Episode -26

350 15 0
                                    

မျက်လုံးတွေက လေးလံနေသည်။ အားတင်း၍ ဖွင့်ကြည့်လိုက်တော့ စူးရှတဲ့ မီးအလင်းရောင်ကြောင့် မျက်လုံးကို အမြန်ပြန်မှိတ်ပစ်လိုက်ရသည်။ သူမလက်တစ်ဖက်ကို တစ်စုံတစ်ခုက ချုပ်နှောင်ထားသလို ခံစားမိလိုက်သည်။

နောက်တစ်ကြိမ် ကြိုးစားပြီး ဖွင့်ကြည့်လိုက်သည်။ အမြင်တွေက အစပိုင်းမှာ ဝါးတားတား။ တဖြည်းဖြည်းနဲ့ ထင်ထင်ရှားရှား မြင်လာရတာက ထိုးထိုးထောင်ထောင် ဆံပင်တစ်ချို့။

သူမလက်ကို ကိုင်ပြီး ခုတင်ပေါ် ခေါင်းတင်ကာ အိပ်ပျော်နေတဲ့ လူတစ်ယောက်။

"ထွဋ်"

သတိရရချင်း ပထမဆုံး ထွက်လာတဲ့ စကားသံ။ သူမအသံ ကြားသဖြင့် ထွဋ် အိပ်နေရာမှ နိုးလာသည်။

"ကျော့.. သတိရလာပြီလား"

ပြောပြောဆိုဆို ကျော့နဖူးလေးကို စမ်းကြည့်လိုက်သည်။

"အဖျားကတော့ မရှိတော့ဘူး.. ဒေါက်တာက ပြောသွားတယ်.. အစာ မစားလို့ အားနည်းတာတဲ့.. ဖျားနေတဲ့ အရှိန်နဲ့ အိပ်ရေးပျက်တာရော ပေါင်းပြီး မေ့လဲသွားတာတဲ့.. ဆေးလည်း သွင်းပေးသွားတယ်.. ကျော့ရယ်.. ဘာလို့ အဲ့လောက်ကြီးထိ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရတာလဲ"

သူပြောတာကို ဘာမှ ပြန်မပြောဘဲ ပြုံးပြီး နားထောင်နေတဲ့ ကျော့။

"နင် တကယ် ပြန်လာပြီနော်"

ကျော့လက်ချောင်းလေးတွေက ထွဋ်ပါးပြင်ကို ခပ်ဖွဖွ ထိကိုင်လာသည်။ ထွဋ် သူ့ပါးပြင်ကို လာကိုင်တဲ့ သူမလက်လေးကို ဆုပ်ကိုင်ရင်း

"ငါ အမြန်ဆုံး ပြန်လာခဲ့မယ်လို့ ပြောထားရဲ့သားနဲ့''

"ဟင်.. နင် ဘယ်တုန်းက ပြောလို့လဲ.. ငါနင်နဲ့ ဖုန်းလည်း ကောင်းကောင်း မပြောမိပါဘူး"

"ဟုတ်လား.. အာ.. မေ့သွားလို့.. ငါ မင်းကို ပြောခဲ့တာတော့ မဟုတ်ဘူး"

"ဒါဆို ဘယ်သူ့ကို ပြောခဲ့တာလဲ"

ကျော့ မျက်နှာလေး မသိမသာ စူပုပ်သွားသည်။

'လမင်းကြီးကို ကြည့်ပြီး ပြောခဲ့တာဆိုရင် မင်း ငါ့ကို ရူးနေတယ်လို့ ထင်သွားမလား'

"ဖြေလေ.. ဘယ်သူ့ကို ပြောခဲ့တာလဲလို့"

"ကျော့.. မင်း ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ သိလား"

သူ မဖြေချင်၍ စကားလမ်းကြောင်း လွှဲလိုက်မိသည်။

"ငါမေးတာကိုပဲ ဖြေပါ"

"မင်း ၂ ရက်ကြီးများတောင် အိပ်ပျော်သွားတာ"

"ဟင်!!.. ၂ ရက်!"

သူမ အဲ့လောက်တောင် အိပ်ပစ်လိုက်တာလား။ အပြင်ကို ကြည့်လိုက်တော့ ညမိုးချုပ်နေပြီမှန်း သိလိုက်ရသည်။

"ခုမှ ညပဲ ရှိသေးတာ"

"အင်းလေ.. မနေ့ မနက်ကတည်းက မေ့လဲသွားတာ.. ခုညနဲ့ဆို ၂ ရက် ရှိပြီပေါ့"

"ဟုတ်လား"

"အင်း"

"ဖွားရော"

"အိပ်ပြီ"

"ဘယ်အချိန်ရှိလို့ အိပ်.. ဟင်!.. ၁၀ နာရီတောင် ခွဲပြီ.. နင်က ဒီမှာ ဘာလုပ်နေတာလဲ"

"ဟင်း.. မေးပုံကိုက.. မင်းကို စောင့်ပေးနေတာလေ.. သတိရနိုးရနိုးနဲ့ စောင့်နေရတာ"

"အိပ်ရင်း စောင့်တာပေါ့"

"ဟ.. ငါ ဘယ်လောက် အိပ်ရေးပျက်ထားရလဲဆိုတာ မင်းသိလား.. ခရီးကပြန်ရောက်ကတည်းက မအိပ်ရသေးဘူး.. မနေ့ကလည်း တစ်နေကုန် မအိပ်ရသေးဘူး.. ခုနလေးကမှ တအားအိပ်ချင်လာလို့ မှေးခနဲ ဖြစ်သွားတာ.. မင်းကြောင့် ငါ ဘယ်လောက် ပင်ပန်းသွားလဲ သိလား"

"ခု.. နင် ငါ့ကို စိတ်ဆိုးနေတာလား"

"ဟုတ်တယ်"

"ဟင်!!"

