"အမ နေရောကောင်းလား"
ခြံထဲကို မျက်နှာညိုးငယ်စွာ ရောက်လာသော မဝဿန်အား သူ အားမရစွာ မေးမိသည်
"ကောင်းပါတယ် ဟန်သာရဲ့ ဟန်သာနေရတာ အဆင်ပြေရဲ့လား"
"ကျွန်တော်ကတော့ ပြေတာပေါ့ ကျွန်တော်ကြောင့် အမတို့မိသားစု စိတ်သောကရောက်ရတာ စိတ်မကောင်းပါဘူး မာန် ဘာကြောင့် ကျွန်တော့်ကို ထားခဲ့လည်းဆိုတာ ပိုနားလည်လာသလိုဘဲ "
"ဟုတ်တယ် ဟန်သာ အငယ်လေး နောက်ဆံတင်းရတာ ဒီအကြောင်းတွေကြောင့်ဘဲ"
"အမရယ် ကျွန်တော်တို့ချစ်တာက ဘာလို့အမှားတခု လိုဖြစ်နေရတာလဲ ကျွန်တော်တို့လည်း ဒီလိုဖြစ်ပါစေတော့ဆိုတဲ့ အတွေးမျိုးမရှိခဲ့ဖူးပါဘူး လူတယောက်ကို သိပ်ချစ်မိသွားပြီး အဲ့ဒီလူနဲ့ ဘဝကို တူတူဖြတ်သန်းချင်ရုံပါ ဘာကြောင့် အရမ်းခက်ခဲနေတာလဲ"
"အမှားတခုတော့ မဟုတ်ပါဘူး ဟန်သာ ဒါပေမယ့် သဘာဝကိုလွန်ဆန်တယ် ဆိုတဲ့ ပညတ်ချက်ကြောင့် ဟန်သာတို့ခက်ခဲနေတာပါ ပိုကြိုးစားပေါ့ ကိုယ်လိုချင်တဲ့ အရာတခုရဖို့ ယုံကြည်မှုရှိရှိနဲ့ နောက်မဆုတ်တမ်း ကြိုးစားရမယ် မဟုတ်လား ခက်ခက်ခဲခဲနဲ့ ရလာတဲ့ အောင်မြင်မှုကိုတော့ တန်ဖိုးထားပါ"
"ကျွန်တော်ကြိုးစားမှာပါ တခါတလေကျတော့ အမရယ် ဒီလိုတွေကြီးတွေ ဖြစ်နေတာကြောင့် မာန့်ကို အားနာမိတယ်"
"အငယ်လေးလည်း ဟန်သာ့ကိုသိပ်ချစ်တာဘဲလေ ပိုပြီးတန်ဖိုးထားပေါ့"
"စိတ်ချပါ အမ ကျွန်တော် မာန့်အပေါ် အကောင်းဆုံး ဆက်ဆံပြီးတန်ဖိုးထားမှာပါ"
သူတို့အေးဆေးစကားပြောပြီး မဝဿန် ခြံထဲတွင် လုပ်သမျှကို လိုက်ကူပေးသည် အရင်ကခွေးခြံပိုင်ရှင် ခုတော့ လက်ဖက်ခြံ အလုပ်သမားပေါ့
"ဟန်သာ ဆိုင်ကယ်လိုက်ယူမလား လိုရင်သုံးလို့ရတာပေါ့"
"ဟုတ် အမ ကျွန်တော် အမကိုအိမ်ရှေ့ထိ ပို့ပေးမယ်လေ ပြီးမှ ကိုယ့်ကိုယ်ကို ပြန်လာတော့မယ် မိုးကုတ်လမ်းတွေလည်း မှတ်မိတာပေါ့"
"အေး အဲ့ဒါဆို ခဏနေပြန်ကြမယ်လေ"
"ဟုတ် အမ"
ဝဿန် ကိုနိုင်တို့ကို လုပ်စရာရှိတာ ပြောပြပြီး ကျန်အလုပ်သမားများကို လုပ်အားခရှင်းပေးလိုက်သည်
"ဟန်သာ ပြန်ကြစို့ ကိုယ်တိုင်မောင်းနော် အမနောက်ကနေ လမ်းပြောပြမယ် အဲ့ဒါဆို ပိုမှတ်မိလွယ်တယ်"
ခြံထဲကနေ မြို့ထဲသို့ အတော်ပင်မောင်းရသည် ခန့်မှန်းခြေ တနာရီနီးပါးကြာသည်
"အမ ဒီကန်ကြီးက မိုးကုတ်မြို့ရဲ့ သင်္ကေတလို့တောင် ပြောလို့ရတယ်နော် မြို့လယ်ခေါင်မှာ ပုံစံကျနေတာ မန္တလေးကျူံးသေးသေးလေး"
