(O)

17 3 0
                                    

(O)
မနက်ပိုင်း ကျေးဌက်တစ်ချို့က ခြံထဲက အုန်းပင်ထက်မှာ ဆူညံလို့နေတယ်။ဒီနေ့တော့ ကျွန်တော် ဒီကောင်တွေကို တော်တော်အလိုက်သိတတ်တဲ့ကောင်တွေလို အမှတ်ဇွတ်ပေးလိုက်မိတယ်။ အပူကြောင့် ဝက်ခြံတွေများနေတဲ့ ကျွန်တော်မျတ်နှာကို fair and lovely နည်းနည်းလိမ်းလိုက်တယ်။ ကျွန်တော်မျတ်နှာက ဖြူသွားတယ်လို့တော့ တဒင်္ဂထင်ရတာပါပဲ။ အဝတ်အစားဝတ်လိုက်တယ်။ လူကြည့်တော့ ကောက်ရိုးလောက်ရှိတဲ့ ကျွန်တော်က ဝတ်လိုက်ရင် အမြဲအကျပ်။ ဒါကလည်း လူတွေကျွန်တော်ကို ကြည့်မရတဲ့ အချက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ နောက် ဘယ်တော့မှ ဖြောင့်မလာတဲ့ ဆဲပင်ကို ရေနည်းနည်းစွတ်ပြီး ဖြောင့်ချင်ယောင်ဆောင်ထားလိုက်တယ်။ ပြီးပြီ။ ဒါ အဆင်ပြေပြီလို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်လမ်းထိပ်ကို ထွက်လာခဲ့တယ်။ စိတ်ထဲမှာ အရင်နေ့တွေနဲ့မတူ တမူထူးဆန်းစွာ တတ်ကြွသစ်လွင်နေခဲ့တယ်။ ခါတိုင်း ၃၅မီနီဘက်စ် ကားကျပ်ကျပ်လေးကို စီးရမှာ သေမလောက် ကြောက်တဲ့ကျွန်တော် အခုများ ကားကျပ်ကြီး စီးရမှာတောင် ပျော်ရွှင်နေမိတယ်။ အချစ်ဟာ အဲဒီလို မျိုးကို တန်ခိုးကြီးနေတာပါ။ အဲလိုနဲ့ ကျွန်တော် သမ္မတရုံရှေ့က ယောင်လမ်းမှတ်တိုင်လေးကို ရောက်လာခဲ့တာပါ။ ကျွန်တော် မ အလာကို မျှော်နေမိတယ်။ မက ၄၃ကားပဲ စီးနေကျဆိုတာကို ကျွန်တော်သိတယ်။ ကားတွေ တစ်စီးပြီးတစ်စီး မျတ်ခြေမပျက်တမ်း ကျွန်တော်ကြည့်တယ်။ လက်ထဲက သောက်နေတဲ့ စီးကရက်ကိုလည်း မ ရောက်လာရင် လွှတ်ပစ်ဖို့ ကျွန်တော်အဆင့်သင့် လုပ်ထားရတယ်။ ဒါပေမယ့် ဒီစီးကရက်က မ မလာခင်မှာပဲ ကုန်သွားတယ်။
ဟော့ ပါလာပါပြီ။ လူတွေအများကြီးကြားထဲကနေ တိုးထွက်ပြီး သူရှေ့ဆုံးက ဆင်းလာတယ်။ ကျွန်တော်အတွက် မနက်ခင်းရဲ့နတ်သမီး။ မ ကအချိုသာဆုံး လှမ်းပြုံးပြတယ်။ မ လက်ထဲက ဆွဲခြင်းတောင်းလေးကို ကျွန်တော်လှမ်းယူလိုက်တယ်။
"စောင့်နေတာ ကြာပြီလား။"
ကျွန်တော် ခေါ်င်းခါပြလိုက်တယ်။
"ငါ အိမ်က ဘာမှမစားလာခဲ့ဘူးဟာ၊ ဗိုက်အရမ်းဆာတယ်။"
"စားလေ။"
