တင်းတောင်.. တင်းတောင်..
လူခေါ်ဘဲလ်သံကြောင့် ဒေါ်ပုလဲသွယ် မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။
"သမီးရေ.. ဘယ်သူရောက်နေတာလဲ သွားကြည့်ပါဦး"
"ဟုတ်ကဲ့.. မေမေ"
ခြံထဲမှာ အပင်တွေကို ရေလောင်းနေတဲ့ သမီးဖြစ်သူ ငွေမှုန်ဖြူကို လှမ်းပြောလိုက်သည်။ သူမတို့အိမ်မှာအလုပ်သမား ခန့်မထား။ အားလုံးက အိမ်အလုပ်တွေကို ကိုယ်ထူကိုယ်ထ နိုင်သလောက် လုပ်ကိုင်ကြသည်။
ခုလည်း အိမ်နေရင်းအဝတ်အစား ခပ်နွမ်းနွမ်းလေးကို ဝတ်ထားရင်းမှ ခြံရှေ့က ဧည့်သည်ကိုကြိုဖို့ အပြေးလေး လှမ်းသွားလိုက်သည်။
"ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်"
ကျော့ သူမတို့ကို ခြံတံခါး ဖွင့်မပေးသေးဘဲ မေးခွန်းထုတ်နေတဲ့ ကောင်မလေးကို ကြည့်ရင်း ပြုံးပြလိုက်သည်။
"အစ်မက ဘယ်သူ.. .. ဟာ.. မမ"
"ဟင်!.. မမ??.. ငါ့ကို သိလို့လား"
"မမကျော့နန္ဒာ မဟုတ်လား"
"အင်း.. ငါ့နာမည်.. ကျော့နန္ဒာ"
ကောင်မလေးက ခြံတံခါးကို အမြန်ဖွင့်ပေးလိုက်ရင်း
"ကန်တော့နော် မမ.. ရုတ်တရက်ဆိုတော့ မမှတ်မိဘူး ဖြစ်သွားတယ်.. မှုန်က မမကို ယောက်ျားလေးပုံစံနဲ့ပဲ မြင်ဖူးတော့လေ"
"ဟင်!.. ငါ့ကို မြင်ဖူးလို့လား"
"ဟုတ်.. ဓာတ်ပုံထဲမှာလေ.. ဖေဖေကပြောတယ်.. အဲ့ဒါ မှုန့်မမတဲ့"
"ဒါဆို နင်က ငွေမှုန်ဖြူပေါ့"
"ဟုတ်.. ဟီး.. လာ.. မမ.. အိမ်ထဲ ဝင်ရအောင်"
ထွဋ်လည်း ဆိုင်ကယ်ကို အထဲထိ စီးဝင်လာရင်း ဆင်ဝင်အောက်မှာ ထိုးရပ်ထားလိုက်သည်။
"မေမေရေ.. မမ လာတယ်"
"ဟယ်.. ဟုတ်လား"
အံ့ဩမှုနဲ့အတူ မီးဖိုချောင်ထဲမှ အပြေးတစ်ပိုင်း ထွက်လာတဲ့ အမျိုးသမီးတစ်ယောက်။ ဒေါ်ပုလဲသွယ်ဆိုတာ တန်းပြီး သိလိုက်သည်။
"ဟယ်.. သမီးလေး.. မိန်းကလေးပုံစံ ဖြစ်သွားပြီပေါ့"
"အဲ.. ဟုတ်"
ဒေါ်ပုလဲသွယ်က ကျော့ကို ပြုံးပြရင်း
"အစ်ကို့သမီးလေးက ချောလိုက်တာ.. ဒါနဲ့.. ထွဋ်လည်း ပါလာတာပဲ"
"ဟင်.. အန်တီက ထွဋ်ကို သိတယ်ပေါ့"
"ဒါပေါ့.. ထွဋ်က အရမ်းသဘောကောင်းပြီး ကူညီတတ်တာ"
သူမအပြောကြောင့် ထွဋ် ခေါင်းကုတ်ရင်း
"အန်တီသွယ်ကလည်း.. မြှောက်နေပြန်ပြီ"
"တကယ်ပြောတာ.. အဲ့တုန်းက သားသာ ပြန်မညှိပေးခဲ့ရင် အစ်ကိုတို့သားအဖ ခုလို အဆင်ပြေမှာ မဟုတ်ဘူး"
သူမစကားက မှန်နေတာမို့ ထွဋ်ရော ကျော့ပါ ဘာမှ မပြောကြ။
"ဒါနဲ့.. မိုးမိလာကြတာလား"
"ဟုတ်.. လမ်းမှာ မိုးဝင်ခိုနေလို့ ကြာသွားတယ်"
"အဝတ်ပိုတွေ ပါလာလား"