ဟန်သာ့စကားကြောင့် ဝဿန်ရယ်လိုက်သည် တွေးလည်းတွေးတတ်သည့်လူ
"ဟုတ်တယ် ဟန်သာရဲ့ ဒီကလူတွေလည်း မနက်ဆို ဒီကန်ဘေး လာပြီး လမ်းလျှောက်တာ လေ့ကျင့်ခန်းလုပ်တာတွေ ရှိတယ်လေ"
"အမရော လုပ်ဖြစ်လား"
"မလုပ်ဖြစ်ပါဘူး မနက်လင်းရင် ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်နေရတာနဲ့ မသွားဖြစ်ဘူး ဖေဖေနဲ့မေမေကတော့ မနက်တိုင်းသွားပြီး လမ်းလျှောက်တယ်အမတို့နေ့နံတွေဖြစ်တဲ့ ဗုဒ္ဓဟူး ရယ် ကြသပတေးရယ် သောကြာရယ်ကတော့ မိသားစုသုံးယောက်လုံး ပတ္တမြားစေတီသွားတယ် ညသွားဖြစ်တာများတယ်"
ဟန်သာ ခေါင်းညိတ်ရင်း ဝဿန်မိုး ပြောသမျှကို မှတ်သားနေရသည်
"တီ တီ "
ဟန်သာ နာရှီိုးစက်သံကြောင့် ကုန်းရုန်းထလိုက်သည် ၅နာရီလောက်ထမှ သူ့အတွက်အချိန်ရမည်လေ သူ မြို့ထဲသွားတဲ့လမ်းအတိုင်း တနာရီလောက်မောင်းပြီးချိန်တွင် မာန့်အိမ်ကို လှမ်းမြင်လိုက်ရသည် လူရှင်းတာရယ် အရှိန်များတာရယ်ကြောင့် မနေ့ကလောက် မကြာပါ သူနာရီကြည့်တော့ ၆နာရီ ၁၅မိနစ် သူအိမ်နဲ့မနီးမဝေးမှာ ဆိုင်ကယ်ရပ်ရင်း အိမ်ကိုလှမ်းကြည့်နေလိုက်သည် ၁၅မိနစ်လောက် ပျင်းရိစွာ စောင့်ပြီးနောက် ဆိုင်ကယ်တစီးနဲ့ ထွက်လာသော ဦးနဲ့ အန်တီကိုတွေ့လိုက်ရသည် အဲ့ဒါဆို ၆နာရီခွဲမှာ လမ်းလျှောက်ဖို့ စထွက်တာပေါ့ ကန်ဘေးရောက်အောင် ၁၅မိနစ်လောက် မောင်းရသည် ရပြီ ဒီလောက်ဆို ok ပြီ
သူ မနက်တိုင်း ရှေ့ကယောက္ခထီးနဲ့ ယောက္ခမလမ်းလျှောက်သမျှကို နောက်မလှမ်းမကမ်းကနေ အေးဆေးလိုက်သည် သူ့ကိုမြင်တော့ အံသြသွားပုံရသော်လည်း ဘာမှထွေထွေထူးထူး မဆက်ဆံ ရန်လာမ ဖြစ်တာကိုက သူ့အတွက် အတော်လေး အခြေနေကောင်းနေပါပြီ ညနေ တောင်တက်သည့်ရက်များတွင်လည်း သူတို့လုပ်သလိုပင် တောင်ခြေမှာ ဆိုင်ကယ်ရပ်ပြီး နောက်မလှမ်းမကမ်းကနေ တက်သည် မဝဿန်ကတော့ အမြဲအေးဆေးပင် ဦးရှိလို့ လာမနှုတ်ဆက်တာလားဟု သူတွေးမိသည် ဘာဘဲဖြစ်ဖြစ် အေးဆေးသွားဖို့ ဆုံးဖြတ်ထားတာကြောင့် ဖြည်းဖြည်းချင်းပေါ့ တလလောက်ရှိပြီ သူ့အခြေနေက ဘာမှမတိုးတက် ခုမှ သူ့မှာ မိန်းမပိုးနေရသလိုပင် ဟန်သာတွေးရင်း ရယ်ချင်စိတ်ပေါက်လာသောကြောင့် ရယ်ချလိုက်သည်
"ဟန်သာ တယောက်တည်း ဘာတွေသဘောကျနေတာလဲ"