ကျွန်တော်တို့ သမ္မတရုပ်ရှင်ရုံ ဘေးလမ်းကြားက ဆိုင်တစ်ဆိုင်စီကို လျှောတ်လာခဲ့ကြတယ်။
ဆိုင်ထဲရောက်တော့ မ က ကြာဇံပြုတ်မှာလိုက်တယ်။ မှာပုံကိုလည်း ကြည့်ဦး။
"သမီးကို ငရုတ်သီးစိမ်းလေး ခြမ်းပြီးထည့်ပေးနော်၊ ပြီးတော့ သံပုရာသီး ညှစ်ပေး။"
"ဟာ ၊မနှင်းဝင့်ရည် ဘယ်လိုတွေ မှာနေတာလဲ။ ဗိုက်ထပ်အောင့်နေဦးမယ်။"
"ဗိုက်အောင့်လည်း ဘာဖြစ်လဲ၊ နင့်ရှိနေတာပဲဟာ။"
မစကားကြောင့် ကျွန်တော်ဘာပြန်ပြောရမှန်းတောင်မသိဘူး။ အသဲလည်း ယားသွားမိတယ်။တကယ်တော့ ကျွန်တော် ဘဝင်လေဟပ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပရီမီယာ တစ်ခွက်ပဲ မှာလိုက်တယ်။ ကျွန်တော်မှာထားတာ ရောက်လာတော့
"ပေး ငါ့ဖျော်ပေးမယ်။"
"ရပါတယ် ။ ကျွန်တော့်ဘာသာ ကျွန်တော် ဖျော်လိုက်ပါ့မယ်။"
"ပေးပါ ။ ဆိုနေမှပဲ။"
မနေသာတဲ့ အဆုံး ခွက်ကို ကျွန်တော် မရှေ့ကို တွန်းပို့ပေးလိုက်တယ်။ မက ကော်ဖီကို ဂရုတစိုက်အသေအချာ ဖျော်ပေးတယ်။ သူရဲ့ကြင်နာမူမှာ ကျွန်တော်နှလုံးသားတွေ တဆစ်ဆစ် ပဲ့ထွက်ကြေကုန်ရတယ်။
နောက် စကားတစ်ပြောပြောနဲ့ စားကြသောက်ကြရင်း အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိခဲ့ကြဘူး။ ပြောတဲ့အထဲမှာ ညီဇော် အကြောင်းလည်းပါတယ်။ ကိုဦး အကြောင်းလည်းပါတယ်။ အစုံပါပဲ။ အဲလို သူပြောသမျှ အကုန်လိုက်နားထောင်နေရင်းနဲ့ နာရီတစ်ချက် ငုံကြည့်လိုက်တာကို ကျွန်တော်မြင်လိုက်တယ်။
"ဟဲ့၊မိုးစက်၊ အလုပ်ချိန်က အတော်ကျော်နေပြီနော်။ မြန်မြန်ထ သွားမယ်။"
သိတဲ့အတိုင်း မ ပုံစံက ပျာယာခတ်နေတယ်။အဲဒီ ပုံစံက တကယ် ရယ်စရာလေး။ ကျွန်တော်လည်း သူပြောတဲ့အတိုင်း ကသုတ်ကယက်ထရတာပေါ့။ ပြီးတဲ့နောက် ဆူးလေ ဂုံးတံတားကိုကျော်ဖြတ်ပြီး နာရီဆိုင်အရောက်မှာတော့ လူတွေရိပ်မိမှာစိုးလို့ တစ်ယောက်တစ်လှည့်စီ ဆိုင်ထဲကို ဝင်ကြပါတယ်။ ကျွန်တော်တို့ဆိုင်က သေးသာသေးတာ။အထဲမှာရှိတဲ့ လူတွေရယ် လေလုံးက အကြီးကြီးလေ။ အဲဒါကြောင့်မို့ပါ။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ခဲ့တယ်ဆိုပါတော့။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now