစတက်တာမို့"
အနှီကောင်မလေးက သူမ ဖရက်ရှာ လေးဖြစ်ကြောင်း မသိမသာ ပြောသွားလေရာ ရှင်းယံမှာ ပို၍ပင် စိတ်ရှုပ်သွားရသည်။
သူ့နာမည်ကို သိနေသည့်အပြင် ဤသို့ တရင်းတနှီး စကားလာပြောရသည်အထိ ခင်မင်ရင်းစွဲ ရှိမရှိကို ပြန်စဉ်းစားနေ၍ အတော်ကြာ တိတ်ဆိတ် နေသည့် ရှင်းယံကြောင့် အေမီဟူသော ကောင်မလေးကရယ်မောကာ
" ထင်ပါတယ် အစ်ကို အေမီ့ကို မမှတ်မိပါဘူးလို့ "
" အစ်ကို့ဖေဖေသူငယ်ချင်း ဦးလင်းမောင် ရဲ့ သမီး အေမီလင်းမောင် ပါ။ ငယ်ငယ်ကရော အစ်ကိုတို့ ဆိုင်သစ်ဖွင့်ပွဲ မှာရော ဆုံဖူးကြတယ် "
" အာ..."
စကားအရ အာ ဟူ၍ သိချင်ယောင် ဆောင်လိုက်ရပေမယ့် ရှင်းယံက သူမ၏ရုပ်သွင်ကို မဖမ်းမိ။ ဆိုင်သစ်ဖွင့်ပွဲတုန်းကလဲ အူစီလုံး၏ ပန်းကန်ထဲ နံနံပင်ဖယ်ပေးနေရတာနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဖြစ်ခဲ့ဘူးဆို ပိုမှန်မည်။
ဦးလင်းမောင်ကို တော့ ဖေဖေ့စီးပွားရေး ပါတနာ အဖြစ် သူသိပါသည် အရင်းနှီးကြီးတော့ မဟုတ်။" ညီမလေးလဲ အာခီ ပဲလား "
" ဟုတ်တယ် အစ်ကို။ ခု ပြန်မလို့ လုပ်နေရင်း အစ်ကို့ကို တွေ့တာနဲ့ လာစတာ။ စီနီယာကြီးဆိုတော့ ညီမကို ဂရုစိုက်ပေးပါဦးနော် "