"ပြောတော့ မာလှချည်ရဲ့ဆို.. ဘာလို့ မူးလဲရတဲ့ထိ ပေတေနေရတာလဲ.. သူ့ကို အဲ့လောက်တောင် သတိရနေတာလား"

"အဲ"

ခန့်ကို သတိရနေတာပဲလို့ သူ ထင်နေမိသည်။ သူ့မှာတော့ စိတ်တွေ ပူလိုက်ရတာ။ သူမကတော့ သူ့ကို ကြည့်ပြီး ဘာတွေ သဘောကျနေသည် မသိ။ တခွိခွိနဲ့ တိုးတိုးလေး ရယ်နေသည်။

"ဘာရယ်တာလဲ"

"ဘာမှ မဟုတ်ပါဘူး"

"မင်း တစ်ခုခု တွေးမိလို့ ရယ်တာ မဟုတ်လား"

"ဘာမှ မဟုတ်ပါဘူးဆိုဟယ်.. နင် ပြန်ရင် ပြန်တော့လေ.. အိပ်ရေးပျက်နေတယ်ဆို.. ထပ်အိပ်လိုက်ဦး"

"မင်းကရော.. တစ်ယောက်တည်း ဖြစ်ရဲ့လား"

"ဖြစ်ပါတယ်.. ငါ ၂ ရက်ကြီးများတောင် အိပ်ထားတာ.. အားတွေ ပြန်ပြည့်နေပြီ.. နင်သာ အားသွားဖြည့်"

"အင်း.. ဒါဆို ငါ ပြန်တော့မယ်"

"အင်းလို့"

ထွဋ် သူမကို စိတ်မချ။ အိပ်ရေးဝနေတဲ့ သူဆိုတော့ အငြိမ်နေမှာ မဟုတ်။ တစ်ခုမဟုတ်တစ်ခု လျှောက်လုပ်နိုင်သည်။ ခုလည်း အငြိမ်မနေ။ ခုတင်ပေါ်မှာ လှုပ်ရွနေသည်။

"ဘာလုပ်ဦး မလို့လဲ"

"အိပ်ရာပေါ်မှာပဲ နေရတာ ညောင်းတယ်ဟ.. လေ့ကျင့်ခန်းလေး.. ဘာလေး လုပ်မလို့"

"ငြိမ်ငြိမ်လေးပဲ နေလို့ မရဘူးလားဟင်"

"ဟာ.. ပျင်းစရာကြီး"

ပြောပြောဆိုဆို ခုတင်ပေါ်မှာ ထိုင်နေရာက ဆက်ခနဲ မတ်တတ်ရပ်လိုက်သည်။ ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားပြီး ဟန်ချက်ပျက်ကာ လဲကျသွားသည်။ သို့သော် သူမကို ထွဋ်က လှမ်းဖမ်းထားလိုက်၍ အောက်ကိုတော့ လဲကျမသွား။

"ငါ ပြောသားပဲ.. ငြိမ်ငြိမ်နေပါဆို.. နာလံထူကာစပဲ ရှိသေးတာကို"

ပြောသာ ပြောနေသည်။ သူမကို လွှတ်မပေးရသေး။ ခန္ဓာကိုယ် ၂ ခုက နီးကပ်စွာ။ သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့ ကျော့။ နီးကပ်နေတဲ့ ရင်ဘတ်၂ ခုက ရင်ခုန်သံတွေကို အပြိုင်တီးခတ်နေကြသည်။ တစ်ယောက်ရင်ခုန်သံကို တစ်ယောက် ကြားသွားမှာပင် စိုးရိမ်နေရသည်။

"အဟင်း"

ထွဋ် သူမကို အချိန်အတော်ကြာ ငေးကြည့်နေမိရာမှ သတိဝင်လာပြီး ချောင်းတစ်ချက်ဟန့်ကာ သူမကိုယ်လေးကို လွှတ်ပေးလိုက်သည်။

"ဒီပုံစံအတိုင်းဆို ငါ အိမ်ပြန်လို့ ဖြစ်ပါ့မလား"

ကျော့ ဘာမှ ပြန်မပြော။ ခေါင်းကိုသာ ငုံ့ထားသည်။

"ကျော့.. စကားလေးဘာလေး ပြန်ပြောပါဦး"

"ဟင်.. ငါ ဘာပြောရမှာလဲ"

"မင်း အရမ်းကြီး လှုပ်ရှားလို့ မရသေးဘူး.. ဒါကြောင့် ငြိမ်ငြိမ်လေး နေလို့ ပြောတာ"

"အေး.. အေးပါ.. နင်.. ပြန်တော့လေ.. ငါ ငြိမ်ငြိမ်လေးပဲ နေပါ့မယ်"

"ငါ စိတ်ချမယ်နော်"

"အေးပါဆိုဟာ"

"ဒါဆို ငါသွားပြီ"

"အင်း"

သူ ထွက်သွားတော့မှ သူမ ရင်ဘတ်လေးကို လက်နဲ့ဖိလိုက်ရင်း

'ဘယ်လိုကြီးပါလိမ့်.. ငါ သူ့ကို ရင်ခုန်နေမိတာလား.. အသက်ရှူရ ခက်နေသလိုပဲ.. မောလိုက်တာ'

ခန့်နဲ့ တွေ့တုန်းကလို ရင်ခုန်တာမျိုး မဟုတ်။ ခန့်နဲ့တုန်းက ရင်ခုန်သံတွေက အထိန်းအချုပ် မရှိ။ ခုဟာက စည်းချက်မှန်မှန် အခုန်မြန်နေတာမျိုး။

'ငါ သူ့ကို ချစ်နေမိတာတော့ မဟုတ်လောက်ပါဘူးနော်'

