"သား.. ထတော့လေ.. မနေ့ကလည်း မျက်နှာမကောင်းဘူး.. နေမကောင်းလို့လား"
ဒေါ်ကြင်မွှေး ထွဋ်နဖူးကို စမ်းရင်း မေးလိုက်သည်။
"ကိုယ်လည်းမပူပါဘူး.. ဘာဖြစ်နေတာလဲ.. မေမေ့ကို ပြောစမ်း"
ဒီသားလေး တစ်ယောက်တည်း ရှိလို့ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရသည်။ စကားနားမထောင်ပေမယ့် မိုက်ကန်းနေတာမျိုးလည်း မဟုတ်တာမို့ သားလေးကို အချစ်ပိုခဲ့ရသည်။
ပြောစကားနားမထောင်သည့်အခါ၊ အပြစ်လုပ်လာသည့်အခါမျိုးတွင် မုန့်ဖိုးဖြတ်လေ့ရှိသော်လည်း သူ မသိအောင် စိတ်မကောင်း ဖြစ်ခဲ့ရတာကို သူမသာ အသိဆုံး။
သားလေးကို ထက်ထက်မြက်မြက်နဲ့ ဘဝကို တစ်ယောက်တည်း ရပ်တည်နိုင်စေချင်တာ သူမအိပ်မက်ပင်။
"မေမေ.. ကျွန်တော် အိပ်ချင်သေးတယ်"
ထွဋ် မထချင်သေး။ တစ်ညလုံး အိပ်မပျော်ဘဲ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာမို့ ခေါင်းတစ်ခုလုံး နောက်ကျိနေသည်။
"သား.. ကျော့်ဆီ မသွားဘူးလား.. ဒီနေ့ ဆရာမ လာမှာလေ"
ဆရာမ ဆိုမှ သူ ၁၀ တန်းပြန်ဖြေမယ်လို့ ပြောခဲ့တာကို သတိရသွားသည်။
"ဟုတ်ပါရဲ့.. ဆရာမက ဘယ်အချိန်လာမှာလဲ"
"၁၀ နာရီဆို ရောက်မယ်တဲ့.. ဒီတစ်နှစ်တော့ မေမေတို့အတွက် ကြိုးစားပေးပါ သားရယ်.. နော်"
"ဟုတ်ကဲ့ပါ.. ကျွန်တော် ကျော့်ဆီ သွားလိုက်ဦးမယ်"
"အေး.. ကျော့်ရော အိမ်ခေါ်ခဲ့.. မနက်စာအတူစားရအောင်"
"ဟုတ်"
@@@@@@@@@@@@@@@
"မသွားနဲ့ဦး.. ခေါင်းမှာကလည်း ဒဏ်ရာကြီးနဲ့.. ဘယ့်နှယ့်အေ.. ကလေးမဟုတ် သူငယ်မဟုတ်.. ပြေးရင်း ခြေခေါက်လဲရတယ်လို့"
မနက်ခင်းစောစောမှာ ဒေါ်ခင်အေးရဲ့ ဆူပူသံကြောင့် ကျော့်မှာ ပြန်ပြောရခက်၊ ငြိမ်နေရခက် ဖြစ်နေသည်။
'သရဲခြောက်ခံရလို့ ပြေးတာကို ဖွားမှ မသိဘဲ'
ခုလည်း ကျော် စားသောက်ဆိုင်ကို အလုပ်သွားလုပ်ဖို့ ပြင်နေတာကို ဒဏ်ရာကြီးနဲ့မို့ မသွားဖို့တားနေသည်။
