(U)
မိုးတိတ်သွားပြီးနောက် ဒီညနေခင်းတစ်ခုလုံးဟာ ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနေပါတယ်။ ရုပ်ရှင်ရုံထဲက ပြန်ထွက်လာတဲ့အခါ မှောင်ရီသမ်းနေတဲ့ မြို့ပြညက တစ်မျိုးတစ်ဘာသာ ချစ်ဖို့ ကောင်းနေပြန်တယ်။ ကျွန်တော်ရဲ့ ဂျစ်ပစီဆန်တဲ့ ဝတ်စားဆင်ယင်မူဟာလည်း အခုလိုကျတော့ ပနံသင့်နေပြန်ပါရော။ ဘေးနားက မ ကရော။ ကျွန်တော် လက်မောင်းလေးကို ရီလေးခိုရင်း အရာအားလုံးကို ခေတ္တမေ့နေပုံ ပေါ်တယ်။ ကျွန်တော်တို့မှာ အချစ်နဲ့ ဆေးဆိုးထားတဲ့ ဒီလိုညမျိုးတွေ များသထက်များလာပြီပေါ့။ ဆူးလေလမ်းမကြီးအတိုင်း ကျွန်တော်တို့ လျှောတ်လာခဲ့ကြတယ်။
"ဟိတ်"
"ဟာ"
မတင့်နဲ့ မသီတာ။
"နင်တို့က မိုးမမြင်၊လေမမြင်နဲ့ပါလား။ အေး မနက်မှ တွေ့ဦးမယ် သိလား။"
မ ဆီက ဘာစကားမှ ထွက်မလာတော့ဘူး။ မ မျတ်နှာ အတော်ပျတ်ယွင်းနေတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပဲ မိုးမမြင်၊ လေမမြင်ဖြစ်ပြီး ပတ်ဝန်းကျင်ကို မေ့လျော်နေကြတယ်။ ဧကန္တ သူတို့ မနတ်ဖြန် ရုပ်ရှင်အတွက် လက်မှတ် ကြိုတင်လာဝယ်ကြတာနဲ့တူတယ်။
"ဒုက္ခပါပဲ မောင်ရယ်၊ မတင့်က အိမ်ကို လှမ်းပြီး ဖုန်းဆက်ပြောလိုက်ရင် မတော့သေပြီ။"
ဟုတ်တယ်။ တကယ်ပဲ မရဲ့ မျတ်နှာက သွေးဆုတ် ဖြူလျော်နေခဲ့တယ်။ ကျွန်တော်လက်ကို ဆွဲထားတဲ့ သူ့လက်တွေဟာ တုန်ရီနေရှာတယ်။
"အဲလောက်ထိ မစိုးရိမ်ပါနဲ့ မရယ်။ သူ အဲလောက်ထိတော့ လုပ်မှာ မဟုတ်ပါဘူး။"
"မလည်း အဲလိုပဲ မျှော်လင့်တာပဲ။ ဘာပဲဖြစ်ဖြစ် အိမ်ကို စောစောရောက်နေဖို့တော့ လိုတယ်။ မတော်တဆ မတင့်ဖုန်းဆက်လာရင် မ ရှိနေမှ ဖြစ်မယ်။"
"အင်း၊ အာ့ဆို အခုလာတဲ့ ကားနဲ့လိုက်သွားလေ။ မနက်ဖြန်တော့ အလုပ်လာမှာ မှတ်လား။"
မ က ကျွန်တော်မျတ်နှာကို အသေအချာကြည့်တယ်။ ပြီးတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး
"အင်း လာခဲ့မယ်။ မ မလာလို့ရှိရင် သူတို့ မောင်ကို ပုလိပ်စစ် စစ်ကြတော့မှာ။"
"မ သိပ်ပြီး မစိုးရိမ်ပါနဲ့၊ အခြေအနေအရတော့ ကျွန်တော်ရင်ဆိုင်နိုင်ပါတယ်။ မ မနတ်ဖြန် အလုပ်မလာဖြစ်ရင် ညကျ ကျွန်တော်ဆီ ဖုန်းဆက်လိုက်လေ နော်။"
"အင်း၊ အဲဒါဆို သွားတော့မယ်။
မ ကားပေါ်တတ်သွားတယ်။ မ မျတ်နှာလေးဟာ ညှိုးနေတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အန္တရာယ် အငွေ့အသက်တွေကို ရနေမိတယ်။ မနက်ဖြန်ဟာ စစ်ခင်းရမယ့် စစ်သလင်းလိုပါပဲ။ ဟူး...မွန်းကျပ်လွန်းလိုက်တာ။
......................................