ဝဿန်မိုး ရေလှမ်းပေးရင်းက သစ်ပင်အောက်မှာ တာက်တည်းရယ်နေသည့် ဟန်သာ့အား လှမ်းမေးလိုက်သည်
"ရယ်ချင်လို့ပါ ဦးတို့ နောက်ကို လျှောက်လိုက်ရတာ မိန်းမပိုးနေရသလိုဘဲလေ တလလောက်ရှိပြီ ကျွန်တော့်ကို မြင်ရင် ဦးက မျက်မှောင်ကြုတ်တယ် အန်တီက ပြုံးပြတယ် အဲ့ဒီအခြေနေကနေ တိုးတက်မလာဘူးအမရယ်"
"တိုးတက်လာပါတယ် ဟန်သာရဲ့ ခု အမတို့အိမ်မှာ lgbtအကြောင်းကို သုံးယောက်လုံး လေ့လာပြီး တိုင်ပင်ဖြစ်တယ် ပိုပြီးအခြေနေကောင်းတာက မေမေက ညနေကျဟန်သာ့ကို ရွှေခေတ်မှာ ရေခဲမုန့်ကြော် ဝယ်ကျွေးမယ်တဲ့"
"ဟာ တကယ်ပြောတာလား အန်တီက ကျွန်တော့်ကို မုန့်ကျွေးမယ်ဆိုတာ တကယ်လား"
ရှေ့မှ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေသော ဟနိသာ့အား ဝဿန်မိုး ခေါင်းညိတ်ပြလိုက်သည်
ဒီနေ့ညနေတွင်တော့ ဟန်သာငြိမ်းတို့ ရေမိုးချိုးပြီး ကျော့မော့နေအောင် ဝတ်စားကာ မဝဿန်ပြောသော လမ်းအတိုင်း မောင်းလာခဲ့သည် ဆိုင်က ကန်နဲ့မလှမ်းမကမ်းမှာရှိသည်မို့ အလွယ်တကူပင် ရှာတွေ့ပါသည်
"ဟန်သာ"
ကြိုရောက်နေသော မဝဿန်က အပေါ်ထပ်မှ လှမ်းခေါ်သည် အန်တီနဲ့နှစ်ယောက်တည်းပါ တော်ပါသေးသည် ယောက္ခထီးကြီးရဲ့ လက်စွမ်းကို တွေ့တွေ့ချင်း ခံစားထားရသည်မို့ သူ့မှာခုထိ ကြောက်နေတုန်းပါ
"ရောက်နေကြတာ ကြာပြီလား"
သူမေးရင်း အန်တီတို့နဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လိုက်သည်
"မကြာသေးပါဘူး ဟန်သာ လာတတ်သားဘဲ"
"အင်း မနက်လမ်းလျှောက်ရင်း မြင်ဖူးနေတာကြောင့်ပါ"
"ဟန်သာ"
အန်တီ့ရဲ့ တည်တည်ငြိမ်ငြိမ် ခေါ်သံကြောင့် သူလှမ်းကြည့်လိုက်သည်
"သမီးလေးကို လက်မလျှော့နိုင်ဘူးလား"
"ဗျာ"
"သမီးလေးကို ချစ်တယ်ဆို သမီးလေးအဆင်ပြေ တာ မမြင်ချင်ဘူးလား"
"ဘယ်လိုလဲ အန်တီ မာန်က ကျွန်တော်နဲ့ဆိုရင် အဆင်မပြေနိုင်လို့လား"
"ဟန်သာဘဲ စဉ်းစားကြည့်ပါ သမီးရဲ့ဘဝမှာ သားတွေသမီးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ခွင့်မရသင့်ဘူးလား သူယောက်ျားနဲ့ ဘုရားသွားကျောင်းတတ် ပွဲတတ်အတူ လူ့အမြင် မတင့်တယ်ဘူးလား ဟန်သာ သမီးကို သိပ်ချစ်တယ်ဆို သမီးအတွက် စဉ်းစားပေးကြည့်ပေါ့"
