"မမ.. ဒီနေ့ အိမ်ကို စောစောပြန်ခဲ့နော်.. မွေးနေ့ပွဲလုပ်ရအောင်"
"ဟင်.. မှုန်က အလုပ် မလိုက်တော့ဘူးလား"
"ဒီနေ့တော့ မလိုက်တော့ဘူး.. မေမေနဲ့ ဖေဖေ့ကို ကူပေးရအောင်လို့"
"မမက မွေးနေ့ရှင်ဖြစ်ပြီး ဘာမှ ကူလုပ် မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်"
"မဟုတ်တာ.. မမဘာလို့ မွေးနေ့ပွဲ မလုပ်ချင်လဲဆိုတာ မှုန်လည်း သိနေတာပဲ.. ဖေဖေက ဇွတ်လုပ်ပေးချင်တယ်ဆိုလို့သာ.. သွားတော့လေ.. အစည်းအဝေးရှိတယ်ဆို"
"အင်း.. ဒါဆို သွားတော့မယ်နော်"
ညီအစ်မ ၂ ယောက် ခြံထဲမှာ စကားပြောနေတာကို ကြည့်ရင်း ဦးနန္ဒာအောင် တစ်ယောက်တည်း ပြုံးလိုက်မိသည်။ သမီးလေး ၂ ယောက် ခုလို ချစ်ချစ်ခင်ခင်နေတာကို မြင်ရတော့ စိတ်ချမ်းသာမိသည်။
@@@@@@@@@@@@@@@
"သား.. မင်း အဲ့ဒီအိမ်ကို ဝင်ချည်ထွက်ချည် လုပ်နေတာကို ရပ်သင့်ပြီနော်.. ကိုယ့်ကိုယ်ကိုယ် ဆရာဝန်တစ်ယောက်ဆိုတာကိုလည်း ထည့်တွက်ဦး"
"ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို စောင့်ရှောက်ပေးတာ ဘာများ မှားနေလို့လဲ"
"ဒါပေမယ့် သူ့ကို စောင့်ရှောက်ဖို့က မင်းအလုပ် မဟုတ်ဘူးလေ.. မင်း ဒီလိုသာ ဆက်လုပ်နေရင် ငါတို့ လမ်းဘေး ဆင်းနေရတော့မယ်"
"အရင်ကတော့ သူ့ကို ချွေးမတော်ချင်လွန်းနေပြီး ကျွန်တော်ချစ်တဲ့သူနဲ့တောင် ကွဲအောင် လုပ်ခဲ့သေးတာပဲ.. အခု အမေ့ရဲ့ ဆန္ဒတွေကို ကျွန်တော်က ဖြည့်ဆည်းပေးနေတာလေ.. ခုမှ ဘာလို့ ပိတ်ပင်နေရတာလဲ"
"၁၀ နှစ်.. ၁၀ နှစ် ရှိပြီဟဲ့.. လူသေတစ်ယောက်လို အိပ်ရာထဲ လဲနေတဲ့ လူတစ်ယောက်ကို ဘာလို့ ဒီလောက် ခင်တွယ်နေရတာလဲ.. မင်းကိုယ်မင်းလည်း မှန်ထဲပြန်ကြည့်ဦး.. ဘယ်လိုရုပ် ထွက်နေပြီလဲဆိုတာ"
ဒေါ်မြင့်မော်စကားကြောင့် သူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ ခုချိန်မှာ သူ့ပုံစံက ဘယ်လိုပဲ ဖြစ်နေနေ စိတ်မဝင်စားတော့။
"အမေ သိလား.. ခုလိုတွေဖြစ်လာတာ အမေ့ရဲ့ လိုချင်လောဘတွေကြောင့်"
"ဘာဆိုင်လို့လဲ.. သူက နင့်ကို အရမ်းချစ်လှပါတယ်.. ပိုင်ဆိုင်ပါရစေ ဆိုပြီး ငါ့ကို အတင်းတောင်းဆိုလွန်းလို့ ငါ လုပ်ခဲ့တာ"
"တော်ပါတော့ အမေရယ်.. တကယ်ဆို ထားက ကျွန်တော်နဲ့ တစ်လလုံးလုံး အတူ ရှိနေခဲ့တာ.. အမေတို့ရဲ့ အကြံအစည်တွေကို သူလည်း သိခဲ့တာမဟုတ်ဘူး.. သူက အမေ့ကို အဲ့လို တောင်းဆိုတာနဲ့ပဲ အမေက လိုက်လျောပေးခဲ့တယ်ဆိုပါတော့"
