Ep.4 Part.1 (Unicode)

188 10 1
                                    

Part.1 Unicode

ရဲကြီးကျောင်းမလာတာ နှစ်ရက်မြောက်သောနေ့။ ပထမကတော့ အသည်းကွဲနေတာမို့ ကျောင်းမတက်တာကိုနားလည်သည်။ သူမတို့လဲသွားချင်ပေမယ့် ဒီအချိန်မှာလွတ်ထားပေးလိုက်တာက အကောင်းဆုံးနည်းလမ်းလို့တွေးမိလို့ ဖုန်းတောင်မဆက်ဖြစ်ခဲ့။ သူငယ်ချင်းကိုမတွေ့ရတဲ့နှစ်ရက်အတွင်း လွမ်းမိတာတော့အမှန်ပဲ။ တွေ့ရင်သာ ကိုက်လိုက်ဖဲ့လိုက် ရွဲ့လိုက်စောင်းလိုက်လုပ်နေကြပေမယ့် အခုလိုရက်အကြာကြီးတော့မခွဲဖူးတာအမှန်ပဲ။ ကျောင်းတက်ရက်ဆို တပူးပူးတတွဲတွဲ ပိတ်ရက်ဆိုရင်တောင် ရဲကြီးအိမ်ကိုလူစုပြီး စာကျက်မယ်လို့ပြောပြီး စားကြသောက်ကြ ဂိမ်းဆော့ကြနဲ့ ဘယ်လောက်ပျော်စရာကောင်းလဲ။

မင်းလွင်တောင် မနေ့ကလာမေးသေးတယ်။ ရဲကြီးကျောင်းမလာဘူးလားတဲ့။ မင်းလွင့်နဲ့မေဂျာမတူလို့မတွေ့ဖြစ်ကြလို့ သတ်မထားမိတာကြောင့်လာမေး၏။ နေမကောင်းလို့ကျောင်းမတက်တာလို့ပြောတော့ မင်းလွင်ကကျောင်းမတက်ပဲ ရဲကြီးဆီကိုသွားမယ်ဆိုလို့ သူမတို့နှစ်ယောက်မှာ အသည်းအသန်တားရပါသေးတယ်။

မနက်ဖြန်ကျောင်းလာလိမ့်မယ်လို့ မရေရာမသေချာတဲ့အဖြေတစ်ခုကိုပေးလိုက်ပေမယ့် မင်းလွင်က အိမ်ကိုပဲသွားမယ်တဲ့။ သူမတို့နှစ်ယောက်တားတာကိုလက်မခံ။
ဒါနဲ့ပဲ မင်းလွင်ကိုမေးရတော့တယ်။

" မင်းလွင် နင်ရဲကြီးကိုများကြိုက်နေသလား။ "

မင်းလွင်ခေါင်းငိုက်စိုက်ကာ ဘာမှပြန်မပြောပဲငြိမ်နေတယ်။ မင်းလွင်ဆိုတာ ယောကျ်ားလေးသူငယ်ချင်းတွေအများကြီးရှိတယ်။ မင်းလွင်ရယ် သူမတို့နှစ်ယောက်ရယ် ရဲကြီးရယ်က ငယ်ပေါင်းကြီးဖော်တွေဆိုပေမယ့် မင်းလွင်ရဲ့အပြုအမူတွေကို သတိထားမိတာကြာနေခဲ့ပြီ။
ဒီအတိုင်းသူငယ်ချင်းတစ်ယောက်က ဂရုစိုက်တယ်လို့သူမတို့ထင်ခဲ့တာ။ မင်းလွင့်မွေးနေ့မရောက်ခင်အချိန်ထိပေါ့။

ဖူးပွင့်အဲ့နေ့ကမှ သတိမထားမိပါပဲ မြင်တွေ့ရတဲ့မြင်ကွင်းတစ်ခုကြောင့် အခုလိုမေးရတာ။

မွေးနေ့ပွဲညက...

အခန်းထဲရှိလူရှိအကုန် အော်ကျဟစ်ကျနဲ့ သောကခစားပျော်ပါးနေကြတယ်။ ရဲကြီးကမျက်နှာဆူပုတ်စွာနဲ့ရောက်လာပြီး ရှေ့ကငှဲ့ထားတဲ့ခွက်ကိုယူကာမော့သောက်လိုက်တဲ့ ရဲရင့်ရောင်။ အမှန်ကမင်းလွင်အတွက်ဆိုပြီး အားလုံးလုပ်ကြံထားတဲ့ အပြင်းစားအရက်ခွက်ဆိုပိုမှန်လိမ့်မယ်။ ဒါကိုမသိပဲမော့သောက်လိုက်တဲ့ရဲကြီး။ တစ်ခွက်ဆိုတစ်ခွက်သိသာလွန်းတဲ့ အပြင်းစားအရက်ကြောင့်ရယ် တစ်ခွက်ပြီးတစ်ခွက်မော့သောက်နေတဲ့ ရဲကြီး။ အဲ့လိုပဲ ရဲရင့်ရောင်ရောက်မလာသေးလို့ဆိုပြီး ကိတ်တောင်မီးမထွန်းသေးတဲ့မင်းလွင်။ ဖင်ဂနာမငြိမ်တဲ့မင်းလွင်ဟာ ဖုန်းနာရီကိုတကြည့်ကြည့်နဲ့ ဖုန်းခေါ်မယ်ဆိုတာအကြိမ်ကြိမ်။ အဲ့ကတည်းက မင်းလွင်ရဲ့စိတ်ကိုအနည်းအကျဥ်းသိမိတဲ့သူမတို့နှစ်ယောက်။ကိတ်ခွဲတာကလွဲလို့ ကျန်တာအကုန်လုပ်ခွင့်ပြုနေတဲ့ မင်းလွင်။

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now