(Y.)
လွမ်းဆွတ်ခြင်း။ အရင်က ဒီအရာကို တားစီးပိတ် ပင်ထားလို့ရတဲ့ အရာတစ်ခု လို့ ကျွန်တော်လက်ခံထားမိတယ်။ အဲဒီတော့ လွမ်းဆွတ်ရခြင်းကို မကြုံရခင်မှာ ကျွန်တော်အရာရာကို ပေါ့ပေါ့တွေးနေမိတယ်။ တကယ်တော့ ကျွန်တော်လွမ်းရမှာကို ကြောက်ပြီး ဟန်ဆောင်ကောင်းနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းကို မ မသိအောင် ကျွန်တော် ဟန်ဆောင်ဖုံးကွယ်ထားမိတယ်။
(မအလုပ်ကထွက်ဖို့ ရက်အနည်းငယ် အလိုမှာပေါ့....)ကျွန်တော်က လူပါးနေတာနဲ့ မနဲ့ စကားပြောရအောင် ညီဇော်ထိုင်ခုံဘက် ပြောင်းထိုင်နေလိုက်တယ်။ မတင့်က အဲဒီအချိန် အပေါ်မှာ ထမင်းတတ်စားနေတယ်။
"မောင်၊ မ မရှိတော့ရင် ကွမ်းတွေမစားနဲ့နော်။"
"အင်းပါ၊မရဲ့။"
ခေါ်င်းညှိတ်ပြရင်းနဲ့ ကျွန်တော်ရဲ့ရှေ့မှာ ထိုင်နေတဲ့ မကို ကျွန်တော် နှစ်လိုဖွယ် စိုက်ကြည့်နေခဲ့တယ်။
မကလည်း အဲဒါကို အတော်သဘောကျပုံပါပဲ။ မချိုမချဉ် မျတ်နှာထားလေးနဲ့
"ဘာအင်းပါလဲ၊ နောက်ပြီးရင် ကွယ်ရာမှာ ခိုးလုပ်နေပြီးတော့၊ ဆေးလိပ်လည်း မသောက်နဲ့၊ နောက်ပြီး ကောင်မလေးတွေနဲ့လည်း အရောတဝင်မနေနဲ့။"
တတွတ်တွတ် မှာနေတဲ့မရဲ့အမူအယာလေးကို ကျွန်တော်သဘောကျသွားရတယ်။ "မ"ပုံစံက ကျောင်းသွားခါးနီး ကလေးတစ်ယောက်ကို မှာနေတဲ့ မိဘတစ်ယောက်လိုပါပဲ။ လူတွေသာ မရှိရင် မကို ကျွန်တော်ဖတ်နမ်းမိမှာ အသေအချာပါပဲ။ အခုတော့ မချိပြုံး ပြုံးနေရတယ်။
"နှင်းဝင့်ရည်၊ နင် အဲမှာ ဘာထိုင်လုပ်နေတာလဲ။"
နောက်က ပေါ်လာတဲ့ မတင့်ရဲ့အသံကြောင့် မ နူတ်ပိတ်သွားတယ်။ ကိုဦးပြောရင်လည်း ပြောချင်စရာပါပဲ။ မ ဘာကြောင့် သူတို့ကို ဒီလောက်ကြောက်နေရတာပါလိမ့်။
"နင့်၊ အဲဒီမှာ ဘာထိုင်လုပ် နေတာလဲ။"
"ဘာမှမလုပ် ပါဘူး။ မတင့်ရယ်။ ခေါ်င်းနောက်လို့ ခဏထိုင်နေတာ။"
"မ"က မတင့်ရဲ့အမေးကိုပေါ့ပျက်ပျက် ဖြေလိုက်တယ်။ ဒါပေမယ့် ကျွန်တော် ရင်ထဲမှာတော့ ဘယ်အရာမှ ပေါ့ပျက်ပျက် မဖြစ်သွားဘူး။ ကျွန်တော် သူတို့ အပေါ်မှာ အလေးအနတ်တွေးနေမိတယ်။ဘာလဲ။ သူတို့ဟာ လူတစ်ယောက်ကို နှိမ့်ချ ဆက်ဆံချင်တာလား။ ဒါမှမဟုက်။ အနိုင်လိုချင် ကြတာလား။ အကယ်၍ သူတို့အနိုင် လိုချင်တယ်
ဆိုဦးတော့။ အနိုင်ရတဲ့အခါ သူတို့အတွက် ဘယ်လိုအဓိပ္ပါယ်တွေ ရှိလာမှာလဲ။