"မပါဘူးဗျ"
"သမီးရေ.. မမကို အဝတ်တွေ ထုတ်ပေးလိုက်ဦး"
"ဟုတ်.. လာ.. မမ"
ထွဋ်ကတော့ ကျော့ယူလာတဲ့ အဝတ်တွေကို ဝတ်ပြီးသားမို့ လဲစရာ မလိုတော့။
"နွေရောက်ပြီ ဆိုပေမယ့် ဒီကရာသီဥတုက အေးတော့ နွေးနွေးထွေးထွေး နေကြ"
"ဟုတ်ကဲ့"
"ခဏတဖြုတ် နားလိုက်ဦး.. ခဏနေ အစ်ကို ပြန်လာတော့မှာ.. မိသားစုစုံစုံလင်လင်နဲ့ ညနေစာ စားကြတာပေါ့"
"ဟုတ်"
ဒေါ်ပုလဲသွယ် မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။
ထွဋ်လည်း ဧည့်ခန်းထဲက sofa ပေါ် ထိုင်ရင်း အိမ်ကြီးကို လေ့လာကြည့်မိသည်။ပရိဘောဂပစ္စည်းတွေကို သပ်ရပ်စွာ နေရာချထားသည်။ ဖုန်ဆိုတာ တစ်မှုန်မှ မရှိ။ စားပွဲပေါ်က အလှထိုးပန်းအိုးလေးထဲက ပန်းလေးတွေကလည်း လှလှပပ။ကြမ်းပြင်ကလည်း ကြွေပြားခင်းထားကာ ပြောင်လက်နေသည်။
အလုပ်သမားတွေကို မတွေ့တာမို့ ဒေါ်ပုလဲသွယ်ဟာ အိမ်ရှင်မကောင်း တစ်ယောက်ဆိုတာကို မှတ်ချက်ပေးလိုက်သည်။
"ဘာတွေပြုံးနေတာလဲ ထွဋ်ရဲ့"
သူ့ရှေ့ကို စတော်ဘယ်ရီဖျော်ရည်ခွက်လေး လာချရင်း မေးလိုက်တော့
"အန်တီသွယ်တို့က အလုပ်သမား မထားဘူးလား"
"အင်း.. အားလုံးက ကိုယ်နိုင်သလောက် အိမ်အလုပ်တွေကို ကိုယ်တိုင်လုပ်ကြတာ.. အန်တီက ငွေရှာတဲ့အလုပ်မှ မလုပ်တာပဲ.. ဒါကြောင့် ကိုယ်လုပ်နိုင်တာတွေကိုတော့ သူများကို ပေးမခိုင်းချင်ဘူး"
ထွဋ် သူမကို လေးစားမိသွားသည်။
"ဒါနဲ့ ထွဋ်တို့က ဒီမှာ ဘယ်နှရက်လောက် နေမလဲ.. လိုအပ်တာတွေ ကြိုဝယ်ထားရအောင်လို့"
"ဟို.. ကျွန်တော်တို့ နေ့ချင်းပြန် လာတာပါ"
"ဟင်.. ဒီမှာ ညမအိပ်တော့ဘူးလား"
"ဟုတ်"
"မေမေ.. ကြည့်ပါဦး.. မမကို"
အသံစာစာလေးနဲ့အတူ အောက်ထပ်ကို ပြေးဆင်းလာတဲ့ ငွေမှုန်ဖြူ။ သူမနောက်က ဆင်းလာတဲ့ ကျော့ကိုကြည့်ရင်း ထွဋ်တစ်ယောက် ထိုင်နေရာမှ အလိုလို ထရပ်မိသွားသည်။
ပန်းနုရောင် ဂါဝန်အဝဲလေးနဲ့ အလှကြီး လှနေတဲ့ ကျော့တစ်ယောက် အလှပဆုံးသော အပြုံးတွေနဲ့ လှေကားထစ်တွေကို တစ်ထစ်ချင်း နင်းပြီး ဆင်းလာတာကို ထွဋ်တစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လှေကားရင်းမှာ သွားရပ်မိသည်။ သူ့ရဲ့အကြည့်တွေ စိတ်အာရုံတွေ အားလုံးက ကျော့ဆီမှာ။
"အဟမ်း"
ငွေမှုန်ဖြူရဲ့ ချောင်းဟန့်သံအဆုံးမှာ ထွဋ်တစ်ယောက် စိတ်နဲ့ လူနဲ့ ပြန်ကပ်သွားသည်။ ထိုင်နေရာမှ လှေကားနား ရောက်နေတဲ့ သူ့ကိုယ်သူ အံ့ဩနေမိသည်။
"တို့မမကို တစ်ယောက်ကတော့ အကြွေကြီး ကြွေသွားပြီဟေ့"
