အခန်း-၃

146 4 1
                                    

အခန်း-၃

ကျွန်တော် ညအိပ်ယာဝင်တော့ ကျွန်တော်ဘဝကိုကျွန်တော် အထီးကျန်ဆန်နေသလိုလို ခံစားရတယ်။ ဘာကြောင့် ဒီခံစားချက်တွေ မကြာခဏ လာရောက်ဖြစ်တည်နေရသလဲဆိုတာ ကျွန်တော်တော့ မစဉ်းစားတတ်အောင်ပါပဲ။
မကြာသေးခင်က ဖတ်မယ်လို့ ယူထုတ်လာမိတဲ့ စာအုပ်အနွမ်းလေးက ကုတင်ဘေးက စားပွဲတင်ခုံမှာ ရှိနေခဲ့တယ်။

Sep18.2009
ဒီနေ့ မှာ "မ"ဆိုတဲ့ မိန်းမတစ်ယောက်က အဖြေပေးခဲ့တဲ့နေ့ ပေါ့။
အမှန်တကယ်တော့ အဲဒါဟာ သူ ကျွန်တော်ကို
လွမ်းဆွတ်ခြင်း ဒဏ်ရာတွေနဲ့ အဆိပ်ခတ်ချန်ထာခဲ့တာပါ။
"မ" ရဲ့ အမည်နာမကိုရေရွတ်ကြည့်မိတိုင်းမှာ ကျွန်တော်ရဲ့ အောင့်သက်သက်အတွေးတွေနဲ့ ပြန်နာကျင်ရပြန်တယ်။ ဝေဒနာ ဒဏ်ရာတောထဲမှာ ကျွန်တော်ဟာ အလူးအလဲပဲပေါ့။
ဒီလိုအဖြစ်မျိုးတွေ ကျွန်တော်မလိုချင်ဘူး။
ဒါပေမယ့် လွမ်းစရာက လွမ်းစရာကောင်းနေဦးမှာပဲပေါ့။
အဲဒီလို လွမ်းဆွေးမူကို ကျွန်တော် ခင်တွယ်ပိုက်ထွေးထားခဲ့တယ်။
ဒါဟာ ကျွန်တော် ကြိတ်ပြီး စိုက်ပျိုးနေမိတဲ့ အလွမ်းဝေဒနာ ဝါးရုံတောကြီးပေါ့။ ဟုတ်တယ်။ မ နဲ့ ပတ်သက်ပြီး ကျွန်တော် ကဗျာတွေလည်း အများကြီးရေးဖြစ်ခဲ့ပါတယ်။ လတ်လတ်ဆတ်ဆတ်ဒဏ်ရာတွေနဲ့ ပေါ့။
လူတွေကတော့ ကျွန်တော် "မ" နဲ့ ပတ်သက်ပြီး ရူးသွပ်နေတဲ့ လူတစ်ယောက်လို့  မြင်ကြမှာပါပဲ။ တကယ်လည်း ကျွန်တော် အလွမ်းတွေနဲ့ အထီးကျန်စွာ ရူးသွပ်နေခဲ့ရတာပါ။ စိတ်ချလက်ချအိပ်မပျော်တဲ့ ညတွေလည်း များခဲ့တယ်။
"မ" ကိုယ်တိုင်က နင် ငါ့ကိုစိတ်မနာဘူးလားလို့  မေးတဲ့အခါ ကျွန်တော် ဘာကြောင့်များ စိတ်နာတယ်လို့ ရဲရဲတင်းတင်း ဝန်ခံခဲ့မိတာကိုလည်း ကျွန်တော်ခုထိ နောင်တရနေမိတယ်။ ခုချိန်ထိပေါ့။
ဘယ်အခါကမှ "မ"အပေါ် ကျွန်တော် စိတ်မနာခဲ့မိပါဘူး" မ" ရယ်။

ကျွန်တော် စာအုပ်ကို ပြန်ပိတ်လိုက်တယ်။
ပြီးတော့ ကျွန်တော်ဘေးက အမျိုးသမီးကို ကျွန်တော် အားနာစွာ ပြန်ကြည့်လိုက်မိတယ်။
သူမ ဘာကြောင့် ကျွန်တော်ဘေးနားရောက်နေတယ်ဆိုတာကို ကျွန်တော် တကြိမ်တခါမှ မစဉ်းစားခဲ့မိဘူးဖြစ်နေတယ်။

