For Unicode
စားပွဲခုံပေါ်လက်ထောက်ကာ တမင်ချိုအီအောင်လုပ်ယူထားတဲ့ မျက်နှာထားနဲ့ အူစီလုံးကို ကြည့်ရင်း ကျော်ရှိန် သူ့ရှေ့က ပရီမီယာကော်ဖီကို ရှုတည်တည်ပဲ ကောက်မော့လိုက်တယ်။
" ငါတကယ် တကယ့်ကို မေ့ သွားလို့ပါကွာ"
အူစီလုံးက နောက်တစ်ခါအယူခံ၀င်တယ်။ မျက်တောင်လေးတွေ ဖျတ်ဖျတ်ခါရင်း ပြောနေတဲ့ ဒင်းဥပဓိက ချစ်ဖို့ကောင်းပေမယ့် ကျော်ရှိန့်အတွက်တော့အလုပ်မဖြစ်ဘူးလေ။
" ဟေ့ကောင် မင်းကွာ ဒီလောက် စိတ်ကောက်တတ်ရတယ်လို့ ယောင်္ကျားကြီးဖြစ်ပြီး "
" _ီးလား။ ဟိုတစ်ခေါက် ဖဲကြွေးတောင်းမိလို့ တစ်ပါတ်လောက် မခေါ်နိုင် မပြောနိုင်ကောက်တာ ဘယ်က ခွေးဝဲစား လဲ "
သူ့အကြောင်းသူသိတဲ့ အူစီလုံးက ဇက်ကလေး ပု၀င်သွားတယ်။ ပြီးတော့ တဟီးဟီး ထရယ်တာမို့ နဂိုကတည်းက ရယ်ချင်နေတဲ့ ကျော်ရှိန်လဲ အလိုလို လိုက်ရယ်မိတယ်။
ဒီငနာလေးက ကြာကြာကိုစိတ်ဆိုးလို့မရ။" ဒီ ညနေ လိုက်ခဲ့လို့ရတယ် အတည် အခုငါ့ဆိုင်ကယ်နောက်ကို ဖွေးဖွေး လိုက်မယ်ဆိုရင်တောင် မင်းကိုပဲ တင်မှာ "
" တော်စမ်းပါ။ မင်း လင် တွေ့ရင် အကုန်မေ့တာများ "
အူစီလုံးမျက်နှာက ချက်ချင်း ရဲ တတ်သွားပြီး စားပွဲ ခုံကို ဝုန်းခနဲ ထထုတယ်။
" ဘာ ဘာ မင်း လင် လဲ ။ စကားကို ကြည့်ပြော နွား ရ "
ဒီတစ်ခါကြောင်သွားရတာက ကျော်ရှိန်ပင်။ မင်းလင် ငါ့လင် ဆိုတာ ဖဲဝိုင်း ဖြစ်ဖြစ် ကန်တင်းမှာ ဖြစ်ဖြစ် အချင်းချင်းစနောက် နေကြစကားပဲကို။ အခုမှ ဘာတွေ ရှက်ရမ်းလာရမ်းနေတယ် မသိ။
" ဟ ငါက ရိုးရိုးပြောတာ မင်းဟာ မင်း အတည်ထင်နေရင်တော့ မပြောတတ်ဘူး"
အူစီလုံးက ကပျာကယာ နဲ့ ထရပ်ကာ ကျော်ရှိန့်ကို တစ်ခုခုပြောမည့်ပုံ ဖမ်းလိုက်ပြီး နောက်မှ အတင်းပြန်ထိန်းလိုက်ရသည့်ဟန်ဖြင့် ဆိုင်ထဲကနေ ထွက်သွားတော့တယ်။
" ဟေ့ကောင် အူစီလုံး!! ပဲကိတ်ဖိုးရှင်းသွားလေ"
ဇက်တောက် ဇက်တောက်နဲ့ ထွက်သွားသော အူစီလုံးကတော့ တစ်ချက်မှတောင် လှည့်မကြည့်။ ကျော်ရှိန် ခပ်ကြိတ်ကြိတ် ကျိန်ဆဲ ရင်းနဲ့ပဲ ငွေရှင်းဖို့ ပြင်လိုက်ရတယ်။
အပေါင်းအသင်း မှားခဲ့လေခြင်း.......။
.
.
.
.