"ငါ လုပ်ခဲ့တာတွေအားလုံးက နင့်အတွက်ပဲ.. နင့်ကို ကောင်းကောင်းမွန်မွန် နေစေချင်လို့.. မတော်တရော်တွေနဲ့ အိမ်ထောင်ကျ.. "
"ကျော့က ဘယ်နားမတော်တာလဲ.. ဘယ်နေရာကများ ချို့ယွင်းနေလို့လဲ"
"သူ့လို တစ်သက်လုံး ယောက်ျားလေးလို နေလာတဲ့သူက ယောက်ျားတွေနဲ့ ရိုးရိုးသားသားပဲ ခင်မယ်လို့ ထင်နေတာလား"
"တော်ပါတော့ အမေရယ်.. အမေ့ရဲ့ စွဲချက်တွေကြားမှာ သူက နစ်နာသူဖြစ်ခဲ့ရတာပါ.. ကျွန်တော် သွားတော့မယ် အမေ.. ဒီရက်ပိုင်း ပြန်လာနိုင်မှာ မဟုတ်ဘူး"
သူ အိမ်ထဲမှ ခပ်သွက်သွက် ထွက်လာခဲ့သည်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဒေါက်တာဆိုတဲ့ ရာထူးတာဝန်တွေကို စွန့်ပစ်ပြီး coma ဝင်နေတဲ့ထားကို နေ့စဉ်ရက်ဆက် ပြုစုပေးခဲ့သည်။ ထား accident ဖြစ်ပြီးတဲ့ နောက်ပိုင်း သူမအဖေဦးဘုန်းထက်အောင်တစ်ယောက် သမီးစိတ်နဲ့ အိပ်ရာထဲ လဲခဲ့သည်။ သူပိုင်ဆိုင်တဲ့ အေးသုခဆေးရုံကိုလည်း တခြားသူလက်ထဲ လွှဲပေးခဲ့ရသည်။
ရှိသမျှ စည်းစိမ်တွေရင်းပြီး သူမအသက်ကို ကယ်နိုင်ခဲ့ပေမယ့် ၁၀ နှစ်လုံးလုံး တစ်ခါမှ သတိပြန်မလည်လာခဲ့။
လွန်ခဲ့တဲ့ ၂ နှစ်ကပဲ ဦးဘုန်းထက်အောင် ဆုံးပါးသွားခဲ့ပြီး ဒေါ်ထားထားဝေမှာလည်း အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။ သူမတို့ ပိုင်ဆိုင်သမျှ စည်းစိမ်တွေလည်း ထွက်ငွေသာ ရှိ၍ ဝင်ငွေ မရှိတာကြောင့် လုံးပါးပါးလိုက်လာသည်။
သူမတို့ပဲ အခြေအနေဆိုးတာလား ဆိုတော့လည်း မဟုတ်။ သူလည်း ဆရာဝန်တစ်ယောက်ရဲ့ ရာထူးစည်းစိမ်တွေကို စွန့်လွှတ်ခဲ့သည်။ ဒါကြောင့် ခုဆိုရင် သူ့တို့သားအမိမှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့။ အိမ်ကြီးဆိုတာကလည်း အခွံသက်သက်။ အကြွေးတွေပါ တင်နေသဖြင့် အိမ်ကိုပါ ပေါင်ထားရသည့် အခြေအနေ။
သို့သော် သူ ခုလို ဆုံးရှုံးခဲ့ရတာတွေအတွက် နောင်တမရ။ သူ့အတွက် ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ရဲတဲ့ ထားကို သူ ဘယ်လိုမှ မျက်ကွယ်မပြုနိုင်။
"သူနာပြုနဲ့ ပစ်ထားလည်း ရရဲ့သားနဲ့" ဆိုတဲ့ ဒေါ်မြင့်မော်ရဲ့ တာဝန်မဲ့စကားကို ဥပေက္ခာပြုပြီး သူကိုယ်တိုင် စနစ်တကျ ပြုစုပေးခဲ့သည်။