သူ့ကို ရည်ရွယ်ပြီးပြောနေမှန်းသိတာမို့ မျက်နှာပူလာမိသည်။ ကျော့ကတော့ သူ့ကို ကြည့်ပြီး တဟားဟား ရယ်နေလေရဲ့။
"ဟုတ်လား.. ကျော့ပါ.. ဒီလောက်ကတော့ စွမ်းပါတယ်.. ဟားဟား"
"ဟာ.. စည်လှချည်လား"
အသံနဲ့အတူ ဝင်လာတဲ့ ဦးနန္ဒာအောင်။
"ဖေဖေ"
"သမီး"
ကျော့ ဖအေဖြစ်သူကို ပြေးဖက်လိုက်သည်။
"ကြည့်စမ်းပါဦး.. ဖေ့သမီးလေးက လှလိုက်တာ.. သမီးမှုန်ရေ.. ဒီအင်္ကျီက သမီးမမနဲ့ ပိုလိုက်တယ်နော်"
"အဲ့လိုမှန်းသိလို့ ဒီဟာလေး ထုတ်ပေးလိုက်တာ.. ဘယ်လိုလဲ.. မှုန့်ရဲ့ ဒီဇိုင်းအမြင်လေး"
"ဟား.. တော်ပါတယ်ဗျာ.. ဖေ့သမီးတွေက လှလည်းလှ တော်လည်းတော်ကြတယ်.. ဟုတ်တယ်မလား သွယ်"
"ဟုတ်ပါ့.. အစ်ကိုရယ်"
တကယ်ကို နွေးထွေးတဲ့ မိသားစုလေးပါ။ မသိတဲ့လူဆိုရင် သွေးသားအရင်းတွေလို့သာ ထင်ကြပေလိမ့်မည်။ သူတို့ကြားမှာ အာဃာတတွေ၊ မနာလို ဝန်တိုမှုတွေ၊ စိတ်ဆိုး စိတ်တိုတာတွေ ဘာမှ မရှိ။ တစ်ယောက်နဲ့ တစ်ယောက် လျှို့ဝှက်ထားတာမျိုးလည်း မရှိ။ စိတ်ထဲရှိတာကို ရိုးသားပွင့်လင်းစွာ ပြောပြကြသည်။
"ဖေဖေ"
"ပြောလေ သမီးငယ်"
"ဖေဖေ.. မှုန့်ကို မဆူနဲ့နော်"
"ဟေ.. ဘာလို့လဲဆိုတာကို အရင်ပြောပြလေ"
"မှုန်လေ.. ဟို.. ဖေဖေ့ laptop ကို ယူသုံးတော့လေ"
"အင်း"
"ဟို.. အထဲက ဖိုင်လေးတစ်ခု မှုန့်ကြောင့် ပျက်သွားတယ်"
"ဟေ.. ဘယ်ဖိုင်လဲ"
"ဟို.. Design collection file"
"ဟေ"
"အဲ့.. အဲ့ဒီထဲမှာ ပုံတွေအများကြီး ပါသွားတယ်"
ငွေမှုန်ဖြူ့မျက်နှာလေးက ဇီးရွက်လောက်သာ ကျန်တော့သည်။
"သမီးရယ်.. စိတ်မညစ်ပါနဲ့.. ဖေဖေ့ထဲမှာ copy ရှိသေးတယ်"
"ဟာ.. တကယ်လား.. ဟူး.. တော်ပါသေးရဲ့.. ရော့.. ဖေဖေ.. များများစား"
ကြက်သားတုံးခပ်ကြီးကြီးကို ရွေးပြီး သူ့ပန်းကန်ထဲလာထည့်ပေးတော့
"ဟား.. သမီးငယ်ကတော့ လာဘ်ထိုးတာ မြန်လိုက်တာ"
"ဖေဖေကလည်း.. ဒါ လာဘ်ထိုးတာ မဟုတ်ဘူး.. အလိုက်သိတာ"
ကျော့က စားနေရင်းမှ ဝင်ပြောလိုက်သည်။
"တွေ့လား.. မမက မှုန့်ဘက်က"
"ဟားဟား.. ဟုတ်ပါပြီဗျာ.. ကဲ ကဲ.. စားကြ.. ထွဋ်.. ထည့်စားလေ.. အားမနာနဲ့"
"ဟုတ်"
ကျော့ ထွဋ်ပန်းကန်ထဲ ကြည့်လိုက်တော့ ဒေါ်ပုလဲသွယ်ထည့်ထားပေးတဲ့ ဟင်းတုံးလေးက တစ်ဝက်ကျိုးနေပြီ။ တခြား ဘာဟင်းမှလည်း ထည့်မထား။
"ရော့.. အားနာရမယ့် လူတွေလည်း မဟုတ်ဘဲနဲ့.. ကိုယ့်အိမ်လိုပဲ သဘောထားပြီး လွတ်လွတ်လပ်လပ်သာ စား"
