ကျော် သူမအခန်းထဲ ပြေးဝင်လာပြီး အိပ်ရာပေါ် မှောက်လှဲပစ်လိုက်သည်။ ကျလာတဲ့မျက်ရည်တွေကို မသုတ်ချင်တော့။ သုတ်ဖို့လည်း စိတ်ကူးမရှိ။
ဒေါ်ခင်အေးနဲ့ သူမတို့ အပြန်အလှန် ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်လာသည်။
"သမီးကို သူက ပြန်ခေါ်မယ်တဲ့.. ဖွားလည်း အသက်ကြီးပြီ.. သမီးကို ချမ်းချမ်းသာသာ ထားနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် သမီးဖေဖေလာခေါ်ရင် လိုက်သွားပါ"
"ကျွန်တော်က ဘယ်လိုစိတ်နဲ့ လိုက်ရမှာလဲ ဖွားရယ်.. ၁၈ နှစ်လောက် ပစ်ထားခဲ့ပြီးမှ ပြန်ခေါ်ချင်တိုင်း ခေါ်လို့ရမယ်တဲ့လား.. ကျွန်တော် မလိုက်နိုင်ဘူး.. ဖွားနဲ့ပဲနေမှာ"
"မရဘူး.. ညည်းလိုက်ရမယ်"
"ဖွား.. ကျွန်တော့်ကို ခွဲနိုင်လို့လား"
"ငါက သေလူပါအေ.. တစ်ချိန်ကျရင် ခွဲရမှာပဲ.. ခုကတည်းက ခွဲနေတော့ တကယ်ခွဲရတဲ့အချိန်ကျ ခံစားရသက်သာတာပေါ့"
"ဖွား!.. ဘာတွေလျှောက်ပြောနေတာလဲ.. မပြောကောင်း မဆိုကောင်း"
"လူတိုင်း တစ်နေ့ သေရမှာပဲ.. ဘာလို့မပြောကောင်းရမှာလဲ"
"ဒါပေမယ့်လည်း.. "
"တော်ပြီ.. ဆက်မပြောနဲ့တော့.. နက်ဖြန် သူထပ်လာလိမ့်မယ်.. အဲ့ဒီအခါ လိုက်ဖို့ပြင်ဆင်ထား.. ဒါပဲ"
"ကျွန်တော် တစ်ယောက်တည်း မသွားဘူး.. ဖွားရော လိုက်ခဲ့"
"ဟဲ့!.. ငါ့မှာ အိမ်နဲ့ ခြံနဲ့ ရှိပြီးသား.. ဘာလို့ လိုက်နေရမှာလဲ"
"မရဘူး.. ဖွားမလိုက်ရင် ကျွန်တော်လည်း မသွားဘူး"
"မိကျော့!!!!"
"ဖွား!!!!"
မြေးအဘွား ၂ ယောက် တစ်ယောက်တစ်ခွန်း အပြိုင်အော်နေကြသည်။
"ညည်းအဖေလုပ်စာကို ငါက ဘယ်လိုမျက်နှာနဲ့မှ ထိုင်မစားနိုင်ဘူး.. ပြီးတော့ သူ့မှာလည်း အိမ်ထောင်နဲ့"
"ဟင်!.. အဖေက နောက်အိမ်ထောင် ပြုလိုက်တာလား"
"သမီးတစ်ယောက်လည်း ရှိတယ်"