"ဟုတ် အန်တီပြောတာ သဘာဝကျပါတယ် ကျွန်တော်နဲ့ လက်တွဲမယ်ဆို မာန့်မှာ သားသမီးတွေနဲ့ မိသားစုတခု မရနိုင်သလို ကျွန်တော်နဲ့အတူတွဲသွား ရင် တချို့သောလူတွေကဲ့ရဲ့တာ ခံရနိုင်ပါတယ် ဒါပေမယ့် အန်တီ ကျွန်တော်တို့ အဲ့ဒီအကြောင်းပြချက်တွေကြောင့်နဲ့ဘဲ မချစ်ရတော့ဘူးလား အတူတူ ဘဝကိုဖြတ်သန်းခွင့်မရှိတော့ဘူးလား အန်တီတို့ သင့်တော်တဲ့သူနဲ့ အိမ်ထောင်ချပေးရင် မာန် ပျော်ရွှင်မှုမရနိုင်ဘူးလို့ ကျွန်တော် မဆိုလိုပါဘူး ဒါပေမယ့် အန်တီသိလား ပျော်ရွှင်မှုကို ခံစားရတဲ့အရသာချင်း မတူဘူး အန်တီ့အနေနဲ့ ဖြစ်ချင်တာကို လုပ်ရတဲ့ ခံစားချက်နဲ့ ဖြစ်သင့်တာကို လုပ်ရတဲ့ခံစားချက် မတူတာကို သိမှာပါ"
"ဟန်သာ ပြောချင်တာ အန်တီနားလည်ပါတယ် ဒါပေမယ့် လူ့ဘဝကြီးမှာ အမြဲဖြစ်ချင်တာချည်းဘဲ လုပ်ခွင့်မရဘူးဆိုတာလည်း ဟန်သာ သိမှာပါ"
"သိပါတယ် အန်တီ ဒါပေမယ့် တခါတလေမှာတော့ လုပ်ခွင့်ရှိပါတယ် အထူးသဖြင့် တဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးမှာပေါ့ ကျွန်တော် မာန့်ကို စောင်ရှောက်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ် ကျွန်တော်တို့ သိပ်ချစ်ကြပါတယ် မာန့်ကို အန်တီ သင့်တော်တဲ့သူနဲ့ အိမ်ထောင်ချပေးလို့ရပါတယ် မာန့်ရင်ထဲမှာ တသက်လုံး ကျွန်တော့်ကိုချစ်ရင်းနဲ့ တခြားသူဘေးမှာ ရှင်သန်နေရလိမ့်မယ် မာန်ဟာ သူမွေးထား တဲ့သားသမီးတွေကို ကြည့်ရင်း ကလေးမရနိုင်လို့ ကျွန်တော့်ကို ထားခဲ့ရတဲ့အကြောင်း တွေးနေလိမ့်မယ် အဲ့ဒီအချိန်မှာ သူလူ့ဘဝကို ရောက်လာရတဲ့ အကြောင်းအရင်းပျောက်နေလိမ့်မယ် သူဟာ လူသား မျိုးဆက်မွေးပြီး လူအမြင်တင့်တယ်ရုံသက်သက် နေထိုင်ဖို့ ဒီလူ့လောကကြီးထဲ ရောက်လာတာလား လို့်တွေးမိလိမ့်မယ် ကျွန်တော်တို့် ကလေးမမွေးနိုင်ဘူး ဒါပေမယ့် ချို့တဲ့တဲ့ကလေးတွေကို ရှင်ပြုပေးခွင့်တော့ ရှိပါတယ် နေ့ရက်တိုင်းမှာ တယောက်ကို တယောက် ငဲ့ညှာရင်း နားလည်ပေးရင်း ချစ်ပေးရင်းနဲ့ ပျော်ရွှင်နိုင်ပါတယ်ကျွန်တော် မာန့်ကို သိပ်ချစ်တယ် အန်တီ မာန်က ကျွန်တော့်အပေါ် ထားတဲ့ အချစ်ကို အရမ်းတန်ဖိုးထားတာကြောင့်လည်း ကျွန်တော် နောက်မဆုတ်ပေးနိုင်ပါဘူး နောက်ဆုတ်ပေးဖို့ကလွဲရင် အန်တီဖြစ်ချင်တာ တောင်းဆိုပါ ကျွန်တော် တတ်နိုင်တာထက်ပိုပြီး ဖြည့်ဆည်းပေးမှာပါ"