ထွဋ်ပန်းကန်ထဲ ဟင်းတွေ ခပ်ထည့်ပေးပြီး တတွတ်တွတ် ပြောနေတဲ့ ကျော့ကို အားလုံးက ပြုံး၍ ကြည့်နေကြသည်။
@@@@@@@@@@@@@@@
"ဒါ မမအခန်း"
"ဟင်"
မှုန် သူမကို လှပစွာ ပြင်ဆင်ထားတဲ့ အခန်းလေးထဲကို ခေါ်သွားသည်။
"ဒီအခန်းလေးကို မေမေနဲ့ မှုန်တို့ မမလာမယ်လို့ ဖုန်းဆက်တဲ့ နေ့ကတည်းက ပြင်ဆင်ထားကြတာ.. ဘယ်လိုလဲ.. မမ ကြိုက်ရဲ့လား"
လှရဲ့လားလို့ မမေးဘဲ ကြိုက်ရဲ့လားလို့ မေးကတည်းက မှုန်က သူများခံစားချက်ကို စဥးစားပေးတတ်တဲ့ မိန်းကလေးမှန်း သိလိုက်ရသည်။ အရင်က အကြောင်းစုံ မသိဘဲ သူမတို့ကို အသားလွတ် မုန်းမိတဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်မိပါသည်။
"အင်း.. အရမ်းကြိုက်တယ်"
"ဒါဆို.. ဒီကို ပြောင်းခဲ့တော့နော်"
"ဟင်.. အဲ့ဒါတော့ မဖြစ်သေးဘူးလေ"
"ဟင်.. ဘာလို့လဲ.. ဖွားကိုလည်း ဒီမှာ ခေါ်ထားမှာပဲလေ"
"အဲ့လို မဟုတ်ဘူးလေ"
"ဒါဆို ဘာလို့လဲ.. ဩော.. မှုန် သိပြီ.. လက်စသတ်တော့ ကိုထွဋ်ကြောင့်ပေါ့.. ဟုတ်လား.. သူနဲ့ ခွဲရမှာစိုးလို့ ဒီကို မပြောင်းလာချင်တာမို့လား"
ကျော့ ဘာလို့ မငြင်းမိတာလဲ။ မဟုတ်တဲ့အကြောင်း ပြောရမှာကို ပါးစပ်တောင် မဟချင်တော့။ သူမ ဒီကို ပြောင်းမလာချင်တာ တကယ်ပဲ ထွဋ်ကြောင့်လား။ မဖြစ်နိုင်တာ။
"တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းပဲတဲ့.. မမ.. မမတို့က သူငယ်ချင်းတွေ မဟုတ်တော့ဘူးမလား"
"ဟာ.. ဒီကလေးမ.. ဘာတွေမေးနေမှန်း မသိဘူး"
"အယ်.. အယ်.. ရှက်သွားတာလား.. မှုန် သိသလောက်တော့ ကိုထွဋ်လည်း မမကို.. "
"တော်တော့ မှုန်.. ငါ့မှာ ချစ်သူရှိတယ်.. ထွဋ်နဲ့က သူငယ်ချင်းတွေ"
"ဟင်.. ဟုတ်လား.. မှုန်က စလိုက်တာပါ.. မမ မှုန့်ကို စိတ်ဆိုးသွားလား"
"ဟင့်အင်း.. မဆိုးပါဘူး.. မသိလို့ ပြောမိတာပဲ"
ဒေါက်.. ဒေါက်..
"သမီးတို့.. ဖေဖေ ဝင်လာမယ်နော်"
" "ဟုတ်" "
"သမီးကျော့ကို ဖေဖေ မွေးနေ့လက်ဆောင် မပေးရသေးဘူးနော်"
"ဟုတ်"
"သမီး.. မျက်လုံးမှိတ်"
"ဘာပေးမလို့လဲ ဖေဖေရဲ့"
"ခဏလေးပဲ.. မှိတ်လိုက်ပါ"
သူပြောသလို ကျော့ မျက်လုံးမှိတ်လိုက်သည်။ သူမ မျက်နှာရှေ့မှာ လှုပ်ရှားနေတဲ့ အရာလေးကိုတော့ ရေးတေးတေး မြင်နေရသည်။
"ဖွင့်လို့ရပြီ"
"ဟယ်!"
သူမမျက်စိရှေ့မှာ လင်းပိုင်ရုပ် key chain လေးနဲ့ သော့တွဲလေး။
"ဖေဖေ.. ဒါက.. "
"သမီးအတွက် birthday present"
"အဲ့ဒါတော့ သိတယ်လေ.. ဒါက ဘာသော့တွေလဲလို့"
"အိမ်သော့"
"ရှင်!!"
"ဖေဖေ.. သမီးအတွက် ဘာမှ လုပ်မပေးနိင်ခဲ့ဘူးလေ.. ဒီသော့လေးတွေက သမီးပိုင်တဲ့ အိမ်လေးက အခန်းသော့တွေ.. အဲ့အိမ်လေးကို သမီးရဲ့ အပန်းဖြေနေရာတစ်ခုလိုလည်း အသုံးပြုလို့ ရတယ်"
"ဖေဖေ.. ဒါက အရမ်းများ.. "
သူမလက်ထဲကို သော့တွဲလေးအား ထည့်ပေးရင်း
"ဖေဖေ့ရဲ့ သမီးပေါ်မှာထားတဲ့ အချစ်နဲ့ ယှဉ်လိုက်ရင် ဒီအိမ်ဆိုတာလေးက ပမွှားလေးပါ"
"ဖေဖေရယ်"
"မမ.. မှုန်တို့ အိမ်လေးကို သွားကြည့်ရအောင်နော်"
သူမနဲ့ ထပ်တူထပ်မျှ ပျော်နေသော မှုန့်ကို ကြည့်ရင်း သက်ပြင်းကို ခပ်တိုးတိုး ချလိုက်သည်။
"အိမ်လေးက ပြင်ဦးလွင်ထဲမှာပဲ ဝယ်ထားတာ.. ဒီကနေသွားရင် နီးနီးလေးပဲ.. ၁၅ မိနစ်လောက်တော့ မောင်းရမယ်"
"သွားရအောင်နော်.. မမ"
"အင်းပါ"
အိမ်လေးကို လိုက်ကြည့်တော့ ထွဋ် မပါ။ ခရီးပန်းလာတော့ တစ်မှေးလောက် အိပ်နေသဖြင့် သူ့ကို မခေါ်ဖြစ်တော့။ အိမ်လေးရတဲ့အကြောင်းကိုလည်း မပြောပြဖြစ်။
@@@@@@@@@@@@@@@
"ကျော့"
"ဟုတ်.. ကိုကို.. ပြောလေ"
ဒီနေ့က ခန့် duty မရှိလို့ သူမကို ရုပ်ရှင်လိုက်ပြပေးသည်။ သူမ သွားချင်တဲ့ နေရာတွေကိုလည်း လိုက်ပို့ပေးသည်။
"ကိုယ့်မေမေက ကျော့ကို တွေ့ချင်လို့တဲ့"
"ရှင်!!.. ကျော့ကို"
"ဟုတ်တယ်.. တကယ်တော့ ကိုယ်နဲ့ကျော့ သမီးရည်းစားတွေ မဖြစ်ခင်ကတည်းက မေမေက သိသွားတာ"
"ဟုတ်လား.. ကျော့ ကြောက်တယ် ကိုကို"
"ဟားဟား.. မကြောက်ပါနဲ့.. ကိုယ့်မေမေက ကျော့ကို ကိုက်မစားပါဘူး"
"ကျော့တို့ကို သဘောမတူရင် ဘယ်လိုလုပ်မလဲ"
"ဟော.. ခုပဲ ဇာတ်လမ်းထဲက ဟာတွေကို တွေးနေပြန်ပြီ.. ကိုယ် မေမေ့ကို ပြောပြပြီးသားပါ.. ကိုယ်ချစ်တဲ့သူကိုပဲ လက်ထပ်မယ် ဆိုတာကို"
"ဘယ်တော့ သွားတွေ့မှာလဲဟင်"
"ကျော့ အဆင်ပြေတဲ့ရက် သွားကြတာပေါ့"
"ဟုတ်.. ဒါနဲ့ ထား ဆိုတဲ့ ကောင်မလေးကိုရော.. သူက ကိုကို့ကျေးဇူးရှင်ရဲ့ သမီးဆို.. သူနဲ့ ယှဉ်လိုက်ရင် ကျော့က ဘာမှ.. "
ကျော့ ဘာမှ ဆက်မပြောနိုင်တော့။ ခန့် သူမနှုတ်ခမ်းလေးပေါ်ကို အနမ်းချိုချိုလေးတစ်ပွင့် ချွေပေးလိုက်သည်။ ကားထဲမှာမို့ သူမတို့ကို ဘယ်သူမှ မမြင်ကြ။
"ကိုယ်ချစ်တာ ကျော့ကိုပဲ.. ဒါကြောင့် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး.. ဘာအတွက်မှလည်း မျက်နှာငယ်ဖို့ မလိုဘူး.. ဟုတ်ပြီလား"
ကျော့ ဘာမှ ပြန်မပြော။ ရုတ်တရက် အနမ်းခံလိုက်ရတာမို့ ပြူးတိပြူးကြောင်ဖြစ်နေတဲ့ ပုံစံလေးက အသည်းယားစရာ။