ထွဋ် အခန်းတံခါးကို ပိတ်ပြီးမှ အသက်ကို ဝအောင် ရှူနိုင်တော့သည်။

'ကျော့ရယ်.. မင်းနဲ့ ပတ်သက်လာရင် ငါ့ရင်ခုန်သံတွေကို ထိန်းချုပ်လို့ မရတော့တာ မင်းသိလား'

@@@@@@@@@@@@@@@

ထွဋ်ပြန်ရောက်လာကတည်းက ကျော့တစ်ယောက် အစားလည်း ပုံမှန် စားလာသည်။ အရင်လို လန်းဆန်းတက်ကြွ လှပတဲ့ ကျော့ ပြန်လာလေပြီ။

"နင်တို့ ၂ ယောက်ကို ကြည့်ပြီး စိတ်ချမ်းသာလိုက်တာဟယ်"

သူတို့ ၂ ယောက် ရေခဲမုန့် လုစားနေတဲ့ အနားကို ရောက်လာတဲ့ ရွှေစင်။

"ဘာလဲ.. ရေခဲမုန့်စားချင်လို့လား"

"အမယ်လေး.. စားချင်ရင် ငါလည်း ဝယ်စားနိုင်ပါတယ်.. ထွဋ်.. သိလား.. ကျော့ကလေ.. အွန့်"

ရွှေစင့်ပါးစပ်ထဲကို ဇွန်းနဲ့ အမောက်ကြီး ကော်ထားတဲ့ ရေခဲမုန့်တွေ အရှိန်နဲ့ ဝင်သွားသည်။ ကျော့ သူမကို အနုနည်းနဲ့ နှုတ်ပိတ်လိုက်ခြင်း။ ရွှေစင် သူနဲ့ ပတ်သက်ပြီး တစ်ခုခုပြောမှာကို စိုးရိမ်နေမိသည်။

ရွှေစင်က နှုတ်လုံပေမယ့် တခြားအကြောင်းအရာတစ်ခု.. ဥပမာ.. ကျော့ သူ့ကို ဘယ်လောက် သတိရတယ်ဆိုတာမျိုးကို ပြောလိုက်မှာကို မလိုလား။

"နင်ကလည်း.. အဲ့လောက် စေတနာ မကောင်းနဲ့လေ.. ပေကုန်ပြီ"

"ရော့.. သုတ်လိုက်"

ရွှေစင် ကျော့ကို မျက်စောင်းလေး ထိုးလိုက်ရင်း

"နင်နော်.. ငါ့ကို အဲ့လောက် အနိုင်မကျင့်နဲ့"

"ငါ နင့်ကို အနိုင်မကျင့်ပါဘူး.. ငါ့ ချစ်သူငယ်ချင်းလေးကို စားစေချင်လို့ ကျွေးတာကို"

"နေစမ်းပါဦး.. ဒီ ၂ ယောက် ဘာဖြစ်နေကြတာလဲ.. မရိုးဘူးနော်.. ငါ မသိအောင် ဘာတွေများ လျှိုထားကြသေးလဲ"

"နင်ကလည်း.. ဘာမှ မလျှိုပါဘူး.. အဲ့ရွှေစင်မ အရူးထနေတာ"

"အောင်မာ.. ငါ မရူးဘူး.. နင်သာ ရူးတာ"

"ဟုတ်ပါပြီ.. နင် စိတ်ချမ်းသာအောင် ငါပဲ ရူးပေးပါ့မယ်"

"ဒီလို လိမ္မာမှပေါ့"

တစ်ယောက်နဲ့ တစ်ယောက် စနောက်နေရင်း ကျော့ဆီ message ဝင်လာသည်။

"ဟဲ့.. ကြည့်လိုက်ဦးလေ"

"ထုံးစံအတိုင်း Telenor ကပဲ နေမှာပေါ့"

"နင်ကလည်း.. promotion တွေ ဘာတွေများ ရှိလို့လားမှ မသိတာ"

"ဟင်း.. ဒီရွှေစင်မနဲ့တော့နော်.. တော်တော်စပ်စုတာပဲ"

ရွှေစင် ပြောတဲ့အတိုင်း message ကို ဖတ်ကြည့်လိုက်သည်။

°°ကျော့.. ကိုယ်ပြန်ရောက်ပြီ.. ကျော့နဲ့ တွေ့ချင်လို့.. ညနေ ၆ နာရီလောက် Royal Rose Hotel က အခန်းနံပါတ် ၂၀၄ ကို လာပေးနိုင်မလား°°

"ဟင်!!.. ကိုကို ပြန်ရောက်ပြီတဲ့"

သူမစကားကြောင့် ရွှေစင်က သိလိုစိတ်နဲ့ ဖုန်းဆီကို တိုးလာ၍ message ကို ဖတ်ကြည့်သော်လည်း ထွဋ်ကတော့ အပြုံးအရယ် မရှိ။ ရေခဲမုန့်ကိုသာ ဟန်မပျက် စားနေသည်။

"ဟင်!!.. နင့်ဟာက ကောင်းပါ့မလား.. ဟိုတယ်ကို ခေါ်တာဆိုတော့.. တွေ့ချင်ရင် သူလာတွေ့လို့ ရတာပဲကို"

ဟိုတယ်ဆိုတဲ့ အသံကြောင့် ထွဋ် စားနေရာက ရပ်သွားပြီး ကျော့ကို ကြည့်လိုက်သည်။ သူမ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကိုလည်း သိချင်မိသည်။

"ဟာ.. နင်ကလည်း ငါ့ကို surprise လုပ်ချင်လို့ နေမှာပေါ့.. ငါ သွားမယ်"

ထွဋ်စိတ်ထဲ တစ်ခုခုကို မသင်္ကာ ဖြစ်နေမိသည်။

"ကျော့.. ကိုခန့်ဇော်အောင် ပြန်ရောက်ဖို့ တစ်ပတ်လောက် လိုသေးတယ်လေ"

