ထွဋ် မီးပိတ်ထားတဲ့ ကျော့အခန်းထဲကို ဖြည်းညင်းစွာ ဝင်လာခဲ့သည်။ မီးပိတ်ထားတယ်ဆိုပေမယ့် မီးအိမ်ဝါဝါလေးတွေထွန်းထားတာမို့ မှောင်ပိန်းနေတာမျိုး မဟုတ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကျော့မျက်နှာဝင်းဝင်းလေးက ပြတင်းပေါက်ကနေ ဖြာဆင်းလာတဲ့ လရောင်အောက်မှာ လမင်းကြီးနဲ့အပြိုင် ဝင်းပနေသည်။
သူမကို အအေးပတ်မှာစိုး၍ စောင်ခြုံပေးရင်း မျက်နှာဖူးဖူးမွတ်မွတ်လေးကို သတိလက်လွတ် ငေးမိသွားသည်။
"အင်း ဟင်း"
ရုတ်တရက် ကျော့ကိုယ်လေး တစ်ချက်တွန့်သွားတာမို့ နိုးသွားပြီလား ဆိုတဲ့ အသိနဲ့ စောင်ခြုံပေးနေတဲ့ လက်ကို အမြန်ရုတ်လိုက်သည်။
"ဟင်!!"
သူ နောက်ကျသွားသည်။ ကျော့က သူ့လက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်တာမို့ အတင်းရုန်းပြန်ရင်လည်း နိုးလာမှာစိုး၍ ငြိမ်နေလိုက်သည်။
"ကျန်းမာရေး ဂရုစိုက်ပါလို့ ပြောထားရက်နဲ့.. အပြင်မထွက်နဲ့လို့ မှာထားရက်နဲ့.. ငါ့စကားကို အလေးမထားတာလား"
"ဟင်!!!"
ထွဋ် ကျော့ကို အလန့်တကြား ကြည့်လိုက်မိသည်။ ကျော့က သူ့လက်ကို သူမ လက်တစ်ဖက်တည်းနဲ့ ဆွဲကိုင်ထားရာမှ ကျန်တစ်ဖက်နဲ့ပါ အုပ်ကိုင်လိုက်သည်။
"ကျော့"
ထွဋ်မှာ သူခိုးလူမိသလို ဖြစ်သွား၍ အသံတွေပင် တုန်နေသည်။ ကျော့မျက်နှာကို ကြည့်လိုက်တော့လည်း မျက်လုံးမဖွင့်သေး။
'ယောင်နေတာများလား.. ဟင်!!
သူ့အတွေးတောင် မဆုံးလိုက်။ ကျော့မျက်ခွံလေးတွေ တဖြည်းဖြည်းပွင့်လာသည်။
"ငါ့အခန်းထဲ ဘာလာလုပ်ပြန်ပြီလဲ"
မျက်လုံးလေး တစ်ဝက်လောက်ဖွင့်ရင်း အိပ်ချင်မူးတူးသံနဲ့ ပြောကာ အိပ်နေရာမှ ထိုင်လိုက်သည်။ ထွဋ်လည်း ခုတင်စွန်းလေးမှာ တင်ပလွှဲလေး ဝင်ထိုင်လိုက်သည်။ သူ့လက်ကိုတော့ ကျော့က ဆုပ်ကိုင်ထားဆဲ။
"အင်း.. ကိုယ်ပူတော့ မရှိတော့ပါဘူး"
ထွဋ်လက်က အေးနေ၍ သေချာအောင် နဖူးကို စမ်းကြည့်တော့ ကိုယ်ပူကျသွားပြီ။