" အကို "
" ဟင် "
" ရိုလာကိုစတာစီးရအောင်။ "
" ကိုယ် ကိုယ်မစီးတော့ဘူးကလေး။ "
ရိုလာကိုစတာနားရောက်တော့ ကလေးကလက်ညိုးထိုးကာ စီးရအောင်ပြောလာတယ်။ ဒီလောက်အမြင့်ကြီးကျ တိမ်ညိုမင်းမစီးရဲပါ။ သူကအမြင့်ကြောက်တယ်။ ကလေးကို အမြင့်ကြောက်တယ်လို့ပြောပြီး မစီးရဲဘူးဆိုရင်လဲ ကလေးက ရယ်အုံးမယ်။ တိမ်ညိုမင်းအရှက်ပြေ ကိုယ်ဟန်ဖို့လဲ မစီးချင်ဘူးလို့ ငြင်းချက်ပေးလိုက်တယ်။
" အကိုစီးရမှာကြောက်လို့မလား။ "
" မကြောက်ပါဘူးနော်။ အကိုကကြောက်စရာလား။ "
ကလေးကသူ့ကိုမယုံကြည်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာပြီး ကြောက်လားလို့မေးတော့ မကြောက်ဘူးလို့ပြန်ဖြေမိတယ်။
" မကြောက်ရင်အတူတူစီးမယ်လေဗျာ။ အကိုမှအတူမစီးရင် ကျွန်တော်တစ်ယောက်ထဲစီးရတော့မှာ ဘယ်ပျော်စရာကောင်းမလဲဗျ။ "
" ကလေးပဲစီးပါပျော်စရာကောင်းမယ့်ပုံပါ။ "
" အကိုတကယ်အတူလိုက်မစီးပေးဘူးလား။ "
ကလေးကငိုမဲ့မဲ့မျက်နှာလေးနဲ့ပြောလာတဲ့အခါ တိမ်ညိုမင်းမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ သူသာထပ်ငြင်းမယ်ဆို ကလေးကငိုတော့မယ်ဆိုတာ ကလေးမျက်နှာမှာအထင်းသားပေါ်နေတာလေ။
" ငိုတော့မငိုပါနဲ့ကလေးရာ။ လူတွေအများကြီးကြည့်နေကျတာလေ။ ကလေးမရှက်ဘူးလား။ ဟိုမှာကြည့်လိုက် ကလေးတွေက ကလေးကိုကြည့်ပြီးရယ်နေကြတယ်။ တွေ့လား။ "
" ကြည့်ပါစေပေါ့။ မရှက်ပါဘူး။ အကိုမလိုက်ရ အာပြဲကြီးနဲ့အော်ငိုမှာ။ "
ကလေးက သူ့ကိုခြိမ်းခြောက်နေတော့ သူ့မှာရယ်မိပါသေးတယ်။ ကလေးကလေ တကယ့်မလွယ်တဲ့ကောင်လေးလို့တွေးမိတယ်။ ကလေးတွေကြည့်နေတယ်လို့ပြောတာတောင် မရှက်ဘူးတဲ့။ သူဘာသာကြည့်နေတာ ကြည့်ကြည့်ဆိုပဲ။ ကလေးကလေ အဲ့လိုလေးစွာနေကိုယ်က အသည်းတယားယားနဲ့ သူ့မှာကြွေနေရတာ ချစ်နေရတာ။
" ဟုတ်ပါပြီဗျာ။ ကလေးသဘော။ သဘောဟုတ်ပြီလား။ "
" ဟေး..."