ပစ်ကွင်းက ရှင်းနေပေမယ့် နည်းနည်းဝေးနေသည်။ ဒါ နောက်ဆုံးပစ်မှတ်ပါ။ ကျည်ကလည်း တစ်တောင့်သာ ကျန်တော့သည်။ မျက်မှောင်ကြုတ်၍ ပစ်မှတ်ဆီကိုသာ အာရုံကို ပို့ထားလိုက်သည်။
ထောက်.. ဘုတ်..
"ဝိုး.. ရေး.. နိုင်ပြီကွ"
ပစ်မှတ်ကိုထိသွား၍ ဘေးနားက ထွဋ်တစ်ယောက် အသံပြဲကြီးနဲ့ အော်လိုက်သည်။
"ကျော်.. မင်းတော်တော်လက်ဖြောင့်တာပဲ"
သူ့စကားကြောင့် ကျော် ပြုံးလိုက်သည်။
"ဒါပေါ့.. ကျော်ပါကွ.. ကျော့်ကို ကျော်နိုင်ရင် ထိုင်ကန်တော့မယ်"
ကျော် အပိုပြောတာမဟုတ်ပါ။ ဒီကစားပွဲမှာ ကျော်နဲ့ ထွဋ်က တစ်ဖွဲ့.. နေထွေးနဲ့ အောင်ဗလက တစ်ဖွဲ့ ကစားကြသည်။ သူတို့ကစားပွဲက ကိုယ်နဲ့ ၇ ကိုက်အကွာမှာရှိတဲ့ စက္ကူဘူးလေးတွေကို သေနတ်နဲ့ မှန်အောင်ပစ်ရတာပါ။
တစ်ယောက်ကို ၃ ချက်စီ ပစ်ခွင့်ရှိသည်။ ဘူးကလည်း ၃ ဘူး။ထွဋ်ပစ်တာ ၂ ဘူးမှန်၍ ကျော်ပစ်တာ ၃ ဘူးလုံး မှန်သည်။ နေထွေးတို့ကတော့ ၂ ယောက်ပေါင်း ၃ ဘူးမှန်သည်။
"ကဲ.. လာထား.. တစ်သောင်း"
ထွဋ်က အောင်နိုင်သူပီပီ နေထွေးဆီကို ပိုက်ဆံတောင်းသည်။
"ထွဋ်ရယ်.. ၅ ထောင်ပဲ ယူပါလားဟင်"
နေထွေးက မျက်နှာငယ်လေးနဲ့ ပြောလိုက်သည်။
"ဟာ.. ဟျောင့်.. မင်းကို မဆော့ခင်ကတည်းက ငါပြောပါတယ်.. တစ်ထောင်ကြေးပဲ လောင်းမယ်လို့ မင်းမှ နားမထောင်တာ"
"အေးပါကွာ.. ရော့"
"အီး.. ဟီး.. "
ဘေးက အောင်ဗလရဲ့ အော်သံကြီးကြောင့် ထွဋ် ပိုက်ဆံယူနေရာက လက်တွန့်သွားသည်။
"ဘာဖြစ်တာလဲကွ"
"ငါ့ရဲ့ တစ်ပတ်လုံးစုထားတဲ့ ပိုက်ဆံလေးတော့ ပါသွားပါပြီ"
"ဟျောင့်.. အပိုတွေလုပ်မနေနဲ့.. ငါတို့ကို မင်းတို့ အရင်စိန်ခေါ်တာနော်"
"ငါတို့လည်း အိမ်မှာ လေ့ကျင့်ထားတော့ နိုင်မယ်ထင်တာပေါ့ကွာ.. ကျော်က လက်ဖြောင့်တာကိုးကွ"