"နင်ကလည်း.. စောပြန်လာရလို့ နေမှာပေါ့"

"ဒါနဲ့.. သူက ဘာလို့ ဖုန်းမဆက်တာလဲ"

"ထွဋ်.. နင် ဘယ်လိုဖြစ်နေတာလဲ.. သူ မအားလို့ နေမှာပေါ့.. ငါ့ကို တွေ့ချင်လွန်းလို့ ချိန်းလိုက်တာ နေမှာပေါ့"

"ဟင်း.. နင်ဆုံးဖြတ်ပြီးမှတော့ သွားပေါ့ဟာ.. ဒါပေမယ့် သူ့ကို အရမ်းကြီး အလိုမလိုက်နဲ့နော်"

"ရွှေစင်.. နင်ကပါ ဘယ်လိုဖြစ်နေတာလဲ.. ငါက ဘာလို့ သူ့ကို အလိုလိုက်ရမှာလဲ.. ဒီတိုင်း သွားတွေ့ပြီး ပြန်လာမှာပဲကို"

ထွဋ် ဘာမှ ဝင်မပြောတော့။ သူမဘက်က ဒီလောက်တွေ့ချင်နေမှတော့ သူ ဆက်တားနေလည်း အလုပ်ဖြစ်မှာ မဟုတ်။

'မင်း သူ့ကို အဲ့လောက်တောင် ချစ်တာလားကွာ'

@@@@@@@@@@@@@@@

"ဟယ်.. မိကျော့.. အလှတွေ ပြင်လို့ပါလား.. ဘယ်သွားမလို့လဲ"

"ရွှေစင့်ဆီ သွားမလို့"

"ဟေ.. နေ့ခင်းတုန်းက တစ်ခါ သွားပြီးပြီလေ.. ပြီးတော့ သူ့ဆီ သွားရင် ဒီလို အလှတွေ ပြင်မသွားပါဘူး.. မှန်မှန်ပြောစမ်း.. ညည်း ရည်းစားရနေပြီလား"

"ဟာ.. ဖွားကလည်း.. "

"ဖွားကလည်း လုပ်မနေနဲ့.. ညည်းကို မတော်တရော်တွေနဲ့ တွေ့သွားမှာစိုးလို့.. ခုရော ကောင်လေးက ဘာလုပ်လဲ"

"ဟာ"

သူမဘက်က ပထမအမေးကိုတောင် မဖြေရသေး။ နောက်တစ်ခု ဆက်မေးပြန်ပြီ။

"ငါလည်း ငယ်ရာက ကြီးလာတာပါအေ.. ညည်းပုံစံကိုကြည့်တာနဲ့ ဘာဖြစ်နေလဲဆိုတာ နည်းနည်းပါးပါးတော့ ရိပ်မိပါတယ်.. ကဲ.. ဖြေစမ်းပါဦး.. ဘယ်ကလဲ.. ဘယ်သူလဲ.. ဘာလုပ်သလဲ"

"ဖွားကလည်း.. သမီး အိမ်ခေါ်လာပြီး မိတ်ဆက်ပေးပါ့မယ်.. ခုဟာက လေ့လာနေတုန်းပဲ ရှိသေးတယ်"

"အေး.. ရည်းစားဆိုလည်း ရည်းစားလောက်ပဲ အခွင့်အရေး ပေးနော်.. ဘာသံညာသံတွေ မကြားချင်ဘူး"

လာပြန်ပြီ နောက်တစ်ယောက်။

"ဖွားကလည်း.. သမီးတို့က စည်းရှိပါတယ်"

"အေးပါအေ.. ကဲ.. သွားသွား.. စောစောပြန်လာနော်"

"ဟုတ်.. ခဏပဲ သွားမှာ.. ဖွား"

ဂါဝန်လေး တဝဲဝဲနဲ့ အိမ်ထဲမှ အမြန် ပြေးထွက်ခဲ့သည်။ မဟုတ်ရင် ဖွားရဲ့ ဆုံးမဩဝါဒတွေကို မိုးချုပ်တဲ့အထိ နားထောင်နေရလိမ့်မည်။

@@@@@@@@@@@@@@@

"ကျော့.. ငါ လိုက်ပို့မယ်"

"ဟာ.. ရတယ်.. taxi ငှားသွားလိုက်မယ်"

သူမကို စိတ်မချလို့ ကြိုစောင့်နေတဲ့ ဟာကို။ အရင်ကတော့ သူမ သွားချင်တဲ့ နေရာတွေကို အချိန်မရွေး၊ နေရာမရွေး လိုက်ပို့ရမယ်တဲ့။ ခုတော့ သူ့ကို လိုက်မပို့စေချင်သဖြင့် ရင်ထဲက ဆစ်ခနဲ ဖြစ်သွားသည်။

"အရင်က မင်း ဘယ်သွားသွား လိုက်ပို့ဖို့ ပြောထားတယ်လေ"

"ရတယ်.. ဒီတစ်ခေါက်တော့ ငါ့ဟာငါ သွားလိုက်မယ်"

ကျော့ သူ့ကို တမင် လိုက်မပို့ခိုင်းတာပါ။ အရင်က ခန့်နဲ့ သွားတွေ့ဖို့ သူ့ကို လိုက်ပို့ခိုင်းခဲ့မိသည်။ အဲ့ဒီတုန်းက သူ နာကျင်ခဲ့ရတယ် ဆိုတာကို သူမ မသိခဲ့။ ထွဋ် သူမကို ချစ်နေတယ်လို့ သိရတဲ့ အချိန်ကစပြီး သူမကြောင့် သူ့ကို မနာကျင်စေချင်တော့။ ခန့်နဲ့သွားတွေ့ရင် သူ့ကို လိုက်မပို့ခိုင်းဖို့ ဆုံးဖြတ်ထားလိုက်သည်။

