For Unicode
အူစီလုံးက ဆိုင်ကယ်မောင်းနေရင်းကနေ မှန်ထဲကနေ ရှင်းယံကို အကဲခတ်နေပေမယ့် ဘာစကားစပြောရမယ်မှန်းမသိ။
ရှင်းယံကလဲ ခပ်တိတ်တိတ်သာ လိုက်လာကာ
အသံလေးတစ်ချက်တောင်မှပင်မပေးပါချေ။ယနေ့မှ ခပ်ပြေပြေလေး တိုက်ခတ်နေတဲ့ လေပြေရယ် တိမ်တွေအပြည့်ကွယ်ပေးထား၍ နေရောင် အပြည့်မလင်းသာနိုင်သောကြောင့် မှိုင်းမှိုင်းလေးဖြစ်နေတဲ့ ညနေခင်းရယ်က အတော်လေးကို အေးချမ်းလှပနေသည်ပြောရမည်။
သူတို့နှစ်ဦးဤအခိုက်အတန့်လေးမှာ စကားပြောသင့်သည်ဟု ယူဆမိသော ကြောင့် အူစီလုံးကပင်....
" မေမေက မေးနေတာ...မင်းတို့ အိမ်ပြောင်းသွားပြီးကတည်းက အလည်မလာလို့တဲ့ "
ရှင်းယံ က ဘာစကားမှ မပြောသေးပဲ အတော်ကြာမှ အင်း ဟု ပြောသည်။
ဒီတော့ သူလဲ ဘာဆက်ပြောရပါအံ့နည်း။ အလိုက်သင့် ခေါင်းလေးညိမ့်ကာ တိတ်ဆိတ်မှုက တဖန်ပြန်လည်ကြီးစိုးသွားပြန်သည်။" ရွှေသားငယ် "
" ဟွန် "
ရှင်းယံက သူ့ကို အူစီလုံးဟု ခေါ်နေကျအတိုင်း မခေါ်တော့ပဲ နာမည်အရင်းကို သာ ခေါ်နေတာကို သတိထားမိသည်။
ထိုနာမည်ကို အူစီလုံး မကြိုက်ကြောင်းအသိဆုံးလူက ခနခနခေါ်နေခြင်းက နည်းနည်းတော့
စိတ်ထဲ ခု ရပါ၏။" ဘာလဲ ရှင်းယံ ခေါ်ပြီးတော့ "
" ပျော်နေလား ငါမရှိပဲနဲ့ "
အူစီလုံး လန့်ပြီး ဆိုင်ကယ်တောင် ရပ်မိမလိုဖြစ်သွားရတယ်။ ဘယ်လိုစကားမျိုး ဘယ်လိုအဓိပ္ပါယ်မျိုးလဲတော့ သူသေချာမသိနိုင်ပါ။
သို့သော် ရှင်းယံ၏ ဩရှရှ အသံက ၀မ်းနည်းနေသလို ရီဝေနေတာက သူ့စိတ်ကိုလှုပ်ခတ်စေနိုင်ကတော့ အမှန်ပင်ဖြစ်၏။" မင်းကရော..မင်းလဲ ပျော်နေတာပဲကို "
" မင်းက ငါပျော်နေတယ်လို့ ထင်တာလား "
" ထင်တယ် "
အူစီလုံး တမင်ပင် ရွဲ့ဖြေပေးလိုက်သည်။
သည်တော့ ရှင်းယံက ဘာမှပြန်မပြောတော့ပါ။