ခန့်တစ်ယောက် ကားသာမောင်းနေသည်။ စိတ်က အတွေးပေါင်းများစွာဖြင့်။
"ဆရာကြီး.. ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"
"အေး.. လာ.. ထိုင်"
ဦးဘုန်းထက်အောင်ဆိုတာ အေးသုခဖဆေးရုံ၏ ပိုင်ရှင်။ သူကိုယ်တိုင်က အထူးကုဆရာဝန်တစ်ယောက်ဖြစ်သည်။ ဝန်ထမ်းတွေအားလုံးက သူ့ကို ဆရာကြီးဟု ခေါ်ကြသည်။
"သမီး ထား.. လာသွားတယ်မဟုတ်လား"
"ဟုတ်ကဲ့"
"အင်း.. ခန့်.. သားကို ဆရာက သားတစ်ယောက်လို သံယောဇဉ်ရှိခဲ့တာပါ"
ဒီစကား အစချီကတည်းက ဘယ်ကို ဦးတည်နေလဲဆိုတာ ဗေဒင်တောင် မေးစရာမလို။
"သမီး ထားနဲ့ သားကိစ္စကို မိဘချင်းလည်း ပြောပြီးသားပဲမဟုတ်လား"
"ဟုတ်ပါတယ်"
"သမီးကို ဂရုစိုက်ပေးပါ.. သားက သူ့အပေါ် အရင်လောက်တောင် မခင်တွယ်တော့ဘူးလို့ သမီးက ပြောသွားတယ်"
"မဟုတ်ပါဘူး.. သူ့စိတ်က ထင်လို့ပါ.. သူ့အပေါ်ထားတဲ့ ကျွန်တော့်စိတ်က အရင်အတိုင်းပါပဲ"
ခန့်ရဲ့ အရင်အတိုင်းပါပဲ ဆိုတဲ့ စကားကြောင့် ဦးဘုန်းထက်အောင် သက်ပြင်းချမိသည်။
"အေးကွာ.. လူ့စိတ်ဆိုတာ အခက်သားပဲ.. လူငယ်တွေဆိုတော့လည်း ချစ်တာမုန်းတာတွေ စဉ်းစားကြသေးတာပဲ.. သမီးကြောင့် သား စိတ်အနှောင့်အယှက်ဖြစ်ရတာ သိပေမယ့် ဆရာ့ဘက်က အကူအညီတောင်းတာပါ.. သမီးလေးစိတ်အခြေအနေကိုလည်း သားသိပါတယ်"
"ဟုတ်ကဲ့"
'ကျေးဇူးတရားဆိုတာ ဒီနည်းလမ်းနဲ့ မဆပ်ရင်ရော မရဘူးလားဆရာရယ်.. လူတစ်ယောက်ကို ချစ်ဖို့ ဦးနှောက်နဲ့ ထိန်းချုပ်လို့ရရင် သိပ်ကောင်းမှာပဲ'
နေ့လည်က ဦးဘုန်းထက်အောင်နဲ့ ပြောခဲ့တာတွေကို ပြန်တွေးရင်း ကားရှေ့က လမ်းဖြတ်ကူးနေတဲ့ လူ၂ ယောက်ကို မြင်တော့..
"ဟာ!!!"
ကျီ..
ခန့် အမြန်ပဲ ကားထဲက ထွက်ပြီး အခြေအနေကို ဆင်းကြည့်လိုက်သည်။