"ထွဋ်.. ငါ.. ကိုယ့်ဟာကိုယ် သွားနိုင်အောင် ကြိုးစားချင်တယ်.. နင်လည်း မအားတဲ့ အချိန်ဆိုတာ ရှိမှာပဲလေ.. အဲ့တုန်းက နင့်ကို ဒီလို တောင်းဆိုမိခဲ့လို့ စိတ်မကောင်းပါဘူး.. နောင်ကို မတတ်သာမှသာ နင့်ကို ပို့ခိုင်းပါ့မယ်.. ကဲ.. ငါသွားပြီနော်"

ငိုင်ငိုင်လေး ဖြစ်သွားတဲ့ သူ့ကို ကျောခိုင်းထွက်လာတော့ သူမစိတ်တွေ လေးလံနေသည်။ ရင်ထဲမှာလည်း ပြောမပြတတ်တဲ့ ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။

'ထွဋ်ရယ်.. ငါ နင့်ကို ဒီ့ထက်ပိုပြီး ဒဏ်ရာတွေ မပေးချင်တော့ဘူး.. နင် ငါ့ကို မချစ်ခဲ့ရင် ကောင်းမှာပဲဟာ.. ငါ့ကြောင့် နင် နာကျင်ခဲ့ရတာ.. နင့်ဘက်က အများကြီးပေးဆပ်ခဲ့ရတာ.. အနစ်နာခံခဲ့ရတာ.. ဒါကြောင့်.. ငါ့ကို မချစ်ပါနဲ့တော့လားဟာ'

@@@@@@@@@@@@@@@

Royal Rose Hotel ကြီးကို လှမ်းမြင်နေရတော့ သွားဖို့ တွန့်ဆုတ်နေမိသည်။ နာရီကို ကြည့်လိုက်တော့ ၆ နာရီ ၁၀ မိနစ်။

"အေးလေ.. သူလာဖို့ အဆင်မပြေလို့ ငါ့ကို လာခိုင်းလိုက်တာ နေမှာပေါ့"

ကိုယ့်ဘာသာ ဖြေသိမ့်ရင်း လမ်းတစ်ဖက်က ဟိုတယ်ဆီသွားဖို့ လမ်းကူးလိုက်သည်။ သူမ ဘယ်ညာ ရှေ့နောက် သေချာ ကြည့်ပြီး ရှင်းပြီဆိုမှ ကူးခဲ့တာပါ။ သူမ လမ်းလယ်ခေါင် ရောက်မှ လမ်းဘေးချရပ်ထားတဲ့ ပြိုင်ကားတစ်စီးက ဒုံးပျံလိုအရှိန်နဲ့ သူမရှိရာ ဦးတည်မောင်းလာသည်။

ရုတ်တရက်ဆိုတော့ သူမလည်း ကြောင်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ ရှေ့ပဲ ဆက်သွားရမလား။ နောက်ပဲ ပြန်ဆုတ်ရမလား မခွဲတတ်တော့ဘဲ လမ်းမအလယ်မှာ ရပ်နေမိသည်။

ကားက သူမနဲ့ ပို၍ နီးကပ်လာသည်။ ထိုစဉ် သူမကိုယ်လေး ချာလပတ်ရမ်း သွားသည်။ မျက်လုံးကို စုံမှိတ်လိုက်တာမို့ အတိုက်ခံလိုက်ရတာလား။ ဘေးကင်းသွားတာလားဆိုတာ သေချာ မသိ။ သူမ သိလိုက်သည်က လူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်နေတယ် ဆိုတာပါပဲ။

@@@@@@@@@@@@@@@

♬♬ငါနားမှာ နင်သာ ရှိရင်.. ♬♬

ဖုန်းမြည်သံကြောင့် မျက်လုံးတွေ စုံမှိတ်ထားရာမှ ဖြည်းဖြည်းချင်း ပွင့်လာသည်။

"အခြေအနေ ဘယ်လိုလဲ"

တစ်ဖက်က အနည်းငယ် စိတ်လှုပ်ရှားနေတဲ့ အသံနဲ့လူက

"ကျွန်တော်တို့ အစီအစဉ်အတိုင်းတော့ ဖြစ်မလာတော့ဘူး.. သူ့ကို နာရုံလေးပဲ တိုက်ဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး"

"ဟင်!!.. သေသွားလို့လား.. မင်း အလုပ်ကို ဘယ်လိုလုပ်နေတာလဲ!"

"မသေပါဘူး.. အစီအစဉ် ဆွဲထားသလို ဖြစ်မလာတော့ဘူး.. သူ့ကို မတိုက်မိဘူး.. ဝင်ကယ်တဲ့သူ ရှိတယ်"

"ဘယ်လို!.. ဒါနဲ့ ကားနံပါတ်ရော မြင်သွားသေးလား"

"မမြင်ဘူးဗျ.. သူတို့ ကားကိုတောင် သေချာမကြည့်လိုက်နိုင်ပါဘူး.. ဒီလူ ဝင်ပါလိုက်မှ ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ ဇာတ်လမ်းလေး ရသွားတယ်.. ကျွန်တော် ပုံတွေ ပို့လိုက်ပါ့မယ်"

ခဏနေတော့ ဖုန်းထဲကို ဓာတ်ပုံတွေ ရောက်လာသည်။

"အဟင်း.. မင်းရဲ့ camera-man က တော်သားပဲ"

"ဟုတ်ကဲ့.. ခုလိုချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အန်တီ့ဘက်ကလည်း စကားတည်ပါစေ.. ကျန်တဲ့အပိုင်းကို ကျွန်တော်တို့ဘက်က တာဝန်ကျေအောင် ဆောင်ရွက်သွားမှာပါ"

