အခန်း(၁၂)

16.3K 1.9K 94
                                    

Zawgyi

နှင်းတွေကို ရှာဖွေနေဆဲ ဆောင်းရာသီကတော့ ပြုံးတုံ့တုံ့နှင့် ကုန်ဆုံးတော့မည်။ ဝယ်ထားတဲ့ အနွေးထည်တွေ ဒီနှစ်လည်း မထုတ်ခဲ့ရပါ။ ခိုက်ခိုက်တုန်အောင် ချမ်းချင်နေသူတွေကို ရန်ကုန်ဆောင်းက သရော်နေတော့သည်။ မနက်လင်း ခုနှစ်နာရီကျော် အပြင်ထွက်ရင် ချွေးရွှဲနေရမည်။ မိုးကုန်ထဲက နွေကူးနေပြီ မှတ်ရသည်။

"မချမ်းပါဘူး ဆောင်းလေးရာ အဲ့ဒီကုတ်ကြီး အချိန်တန် ချွတ်ထားရမှာကို ဝတ်နေသေးတယ်"

"အဲကွန်းဖွင့်ရင် အေးလာမှာပဲ"

အပေါ်ကုတ် ဖြူလွလွကို သေချာဝတ်၍ မျက်စောင်းခဲရင်း ပြန်ဆိုသည်။ ဟုတ်ပါတယ် မိန်းကလေးဆိုတာ ကိုယ့်ချစ်သူ လှတယ် ပြောတာ ခံချင်ကြတာချည်းလေ။

"ဟုတ်ပါပြီ မဝတ်ချင်ရင် ငါကိုင်ပေးပါ့မယ် ငါကောင်မလေးက ဘယ်လိုနေနေ ချစ်စရာလေးကွာ"

ဒီလိုကျတော့လည်း "အပိုတွေ"ဟု ပြောကာ မျက်စောင်းခဲပြန်သည်။ မျက်စောင်းနဲ့အပြုံးက မိန်းကလေးတွေရဲ့ မာယာထဲ ပါမလား မပြောတတ်။ ညီတော့ လှသည်ဟု သတ်မှတ်ပါသည်။

ဆယ်တန်းအောင်စာရင်း ထွက်တော့ သုံးယောက်သား အေးအေးလူလူပင် အောင်ကြသည်။ အမှတ်စာရင်း ထုတ်ကြည့်တော့လည်း သုံးယောက်ရဲ့ အမှတ်တွေက စံချိန်ညီသည်။ သုံးရာကျော်တွေချည်း။

ဆောင်းလေးက  နယူးယောက်မှ မိဘများက ခေါ်နေလေပြီ။ တေဇနဲ့ သုခက အဝေးသင် လျှောက်ကြသည်။အိမ်ကအောင်ရုံကျေနပ်ပေမယ့်  "ညီရာ ငါ့မှာ ကျားကုတ်ကျားခဲ သင်ထားရတာ" ဟု အားမရစကား ပြောသူက ရှိသေးသည်။ ညီအတွက်တော့ ကိုယ်နှုန်းနဲ့ရလဒ် ညီမျှနေပါသည်။

အဝေးသင်သိပ္ပံတွဲယူတော့လည်း
"အချိန်တွေဖြုန်းတာ ဝိဇ္ဇာတွဲယူပြီး သင်တန်း တစ်ခုခု တက်လိုက်တာမှ အကျိုးရှိဦးမည်" ဟုပိုင်ရှင်က မကျေမချမ်းဆိုပြန်သည်။ မိဘတွေ စိတ်တိုင်းကျ အက်(စ်)တီအိုင် တက်ပြီးပြီ ဖြစ်သည်။ ဒဂုံရိပ်မှာခိုနေတဲ့ ရောင်စုံပန်းကလေး တွေ အလှကို နှစ်ပတ်ခြားလောက်တော့ ခံစားကြည့်ချင်၍ သုခကို အဖော်စပ်ပြီး သိပ္ပံတွဲကို ညီရွေးခဲ့သည်။

ညီပိုင်ရှင်(complete)Where stories live. Discover now