ခန့် သူမကို ကြည့်ရင်း စိတ်မထိန်းနိုင်စွာ အနမ်းတွေကို ဆက်တိုက်ခြွေပစ်လိုက်မိသည်။ ရှည်ကြာလွန်းတဲ့ အနမ်းတွေအောက်မှာ ကျော့စိတ်တွေ မိန်းမောလာမိသည်။ ရင်တွေလည်း ပေါက်ကွဲထွက်မတက် အခုန်မြန်လာသည်။
@@@@@@@@@@@@@@@
"ထွဋ်ရယ်.. နည်းနည်းပါးပါး ပြုံးပြပါဦး.. လမ်းတစ်လျှောက်လုံး မှုန်ကုပ်နေတာပဲ"
သော်တာအောင်ဈေးဝယ်ထွက်တာကို စိတ်မပါဘဲ လိုက်ပို့ရမှတော့ ပြုံးနေနိုင်ပါ့မလား။ တစ်မျိုးပြီးတစ်မျိုး ဝယ်နေတာ မပြီးနိုင်သေး။ ပစ္စည်းတစ်ခုဝယ်ရင် အဲ့ပစ္စည်းကို အရည်အသွေးကောင်း မကောင်း၊ အနာအဆာ ပါ မပါ စစ်ဆေးနေတာကိုက နာရီဝက်လောက်ကြာသည်။
သူမအတွက်တော့ ဒါက စေ့စပ်သေချာတာ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ သူ့အတွက်တော့ တကယ်ကို ကျွဲမြီးတိုနေပြီ။
ကျော့နဲ့ ဈေးဝယ်ရင် ဘယ်တော့မှ စိတ်မညစ်ရ။ ၂ ယောက်က အကြိုက်ချင်းလည်း တူတာမို့ ထွေထွေထူးထူး ရွေး မနေ။ နောက်တစ်ခုက ကျော့က မျက်စိလျင်သည်။ ပစ္စည်းတစ်ခုကို အကြာကြီး မရွေး။ မကြိုက်ရင် ချက်ချင်းပြန်ချသည်။ ရွေးရခက်ရင် သူနဲ့တိုင်ပင်သည်။ သူသဘောကျရင် ယူလိုက်သည်။ သူ ငြင်းတဲ့ပစ္စည်းဆို လှည့်တောင် မကြည့်တော့။
"ထွဋ်.. ဒီဟာလေး ဘယ်လိုနေလဲ.. မသော်နဲ့ လိုက်လား"
ကျော့အကြောင်းကို တွေးနေမိသဖြင့် သော်တာပြောတာကို မကြား။
"ထွဋ်"
"ဗျာ"
"ဒါနဲ့ လိုက်လားလို့"
"ဟုတ်.. လိုက်ပါတယ်"
ဖြေလိုက်တဲ့ အဖြေက ဝတ်ကျေတန်းကျေ။
"ဟွန့်.. ထွဋ်ကလည်း.. စိတ် မပါသလိုကြီး"
'စိတ်မပါတာ မဟုတ်ဘူး.. စိတ်ကို မရှည်တော့တာ'
"ဒါဆို.. ဒါပဲ ယူလိုက်မယ်နော်"
"ဟုတ်"
ဖြစ်နိုင်ရင် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်မိသည်။ အင်္ကျီဆိုင်ထဲက ဝန်ထမ်းတွေက သူတို့ကိုကြည့်ပြီး အားကျသလို အပြုံးတွေနဲ့ ကြည့်နေကြသည်။
"ထွဋ်.. လုပ်ပါဦး.. မသော် ပိုက်ဆံ မလောက်တော့ဘူး"
ငွေရှင်းကောင်တာနဲ့ ခပ်လှမ်းလှမ်းမှာ သူ့ကို လက်တို့ပြီး ခပ်တိုးတိုး ပြောလိုက်တော့ သော်တာ့ကြောင့် မရှည်ချင်တဲ့စိတ်က တိုဝင်သွားသည်။
'မလောက်တာများ.. ဝယ်နေသေးတယ်'
စိတ်ထဲက တတွတ်တွတ်ဆိုလိုက်ရင်း အပြင်သွားတိုင်း ပိုက်ဆံကို တိုင်းယူတတ်တဲ့ ကျော့ကို သတိရမိပြန်သည်။ ကျော့က ပိုက်ဆံကို ရှိတိုင်း မသုံးတတ်။ အပြင်သွားရင်လည်း ယူလာတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချိန်ဆပြီး သုံးသည်။ သူ့ဆီက ပိုက်ဆံချေးရတယ်ဆိုတာ မရှိသလောက် ရှားသည်။
