အခန်း(၁၈)

15.3K 1.6K 127
                                    

Zawgyi

အအေးခွက်ထဲ ပိုက်ထည့်ကာ နာနာမွှေရင်း ဆိတ်ငြိမ်နေသော စားပွဲဝိုင်းကို ညီက စကားစ၍ ဖြိုခွင်းလိုက်သည်။

"တောင်းပန်ပါတယ် ပိုး"

"ဘာလို့လဲ"

နှုတ်ခမ်းဖျားက မောင်ဟု ထွက်မည်ပြင်ပြီးမှ စိတ်လက်နက်နှင့် စကားလုံးကို ဖြတ်ချလိုက်သည် ထင်၏။လေသံ အပြင်ကို ရောက်မလာ။"ညီတေဇ..."ဟု အဆုံးသတ်ကာ ထမင်းကြော် တစ်ဇွန်းပါးစပ်ထဲထည့်၍ အဝေးကိုငေးရင်း ဖြည်းဖြည်းချင်း ဝါးနေသည်။

"ကျွန်တော့်ကြောင့် ပိုး အရှက်လည်း ရခဲ့မယ်၊
မာနလည်း ထိခိုက်ခဲ့မှာပေါ့ ၊ ကျွန်တော့်အပြစ်တွေ များပါတယ် ပိုးရာ၊ တောင်းပန်တာထက် ပိုပြီး ထိရောက်တဲ့ စကားရှိရင် ပြောချင်ပါသေးတယ်"

"ဘာလို့တောင်းပန်တာလဲ ညီတေဇ"

"ဗျာ......"

အဖျားသက်တွေ တုန်ရင်သွားတဲ့ ပိုးအမေးသံကြောင့် ညီ အအေးထဲက ရေခဲတုံးကို စားရင်း နင်သွားသည်။ မျက်ဝန်းအိမ်က အရောင်လဲ့နေ၍ မျက်တောင်ကလေးတွေ ခဏခဏ ပုတ်ခပ်နေရသည်။ ပိုး ရဲ့ နှုတ်ခမ်းတွေကတော့ စေ့စေ့တင်း နေရာက ထပ်မေးပြန်သည်။

"ညီတေဇနဲ့ ပြတ်သွားတဲ့ ရည်းစားတိုင်းကို ဒီလိုပဲ တောင်းပန်နေတာပဲလား"

"အာ...ဒီလိုတော့ မဟုတ်ပါဘူး ပိုးလို မိန်းမလှလေးကို အမုန်းနဲ့ နှုတ်ဆက်လိုက်ရင် မယ်သီတာမုန်းတဲ့ ဒဿထက် ပိုအဖြစ်ဆိုးသွားမှာလေ ဒါကြောင့်"

ညီ ဘေးနားမှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသော ပိုင်ရှင့်ကို ခဏကြည့်ပြီးမှ ဖြေလိုက်သည်။ 'ပါးအရိုက်ခံလို့ကတော့ ပိုင်ရှင်ရေ မင်းနဲ့ငါနဲ့ တွေ့မယ်'ဟု ကြိမ်းနေမိသည်။

"အမုန်းနဲ့ နှုတ်မဆက်ချင်ရင် မမုန်းရအောင် နေပေါ့ ညီတေဇရယ် ၊ ပိုးကတော့ ညီတေဇကို မုန်းတယ်၊ တစ်ကယ်ကို အရမ်းမုန်းတယ်၊ အဲ့ဒီလို မုန်းတာကလည်း အဲ့ဒီအမုန်းနဲ့ညီမျှအောင် ချစ်ခဲ့မိလို့ပဲ ၊ ပိုးကို တောင်းပန်စရာ မလိုပါဘူး၊ ပိုးကလည်း ခွင့်လွှတ်စရာ မရှိဘူး၊ ညီတေဇက မချစ်ခဲ့ဘူး ပိုးက ညီတေဇကို မုန်းတယ်  ဒါပဲ ။ အချစ်ရဲ့ ဒဏ်ရာကို တောင်းပန်တာ ခွင့်လွှတ်တာတွေနဲ့ ကုလို့တာမှ မဟုတ်ဘဲ"

ညီပိုင်ရှင်(complete)Where stories live. Discover now