"မင်းတို့ကို ယုံကြည့်လို့ ခိုင်းတာပဲ.. အန်တီ့ဘက်ကလည်း ကတိမပျက်ပါဘူး"

"ဟုတ်ကဲ့.. ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်"

"ကောင်းပြီ"

တစ်ဖက်က ဖုန်းချသွားတော့ သူမမျက်လုံးတွေက စူးရှတောက်ပလာသည်။

'ငါ နင့်လို မိန်းကလေးကို သားနဲ့ သဘောမတူနိုင်ဘူး.. ငါ့သားဘက်က နောက်ဆုတ်မယ့် အရိပ်အယောင် မတွေ့တာကြောင့် ခုလို စီစဉ်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး'

သူမမျက်နှာမှာ အပြုံးဆိုတာ စိုးစဉ်းမျှ မရှိ။

@@@@@@@@@@@@@@@

မျက်လုံးတွေ မှိတ်ထားပေမယ့် ဒီအသက်ရှူသံ၊ ဒီလိုရင်ခွင်နွေးနွေးကို ကျော့ မှတ်မိသည်။ သူမအတွက် ဒီလို ရင်ခွင်ထဲမှာ ခိုလှုံရတာ ဒါ ပထမဆုံးမှ မဟုတ်ဘဲ။

"ထွဋ်.. နင် လိုက်လာတယ်နော်"

သူမကို စိုးရိမ်မှု အပြည့်နဲ့ ကြည့်နေတဲ့ ထွဋ်။ ၂ ယောက်သား ခုထိ လမ်းမဘေးမှာ ရပ်နေကြတုန်း။ ထွဋ် သူမကို မလွှတ်သေး။ ဖြစ်နိုင်ရင် သူမကို ခုလိုလေးဆွဲထားချင်မိသည်။ သူမအတွက် လိုက်ပြီး စိုးရိမ် မနေချင်တော့။ အမြဲတမ်း အနားမှာပဲ ထားချင်နေမိသည်။ သူ လောဘတွေ ကြီးလာမိပြီ။

"မင်း ဘာဖြစ်သွားသေးလဲ"

"ဟင့်အင်း.. ဘာမှ မဖြစ်ဘူး.. နင် ငါ့နောက်က လိုက်လာတာလား"

"အင်း.. မင်းကို စိတ်မချလို့"

ပြောပြောဆိုဆို သူမလက်ကို ဆွဲပြီး လမ်းဘေးကပ် ရပ်ထားတဲ့ သူ့ဆိုင်ကယ်ဆီ လျှောက်သွားသည်။

"ထွဋ်.. နေဦး.. ငါ မပြန်သေးဘူး.. ကိုကို.. ကိုခန့်ကို တွေ့ရဦးမယ်"

"ကျော့.. မင်း အခြေအနေကို နားမလည်သေးဘူးလား''

"ဘာကိုလဲ"

"ခုနက မင်းကို ကားတိုက်မလို ဖြစ်သွားတယ်လေ"

"နင်ပြောချင်တာက ဒါ ကိုကို့ကြောင့်လို့ စွပ်စွဲချင်တာလား"

"စွပ်စွဲတာ မဟုတ်.. "

"ဒါက တိုက်ဆိုင်မှု တစ်ခုပဲ.. ကိုကိုနဲ့ ဘာမှ မပတ်သက်ဘူး.. နင် ပြန်တော့.. ငါလည်း သွားတော့မယ်"

"ကျော့"

သူမ လှည့်ထွက်ဖို့ ပြင်တော့ ထွဋ် သူမလက်ကို လှမ်းဆွဲလိုက်သည်။

"မင်း အဲ့လောက်တောင် သွားတွေ့ချင်နေတာလား"

"ဟုတ်တယ်.. သူနဲ့ မတွေ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ.. ငါ အခု သူ့ကို အရမ်း တွေ့ချင်နေတယ်.. ဒါကြောင့်.. နင် ပြန်ပါတော့"

သူ့ကို ပြန်ဖို့ ပြောတာလေးကို ဘာလို့ ဒီလောက် နာကျင်နေရပါလိမ့်။ သူမ တကယ်ပဲ ခန့်ကို တွေ့ချင်နေရဲ့လားဆိုတာ သူမကိုယ်တိုင် မကွဲပြားတော့။

"ငါလည်း လိုက်မယ်"

"ဟင်!!"

"မင်းနဲ့ အတူ မလိုက်စေချင်ရင် ခပ်လှမ်းလှမ်းကပဲ လိုက်ခဲ့မယ်.. ဒါကြောင့် တစ်ယောက်တည်းတော့ မသွားပါနဲ့"

ကျော့ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးထဲက ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေကို မကြည့်ရက်တော့တာမို့ သူ့ရှေ့က အမြန် လျှောက်သွားလိုက်သည်။

သူတို့ ၂ ယောက်လုံး မသိလိုက်တဲ့ အချက်က သူတို့ကို မမြင်ကွယ်ရာကနေ ဓာတ်ပုံတွေ တစ်ဖျတ်ဖျတ် ရိုက်နေတဲ့ လူတစ်ယောက်။

အခန်းနံပါတ် ၂၀၄ ကို ရောက်တော့ ကျော့ အခန်းရှေ့မှာ အတော်ကြာ ရပ်နေမိသည်။ နောက်က ခွာလိုက်လာတဲ့ ထွဋ်ပင် သူမအနား ရောက်လာသည်။

"ဘာလုပ်နေတာလဲ.. တံခါးခေါက်လိုက်လေ"

"အင်း"

တွန့်ဆုတ်နေမိတဲ့ သူမကိုယ်သူမ နားမလည်နိုင်တော့။

ဒေါက်.. ဒေါက်..