ဟန်သာ့ရဲ့စကားအဆုံးမှာ သူတို့စကားဝိုင်းလေး တိတ်ဆိတ်သွားသည် အတွေးကိုယ်စီနဲ့ရှိချိန် စားပွဲထိုးလေးက ရေခဲမုန့်ကြော် ၃ပွဲလာချပေးသည်
"ကဲပါ မေမေရော ဟန်သာရောစားဦး ပြီးမှ ထပ်ပြောတာပေါ့ "
ငိုင်နေသော နှစ်ယောက်ကို သတိပေးရင်း ဝဿန်မိုး ချထားသော မုန့်ကိုယူစားလိုက်သည်
ဟန်သာ ရင်ထဲမကောင်းတာကြောင့် ခပ်သွက်သွက်စားပြီး အမြန်ပြီးလိုက်သည်
"အန်တီ ဒီနေ့ကျွန်တော့်ကို ခေါ်ပြောတာ နောက်ဆုတ်ဖို့ဆိုရင် ကျွန်တော်လုံးဝနောက်မဆုတ်နိုင်ပါဘူး အန်တီ့ဆန္ဒကို မလိုက်လျောနိုင်တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး အန်တီ ကျွန်တော်အရင်ပြန်နှင့်ပါ့မယ်"
လှည့်ထွက်သွားသော ကျောပြင်ကို ငေးကြည့်ရင်း ဒေါ်သက်ထားရင်ထဲ လေးလံလာရသည် သူပြောသွားသည့်စကားတွေကလည်း မမှားတာကြောင့် အပြစ်မမြင်ရက်ပါ အပြစ်မတင် ဒေါသမထွက်ဘဲ ဖြစ်ချင်တာလေးကို တည်တည်ငြိမ်ငြိမ်ပြောသွားသော အရည်အချင်းကိုတော့ သဘောကျမိသည်
သိပ်ကိုချိုပါတယ် ရင်ထဲအီလည်လည်နဲ့ နေလို့မကောင်းအောင်ကို ရေခဲမုန့်ကြော်က ချိုလွန်းအားကြီးပါတယ် ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အီလည်လည်ကြီးနဲ့နာကျင်ရသည် မာန်ရေ ကို နောက်မဆုတ်နိုင်ဘူး မာန့်ကို တချက်လေးမှ မငြိုငြင်ဘဲ ကို အမြဲနားလည်ပြီး ချစ်ပေးမှာမို့ သားသားမီးမီးလေးတွေ မရှိလည်းရတယ်မလား ပတ်ဝန်းကျင်က ကဲ့ရဲ့တိုင်း မာန့်ရဲ့လက်ကို ကိုဆုပ်ကိုင်ပေးထားမယ် လိုအပ်ရင် မာန့်ရှေ့မှာ ကို မားမားမတ်မတ်ရပ်တည်ပေးမှာမို့ မာန့်ကို ကို့ဘေးနားမှာ ခေါ်ထားခွင့်ရှိတယ်မလား သိပ်ချစ်တယ် ပြီးတော့ အရမ်းလွမ်းတယ်မာန်
"ကိုနိုင်ရော မနှင်းရော ကျွန်တော့်ကို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ကျွန်တော် ဒီမှာဆက်မနေဖြစ်တော့တာကြောင့် အကိုနဲ့အမကို နှုတ်ဆက်ပါတယ်"
ကိုယ့်အား အစစအရာရာ လိုလေသေးမရှိ လုပ်ပေးခဲ့သော ကျေးဇူးရှင်များအား နှုတ်ဆက်ပြီး ဟန်သာဆိုင်ကယ်ကို ခြံပြင်မောင်းထွက်ခဲ့သည် မိုးကုတ်မြို့ရဲ့လေက အေးစက်လိုက်တာ ကို့မှာ နွေးနွေးထွေးထွေးကြိုဆိုမယ့်သူ မရှိဘူးမာန် မာန့်အိမ်ရဲ့သဘောထားကို သိပြီးတဲ့နောက် ကိုယ် မဝဿန်အိမ်မှာ ဆက်မနေချင်တော့ဘူး အရမ်းမျက်နှာပူပြီး အားနာမိတယ် မာန် ကို ကြိုးစားလို့ရနိုင်ပါ့မလား အရမ်းလွမ်းတာဘဲ မာန့်ဆီလာပြီး နားချင်လိုက်တာ မာန့်မေမေရဲ့ စကားတွေကိုပြန်တုံ့ပြန်ခဲ့ပေမယ့် ကို အလဲလဲအကွဲကွဲနဲ့ ပြန်လာခဲ့ရတာပါ သိပ်ကိုပင်ပန်းတယ် ကို နားချင်နေပြီ မာန် သူသက်ပြင်းအကြိမ်ကြိမ်ချရင်းက ဝဲတက်လာသော မျက်ရည်များကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ထိန်းလိုက်သည် မာန့်အတွက် ပြီးတော့ ကို့အတွက် အားတင်းရဦးမည်
"သမီးကြီး ဘာဖြစ်လာတာလဲ စိတ်မကြည်ဘူးလား"
ခြံထဲမှာ မျက်နှာမကြည်မလင်နဲ့ ပြန်လာသော သမီးအား ဒေါ်သက်ထား မေးလိုက်သည်
"ဟန်သာ မရှိတော့ဘူးမေမေ သူထွက်သွားပြီ"
ဝဿန်မိုး တလုံးချင်းပြောချလိုက်သည်
"မေမေ့ရဲ့စကားနားထောင်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာနေမယ်"
"မပြောတတ်ဘူး မေမေ ဒါပေမယ့် သမီးတလလုံး လုံး သိခဲ့တဲ့ဟန်သာကတော့ အဲဒီလိုနောက်ဆုတ်မယ့် လူမျိုးမဟုတ်ဘူး"
"အေးပေါ့ သမီးကသူ့အကြောင်း မေမေ့ထက်ပိုသိမှာပေါ့ မနက်ကလည်း ကန်ဘေးလမ်းလျှောက်တာ သူရောက်မလာဘူး"
"ဟုတ်တယ် ဒါပေမယ့် သူဘာလို့် ဒီလိုထွက်သွားလဲမသိဘူး ဘာဘဲဖြစ်ဖြစ်ပါ မေမေနဲ့သူ မနေ့က အေးဆေးပြောပြီးပြီဘဲ သူအချိန်ယူပြီး စဉ်းစားနေတာနေမှာပေါ့ မေမေလည်း စဉ်းစားပေါ့"
ဟုတ်ပါတယ် ဟန်သာငြိမ်း ရေပန်းအောက်မှာ မတ်တပ်ရပ်ရင်း မာန့်မေမေရဲ့စကားတွေကို ထပ်ကာထပ်ကာ ပြန်ပြီးတွေးနေမိသည် သူနောက်ဆုတ်ဖို့ စိတ်ဓာတ်ကျဖို့ ပြန်တွေးနေတာတော့ မဟုတ်ပါ သူပိုပြီး ကြိုးစားရမယ် မာန့်ကို ပိုပြီးချစ်ပြရမယ် ဆိုသော သံဓိဌာန်များ ထပ်ကာထပ်ကာချဖို့ပါ
ဒေါ်သက်ထားမစဉ်းစားတတ်တော့ပါ ဟန်သာပြောသွားသလို ဒီလူ့ဘဝကြီးထဲမှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်ခွင့်ရဖို့အတွက် ဘာအရေးကြီးပါသလဲ
လုပ်သင့်တာလား လုပ်ချင်တာလား
ဖြစ်သင့်တာလား ဖြစ်ချင်တာလား
ပြီးတော့ မတူညီတဲ့ ပျော်ရွှင်ခြင်း သက်ထားလည်း ငယ်ရာကကြီးလာသူပါအဲ့ဒီ အမျိုးမျိုးသော ခံစားချက်တွေကို ခံစားဖူးတာပေါ့ သမီးလေး အတွက်ဘာကို ဆုံးဖြတ်ချက်ချသင့်သလဲ သူမအတွေးများကို ကျော်လွန်ဖို့ကြိုးစားရင်း အိပ်စက်ဖို့အရင်စိတ်ကူးလိုက်သည်
![](https://img.wattpad.com/cover/177860223-288-k755896.jpg)
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