မကြာခင်မှာပျောက်ကွယ်သွားတော့မည့်နေမင်းကြီးရဲ့ဘေး၌ လိမ္မော်ရောင်ရောင်စဉ်တန်းတို့က ဖြန့်ကျက်လျက်ကောင်းကင်၌ ကျက်စားလို့နေကြသည်။ အင်းလျားကန်ရေပြင်မှာလည်း ထိုရောင်စဉ်တန်းတို့က လာရောက်၍ရောင်ပြန်ဟပ်ထင်လျက်ရှိ၏ ။
" ဖြည်းဖြည်းချင်းစားနော်ကလေး .... နည်းနည်းပူသေးတယ်.... "
စားပွဲထိုးလေးကလာချပေးတဲ့ အငွေ့တထောင်းထောင်းနဲ့ ထမင်းပေါင်းပန်းကန်ပြားလေးအား လင်း ယူ၍ ဟိုးအရင်တုန်းကလိုမျိုးအေးသွားအောင်ဇွန်းလေးဖြင့်ထိုးမွှေပေးနေသည်။ ပါးစပ်ကလည်း တဖူးဖူးဖြင့်အတန်ငယ်အေးသွားသည်အထိ မှုတ်ပေးလို့နေပါသေးသည်။ ဒါကိုရှေ့မှာထိုင်ကြည့်နေတဲ့ မိုး ရဲ့မျက်နှာလေးကတော့ ပြုံးလို့ရွှင်လိုဖြင့်သူ့မမရဲ့လှုပ်ရှာမှုတိုင်းကိုငေးမောကြည့်နေခဲ့သည်။
" ဒီလောက်ဆို ရပါပြီ မရယ်.... မကောဘာမှမစားတော့ဘူးလား ? "
" ဟင့်အင်း မစားတော့ဘူးကလေး ... မ မဆာသေးလို့ပါနေ့လည်ကထမင်းကြော်တွေစားထားလို့ အခုထိအစာမကြေဖြစ်နေပြီး ဗိုက်မဆာဘူးရယ်..... "
" ဟုတ်လား .... မိုး ရဲ့ကားထဲမှာတော့အစာကြေဆေးရှိတယ်ဒါပေမဲ့ ဒီနေ့ မိုး က မ ရဲ့ကားနဲ့လိုက်ခဲ့ရတာမို့လို့ဆေးအိတ်က ကားထဲမှာကျန်ခဲ့ပြီ မရဲ့ .... "
" ရပါတယ်ကလေးရယ်.... အဲ့လောက်ကြီးဆေးသောက်ရလောက်တဲ့ အခြေအနေအထိလည်း မဟုတ်သေးပါဘူး ... "
ထမင်းပေါင်းကို အားရပါးရစားနေတဲ့ သူ့ကလေးကို လင်းရှေ့တည့်တည့်၌ထိုင်ရင်း ရီဝေစွာငေးကြည့်နေမိသည်။ မိုး လဲစားရင်းနဲ့ သူ့မမရဲ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ရင်း
" မ ..... "
" ဟင် ကလေး ? "
" မ ကိုကြည့်ရတာ တစ်မျိုးပဲ။ အိမ်မှာတစ်ခုခုဖြစ်လာသလိုပဲ .... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...