တံခါးခေါက်ပေမယ့် အထဲက ဘာအသံမှ ပြန်မကြားရ။ သို့သော် တံခါးက စေ့ရုံစေ့ထားတာကို ၂ ယောက်လုံး သတိထားမိလိုက်သည်။

"မင်း ဝင်မလား"

"အင်း"

ကျော့ ခေါင်းညိတ်ပြလိုက်သည်။ သူမတစ်ယောက်တည်း ဝင်ဖို့ မရဲတာမို့ အနားမှာရှိတဲ့ ထွဋ်လက်ကို ဆွဲရင်း အထဲကို ဝင်သွားသည်။ ထွဋ်လည်း သူမခေါ်ရာနောက် ပါသွားသည်။

အခန်းထဲရောက်တော့ လူနဲ့တူတာဆိုလို့ ဘာမှမတွေ့ရ။ တစ်ခန်းလုံးက မီးတွေ ထိန်လင်းနေသည်။

"ကျော့.. သူ မရှိဘူးလား"

"ရှိလောက်မှာပါ.. ကိုကိုရေ.. ကိုကို"

ပြန်ထူးသံ မကြားရ။ ကျော့ရော ထွဋ်ပါ ခန့်ကို တွေ့လိုတွေ့ငြား အခန်းထဲ ပတ်ရှာကြည့်မိသည်။ မတွေ့။

"အား!!!!!!!"

ငယ်သံပါအောင် အော်လိုက်တဲ့ ကျော့ကြောင့် ထွဋ် ခေါင်းနားပန်း ကြီးသွားသည်။

"ကျော့.. ဘာဖြစ်တာလဲ"

သူမ ရှိရာ အမြန်သွားရင်း မေးလိုက်တော့ အခန်းတစ်ခုရှေ့မှာ မတ်တတ်ရပ်နေလေရဲ့။ မျက်လုံးကို စုံမှိတ်ထားပြီး နေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေသည်။

"ကျော့.. ဘာဖြစ်လို့လဲ"

သူ ကျော့ရပ်နေတဲ့ နေရာကနေ အခန်းထဲကို ကြည့်လိုက်တော့ ရေချိုးခန်းတစ်ခုပင်။ သို့သော် တစ်ခုထူးခြားတာက ရေချိုးခန်းထဲမှာ ရှိနေတဲ့ ကြောင်နက်ကြီး။ သူတို့ကို မျက်လုံးတောက်တောက်ကြီးတွေနဲ့ ကြောက်မက်ဖွယ် စိုက်ကြည့်နေတဲ့ ကြောင်နက်ကြီး။

သူ အမြန်ပဲ တံခါးကို ပိတ်လိုက်ရင်း

"ကျော့.. ငါတို့ ဒီမှာ ဆက် မနေသင့်တော့ဘူး"

သူမ တုန်တုန်ဆက်ဆက်နဲ့ ခေါင်းညိတ်ပြလိုက်သည်။ ထွဋ် ဆွဲခေါ်ရာနောက်ကို အသာတကြည် ပါလာသည်။

"ဟင်!!"

အလာတုန်းက တံခါးကို ခပ်ဟဟ ဖွင့်ထားခဲ့တာပါ။ ခုတော့ တံခါးက လုံးဝ ပိတ်နေသည်။ စိတ်ထဲ မသင်္ကာတာမို့ အမြန် သွားဖွင့်ကြည့်တော့ ဖွင့်လို့ မရ။

"ထွဋ်.. ဘာဖြစ်လို့လဲ"

"ငါတို့ကို အပြင်ကနေ လော့ချသွားတယ်"

"ဟင်!!.. ဘယ်လို!"

"ငါ အစကတည်းက ထင်သားပဲ.. ဒါက သွေးရိုးသားရိုး မဟုတ်ပါဘူးလို့"

"ဘယ်လိုလုပ်ကြမလဲ"

"ဖုန်းပေး"

"ဟင်"

"ဖုန်းပေးလို့.. ငါ့ဖုန်းက toolbox ထဲမှာ ကျန်ခဲ့လို့"

"ဟင်.. ငါလည်း ခဏလာတွေ့ရုံပဲဆိုပြီး အိမ်မှာ အားသွင်းရင်း ထားခဲ့တာ"

"ဟာ.. ခဏလာတွေ့တာနဲ့ပဲ ဖုန်းကို ထားခဲ့စရာလား!"

"ငါ့ကို မအော်ပါနဲ့ဟာ"

"ငါ မင်းကို အော်နေတာ မဟုတ်ပါဘူး.. နည်းနည်း အသံကျယ်သွားရုံပါပဲ.. နောက်တစ်ခါ အပြင်ထွက်ရင် ဖုန်းကို ကိုယ်နဲ့မကွာ ဆောင်ထားဖို့ ပြောချင်တာပါ"

"ဒါနဲ့.. အော်ကြည့်မလား.. ဘေးအခန်းတွေ ကြားလိုကြားငြား"

"မင်း အလာတုန်းက သတိမထားမိဘူးလား.. ဒီဘက်အပိုင်းတွေမှာ လာတည်းတဲ့သူ မရှိသေးဘူး.. ဒီတစ်တန်းလုံးမှာ ဒီတစ်ခန်းပဲ လူရှိတာ"

"ဟင်!!"

၂ ယောက်သား တံခါးနားမှာ ရပ်ရင်း အကြံအိုက်နေကြသည်။

"ဒါ တစ်ယောက်ယောက် ကြိုတင်ကြံစည်တာ ဖြစ်နိုင်တယ်.. ကိစ္စတွေက အရမ်းတိုက်ဆိုင်လွန်းနေတယ်.. လာကတည်းက ကားနဲ့ တိုက်ခံရမလို ဖြစ်တယ်.. ရောက်တော့လည်း အခန်းထဲမှာ လူတစ်ယောက်မှ မရှိဘူး.. တံခါးကိုလည်း ဘယ်အချိန်ကတည်းက ပိတ်လိုက်မှန်း မသိဘူး.. ဟိုတယ် အခန်းထဲကိုလည်း ကြောင်တစ်ကောင် ရောက်နေတယ်"

"ကြောင်"

ခွီး!!.. မြှောင်.. ဂီး!!.. ညောင်.. ညောင်..