ဒါကလည်း ကျွန်တော်ရဲ့ နေ့ စဉ်လူနေမူ ဘဝထဲမှာတော့
မနဲ့ ပတ်သတ်ခဲ့တဲ့ အမှတ်တရတစ်ချို့ဟာ ဘယ်တော့မှ ပျောက်ပြယ် မသွားခဲ့တာကြောင့်လည်း ပါပါတယ်။
"မ"နဲ့  ပတ်သက်တဲ့ အဲဒီအလွမ်းတွေဟာ ကျွန်တော်အပေါ်မှာ ခုချိန်ထိ သစ္စာရှိနေတုန်းပါ။
အချိန်မှန်မှန် သူတို့ ကျွန်တော်ဆီ ရောက်လာနေတတ်ကြတယ်။ လူတွေဟာ ဆင်းရဲဒုက္ခတွေ အလွမ်းတွေ ပရိဒေဝတွေကို ကွင်းရှောင်လို့ မှ မရနိုင်တာပဲလေ။

ဒီလိုနဲ့  မနက်မိုးလင်းတော့ ကော်ဖီခွက် အဝါရောင်လေးထဲမှာ ကျွန်တော်ကြိုက်နှစ်သက်တဲ့ ပရီမီယာကော်ဖီနံလေးက ထောင်းထောင်းထနေခဲ့တယ်။
ကျွန်တော် သူမကို ကျေးဇူးတင်တဲ့အကြည့်နဲ့  ကြည့်လိုက်တော့ သူမက သဘောပေါ်က်နားလည်သလို ခေါ်င်းညှိတ်ပြုံးပြပြီး အခန်းအပြင်ကို ပြန်ထွက်သွားတယ်။

  ခုလို တစ်ယောက်တည်းကော်ဖီသောက်ရတဲ့ အချိန်တိုင်းမှာ မ အကြောင်းကို အမြဲတွေးတောဖြစ်တယ်။
"မ" ကလည်း ကော်ဖီအရမ်းကြိုက်တဲ့သူတစ်ယောက်လေ။ အလုပ်ထဲမှာဆို မနဲ့  ကျွန်တော်က ကော်ဖီခဏခဏ​သောက်နေတတ်တယ်။ ဒါကြောင့်
"မ " အလုပ်ထွက်သွားတဲ့ နောက်​မှာ "မ" က "မ" သောက်နေကျ ကော်ဖီခွက်လေးကို လက်ဆောင်အဖြစ် ထားရစ်ပေးခဲ့တယ်​။ ခုချိန်ထိ ကျွန်တော်ကော်ဖီသောက်တိုင်း မ ပေးခဲ့တဲ့ အဝါရောင်ခွက်ကလေးနဲ့ အမြဲသောက်ဖြစ်ခဲ့တာပါ။ သူမကလည်း ဒီကော်ဖီခွက်နဲ့ ပဲ အမြဲ ဖျော်ပေးခဲ့ပါတယ်။

အဲဒီအဝါရောင် ကော်ဖီခွက်ကလေးကို
မက ကျွန်တော်ကိုပေးပေမယ့်​ မ သူငယ်ချင်းတွေကတော့ ကျွန်တော်ကို မ​ပေးချင်ခဲ့ကြပါဘူး။ သူတို့ က အဲလိုပဲလေ ကော်ဖီခွက်လေးတစ်ခွက်တောင် သဝန်တိုနေတတ်ကြတာ။
ကျွန်တော်အတွတ်တော့ ဒီခွက်ကလေးက အရေးပါတယ်ဆိုတာ မ သိပြီးသား ဖြစ်မှာပါ။
ဒီခွက်ကလေးနဲ့ ကျွန်တော် တို့ ကော်ဖီအတူတူ သောက်တတ်ကြတာကို။
ဒီလို ကော်ဖီကို ဇိမ်ယူသောက်ပြီး တွေးနေချိန် သူမက အခန်းထဲ ပြန်ဝင်လာတယ်။

"ရုံးနောက်ကျနေမယ်နော်"

ဒီတစ်ခါ ခေါ်င်းညှိတ်ပြလိုက်ရတာက ကျွန်တော်ပါ။ စားဝတ်နေရေးအတွက် လက်တွေ့ ဘဝကို
ဖြတ်သန်းဖို့ က လိုသေးတယ်လေ။
ဒါကပဲ လူသားတွေရဲ့ သမရိုးကျတဲ့ ရှင်သန်နေထိုင်မူမှတ်လား။
ကျွန်တော် အတွေးတွေကို ရပ်ပစ်ပြီး ရေချိုးခန်းထဲ
ဝင်လာခဲ့လိုက်တော့တယ်။
______&______&________&_______

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now