'ကျော့ရယ်.. မင်းက ငါ့အတွေးထဲထိ ဝင်ပြီးတော့ကို ငါ့ကို နှိပ်စက်နေတာပဲ'
@@@@@@@@@@@@@@@
"ကျော့.. ဘာလိုချင်လို့လဲ"
Shopping centre ထဲမှာ လျှောက်ကြည့်ရင်း ကျော့က ဆိုင်လေးတစ်ဆိုင်ထဲကို ငေးကြည့်နေသဖြင့် မေးလိုက်သည်။
"ကျော့က ယောက်ျားဝတ်နာရီကို ကြိုက်တတ်တာလား"
ယောက်ျားလေးပတ်နာရီတွေကို ကောင်တာတွေထဲမှာ စီစီရီရီ ခင်းကျင်းထားတာလေးတွေကို ကျော့ လိုက်ငေးနေမိသည်။
"သူ့မှာ နာရီ မရှိဘူး.. ဝယ်ခဲ့ရမလား"
တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ရင်း ပိုက်ဆံအိတ်ထဲကို ကြည့်လိုက်တော့ တစ်ထောင်တန်စိမ်းစိမ်းလေး ၃ ရွက်က ဆီးကြိုနေသည်။
"ဟင်း.. ဒီတစ်ခါ တိုင်းထည့်လာတာ နည်းသွားတယ်"
"ကျော့.. နာရီလိုချင်လို့လား.. ကိုယ်ဝယ်ပေးမယ်လေ"
"ဟင့်အင်း.. ဒီလိုပဲ.. မျက်စိကစားကြည့်တာပါ"
"ကျော့လိုချင်ရင် ပြောပါ.. ကိုယ်ဝယ်ပေးပါရစေ.. တစ်နေ့လုံးသွားခဲ့သမျှလည်း ကိုယ့်ကို ပိုက်ဆံအရှင်းမခံဘူး.. ကိုယ့်စရိတ်ကိုယ် ရှင်းနေတယ်.. ကိုယ်တို့က ချစ်သူတွေလေ.. ယောက်ျားလေးဖြစ်တဲ့ ကိုယ်က ငွေထုတ်ရမှာပေါ့.. ဟုတ်ဘူးလား"
"အဲ့လိုသတ်မှတ်ထားတာမျိုး မရှိပါဘူး ကိုကိုကလည်း.. လာပါ.. သွားရအောင်"
သူ့ကို နာရီဆိုင်ရှေ့က အမြန် ဆွဲခေါ်ခဲ့ရသည်။ ခန့်ပြောသလို ကျော့က သူမ သုံးတဲ့ ကုန်ကျစရိတ်အတွက် ခန့်ရှင်းပေးတာကို လက်မခံ။ ဘာကြောင့်မှန်း မသိ။အဲ့လို ရှင်းပေးတာကို လက်ခံလိုက်ရင် သူမအပေါ် အကြွေးတင်သွားမလို ခံစားမိသည်။
သူနဲ့ ကိုယ်က ချစ်သူတွေ ဖြစ်နေပြီပဲကို ဘာကြောင့် ခုလိုတွေ တွေးနေမိလဲဆိုတာ စဉ်းစားလို့ မရ။ ထွဋ်ကိုတော့ အပြင်ထွက်တိုင်း ငွေရှင်းခိုင်းနေကျ။ ထွဋ်မရှင်းပေးနိုင်ရင်လည်း ကျော့က ပေါင်းရှင်းပေးနေကျ။ ခုကျတော့ ဘာလို့ စိတ်တွေ လေးလံနေရတာလဲ။
@@@@@@@@@@@@@@@
"ဟာ.. ထွဋ်.. မသော်"
ဆိုင်ထဲက ထွက်လာတော့ နောက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။ ခန့်လက်မောင်းကို ဖက်တွဲထားရင်း သူတို့ကို ပြုံးပြနှုတ်ဆက်နေတဲ့ ကျော့ကို ကြည့်ပြီး သူ့နှလုံးသားတွေ တဆစ်ဆစ်နာလာသည်။
"ဩော်.. ကျော့.. ဟင်!!.. ခန့်.. နင်.. ခန့်ဇော်အောင် မဟုတ်လား"
"ဟာ.. သော်တာအောင်.. သော်တာအောင် ဟုတ်တယ်မလား"
"အင်း.. နင် ငါ့ကို မှတ်မိသားပဲ"
"ကိုကိုက မသော်နဲ့ သိတယ်ပေါ့"
"ဟင်.. ကျော့က သော်တာ့ကို သိတယ်ပေါ့"
"မသော်က ကျော့တို့ကို guide ပြပေးနေတဲ့ ဆရာမလေ"
"ကျော့တို့ဆိုတာ.. ??"