ထိုစဉ် ရေချိုးခန်းထဲက ကြောင်အော်သံက တစ်ခန်းရပ်ထွက်ပေါ်လာသည်။ ကျော့ သူ့အနား ပိုတိုးလာတာကို သတိထားမိလိုက်သည်။

'ဟုတ်သားပဲ.. သူ ကြောင်ကြောက်တတ်တာပဲ'

"ကျော့.. ဘာမှ မဖြစ်ဘူး.. ကြောင်က အခန်းထဲမှာ.. ငါတို့ဆီ မလာနိုင်ဘူး"

"ဒါပေမယ့် အသံကြီး ကြားနေရတယ်"

"ဒါဆိုလည်း နားပိတ်ထား"

ထွဋ် ပြောပြောဆိုဆို သူ့လက်ဝါး ၂ ဖက်နဲ့ သူမရဲ့နား ၂ ဖက်ကို အုပ်ပေးလိုက်သည်။ သူ့လက်ဝါးက နွေးထွေးမှုကြောင့် ကျော့ သူ့ကို မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်လိုက်သည်။

"ကြားရသေးလား"

"ဟင့်အင်း"

ကြောင်သံကိုတော့ မကြားရတော့။ သို့သော် တစ်ဒုတ်ဒုတ် ဖြစ်နေတဲ့ ရင်ခုန်သံတွေကိုတော့ ကြားနေရသည်။ ဒါက ထွဋ်ဆီကလာတာလား၊ သူမဆီက ထွက်ပေါ်လာတဲ့ ရင်ခုန်သံလား ဆိုတာမကွဲပြားတော့။

"ဟင်!!"

ထိန်လင်းနေတဲ့ မီးရောင်တွေအားလုံး ပျောက်ကွယ်သွားပြီး တစ်ခန်းလုံး အမှောင်ကျသွားသည်။ တိတ်ဆိတ်မှုကြားမှာ ထွက်ပေါ်လာတဲ့ ကြောင်အော်သံက သွေးပျက်ဖွယ်ရာ။

သူ့ရှေ့မှာ ကျော့ရှိနေမှန်း သိပေမယ့် မျက်လုံးက အမှောင်ထဲမှာ အသားမကျသေးတာမို့ သူမကို မမြင်ရသေး။ ရုတ်တရက် ခံစားလိုက်ရတဲ့ ခါးနားကတင်းကျပ်မှုကြောင့် ကျော့ သူ့ကို လာဖက်မှန်း သိလိုက်သည်။

သူ့ရင်ခွင်ထဲ ဝင်လာတဲ့ ကိုယ်လုံးလေးက တုန်နေတာမို့ အကြောက်လွန်နေမှန်း သိလိုက်ရသည်။

"ကျော့.. အရမ်းကြီး မကြောက်နဲ့.. မျက်လုံးတွေကို မှိတ်မထားနဲ့.. မျက်လုံးတွေကို အမှောင်နဲ့ အသားကျအောင် ဖွင့်ထား.. ဟိုကြည့် ဒီကြည့် လုပ်လိုက်"

"မလုပ်ရဲဘူး.. မှောင်နေတာကြီးကို မကြိုက်ဘူး.. အမှောင်ထဲကို မကြည့်ရဲဘူး"

"ဒါဆို ငါ့ကို ကြည့်နေ.. ငါ့ကို မြင်ရတဲ့အထိ ကြည့်နေ.. ဒါဆို မင်း အမှောင်ထဲမှာ မြင်ရလိမ့်မယ်"

သူပြောသလို ကျော့ ခေါင်းလေးမော့လာရင်း သူ့မျက်နှာရှိရာကို မှန်းဆပြီး စိုက်ကြည့်နေလိုက်သည်။ အစပိုင်းတော့ ဘာမှ မမြင်ရ။ နောက်ပိုင်းမှာ သူ့မျက်နှာကို သေချာ မြင်လာရသည်။

"ဘယ်လိုလဲ.. မြင်ရပြီလား"

"အင်း"

"ငါ့မျက်နှာ ဘာဖြစ်နေလဲ"

ဒါကိုတော့ သူမ ကောင်းကောင်း မမြင်ရ။ ဒါကြောင့် သူ့မျက်နှာနား တိုးကပ်ပြီး သေချာ ကြည့်လိုက်မိသည်။

"နင် ပြုံးနေတယ်"

"အင်း .. မင်းတော်သားပဲ"

ကျော့ ထွဋ်မျက်နာနားက ပြန်ခွာလိုက်ပေမယ့် သူ့မျက်နှာက သူမမျက်နှာနဲ့ နီးကပ်နေဆဲ။ အမှန်ကတော့ ထွဋ်က သူမမျက်နှာနားကို တဖြည်းဖြည်း တိုးကပ်လာခြင်းပင်။

မျက်လုံးမှိတ်မထားဖို့ ပြောထားတာမို့သူမ မျက်လုံးဝိုင်းလေးတွေနဲ့ နီးကပ်လာတဲ့ ထွဋ်ရဲ့မျက်လုံးတွေကို ပြန်ပြီး စိုက်ကြည့်နေမိသည်။

အမှောင်ထုကြားမှာ တဒိတ်ဒိတ်နဲ့ ထွက်ပေါ်နေတာက ဘယ်သူ့ ရင်ခုန်သံပါလိမ့်။ ၂ ယောက်လုံးဆီက ထွက်ပေါ်လာတာများလား။

🌱🌱🌱Chapter - 26 Ends 🌱🌱🌱

Because Of YouTahanan ng mga kuwento. Tumuklas ngayon