"ကျော့နဲ့ ထွဋ်ကိုလေ"
"ဟား.. .. တိုက်ဆိုင်လိုက်တာ"
ထွဋ်ကတော့ ဘာမှ ဝင်မပြော။ ကျော့ကိုသာ ကြည့်နေမိသည်။ အပြင်ပန်းက ဘာမှ ခံစားချက် မရှိသလို ဖြစ်နေပေမယ့် သူ့ရင်ထဲမှာ ငိုကြွေးနေရတယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။
@@@@@@@@@@@@@@@
သူတို့ ၄ ယောက် နေ့လည်စာ အတူစားဖြစ်ကြသည်။"ဒီဆိုင်က ခေါက်ဆွဲကြော်က အရမ်းစားလို့ကောင်းတာ''
၄ ယောက်လုံး ခေါက်ဆွဲကြော်ကို မှာစားကြသည်။
"ကျော့က ဒီကို ခဏခဏ ရောက်ဖူးတယ်ပေါ့"
"ဒါပေါ့ ကိုကိုရဲ့.. ကျော့တို့ ဈေးဝယ်ထွက်တိုင်း ဒီမှာ ဝင်စားနေကျ.. ဟုတ်တယ်မလား.. ထွဋ်"
ကျော့က ဘာစကားမှ ဝင်မပြောဘဲ နှုတ်ဆိတ်နေတဲ့ ထွဋ်ကို လှမ်းပြောလိုက်သည်။
"ဩော်.. အင်း"
ခဏကြာတော့ ခေါက်ဆွဲ ၄ ပွဲကို waiter လေးက လာချပေးသည်။
"ဒါနဲ့.. ကိုကိုနဲ့ မသော်က ဘယ်တုန်းကတည်းက သိကြတာလဲဟင်"
"ကိုယ်တို့က ၁၀ ထိ အတန်းအတူ တက်ခဲ့ကြတာ.. ၁၀ တန်းအောင်တော့ လိုင်းတွေကွဲပြီး မတွေ့ဖြစ်ကြတော့တာ"
"ကျောင်းမှာ ခန့်က စာအတော်ဆုံးလေ.. မသော်နဲ့ သူက ပြိုင်ဘက်တွေ"
"ဟာ.. ဟုတ်လား"
"အင်း.. အတန်းထဲမှာဆို သူ့ထက်ငါ အပြိုင် ကြိုးစားကြတာ.. ဒါပေမယ့် ခန့်ကပဲ နံပါတ် ၁ နေရာကို ရတာလေ"
"ဝါး.. .. ကိုကိုက တော်လိုက်တာ"
ကျော့ သူ့ကို လက်မလေး ထောင်ပြရင်း အလုပ်ရှုပ်နေသည်။
"ကျော့.. ဂေါ်ဖီဖက်တွေ မကြိုက်ဘူးလား"
"ဟင်.. ကြိုက်ပါတယ်"
ကြိုက်တယ်သာ ဆိုသည်။ သူမပန်းကန်ထဲမှာ ဂေါ်ဖီဖက်တွေ မရှိတော့။ ပန်းကန်ဘေးရှိ တစ်သျှူးစလေးပေါ်မှာတော့ ဂေါ်ဖီဖက်တွေက အပုံလိုက်။
"ဟဲ့.. ထွဋ်.. ငုတ်တုပ်ကြီး သေသွားပြီလား.. ရော့.. ပေစားမနေနဲ့.. ဂေါ်ဖီနဲ့ တည့်တာလည်း မဟုတ်ဘဲနဲ့"
ပြောပြောဆိုဆို ဂေါ်ဖီဖက်တွေ ဖယ်ထားတဲ့ ကျော့ခေါက်ဆွဲကြော်ပန်းကန်နဲ့ ထွဋ်ရဲ့ပန်းကန်ကို လဲလိုက်သည်။
"သူက ဂေါ်ဖီနဲ့ မတည့်ဘူး.. နည်းနည်းလေး စားမိတာနဲ့ ရင်ကျပ်တာ.. ဖြစ်ပြီဆိုလည်း တော်တော်နဲ့ မပျောက်တော့ဘူး"
ကျော့ကတော့ ပုံမှန်အတိုင်း ပြောရင်း ခေါက်ဆွဲကိုသာ ငုံ့စားနေလိုက်သည်။
ထွဋ်ကတော့ လဲပေးတဲ့ ပန်းကန်လေးကို ကြည့်လိုက်၊ ကျော့ကို ကြည့်လိုက်၊ ခန့်နဲ့ သော်တာ့ကိုကြည့်လိုက် လုပ်နေသည်။
သော်တာ့မျက်နှာကတော့ သိသိသာသာ ပျက်ယွင်းနေသည်။ သူမ ချစ်သူအကြောင်းကို သူမထက် အခြားမိန်းကလေးတစ်ယောက်က ပိုပြီး သိနေသည်လေ။
ခန့်ကတော့ ဘာမှ မပြော။ သို့သော် မျက်နှာက အေးစက်သွားသည်။ ကျော့ကို နားမလည်တော့။ တကယ်ဆို သူလည်း ဂေါ်ဖီနဲ့ မတည့်။ ဒါကို ကျော့က ဘာလို့ မသိတာလဲ။ သူမ ဂေါ်ဖီဖက်တွေ ဖယ်နေတုန်းက သူ့အတွက်လုပ်နေတာဟု ထင်ပြီး အံ့ဩ ဝမ်းသာခဲ့ရသည်။ ခုတော့ သူ့ထက် အခြားတစ်ယောက်ကို ပိုပြီး အလေးထားနေသလို ခံစားရသည်။
သူတို့စားပွဲဝိုင်းလေးက အလာတုန်းကထက် ပို၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
🌱🌱🌱Chapter - 21 Ends 🌱🌱🌱Thanks for your attention💙