ထွဋ် ကျော့်နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့သည်။ ကျော်က လူနာတင်လှည်း နောက်ကို ပြေးလိုက်တော့ သူလည်း အပြေးလိုက်ရသည်။ ကျော့်အနားကိုတော့ မသွားမိ။ ခပ်လှမ်းလှမ်းကနေ ကြည့်နေမိသည်။
ကျော့်လက်ထဲမှာ စာရွက်လေးလို အရာတစ်ခုကို ကိုင်ထားသည်။ ထွဋ်လည်း ဘာမှန်းတော့ မသိပေမယ့် ကျော့်ကိုသာ မျက်စိဒေါက်ထောက် ကြည့်နေမိသည်။
ကျော်က ထိုအရာလေးကို သူမအင်္ကျီနဲ့ သုတ်ရင်း စူးစိုက်ကြည့်နေသည်။ ပါးစပ်ကလည်း ဘာတွေရွတ်နေမှန်း မသိ။ ထွဋ် ကျော့်အနားကို သွားဖို့ပြင်လိုက်သည်။
@@@@@@@@@@@@@@@
ကျော် ခဏတာ မူးမိုက်သွားသည်။ အစား မစားတာ တစ်ရက်ကျော်သွားတာက တစ်ကြောင်း၊ မထင်မှတ်ဘဲ သိလိုက်ရတဲ့ အမှန်တရားကြောင့် shock ရသွားတာက တစ်ကြောင်းကြောင့် လူက ချာချာလည် မူးမိုက်သွားသည်။
သို့သော် သူမကိုယ်လေးက နောက်က အမှီတစ်ခုကြောင့် ကြမ်းပြင်ပေါ်လဲကျမသွား။ တစ်ကိုယ်လုံး နွေးထွေးသွားတာမို့ သူမနောက်ကအရာက နံရံမဟုတ်မှန်း သိလိုက်သည်။
"ဟင်!!.. ထွဋ်"
သူမကို နောက်ကနေ ပွေ့ဖက်ထိန်းပေးထားတာက ထွဋ်ပါ။
"ဟုတ်တယ်.. မင်းကို စိတ်မချလို့ နောက်ကနေ လိုက်လာရတာ.. မနေ့ကလည်း နေ့ခင်းကတည်းက ဘာမှ မစားရသေးဘူးဆို.. မနက်ကလည်း ဘာမှမစားဘဲ အပြင်ထွက်လာတာမို့လား"
"ငါ.. "
"ဒီမှာ ခဏစောင့်.. မင်းစားဖို့ တစ်ခုခု သွားဝယ်လိုက်ဦးမယ်"
"အော်.. အင်း"
ထွဋ် ကျော့်ကို ခုံတန်းလေးမှာ ထိုင်စေပြီး စားစရာဝယ်ဖို့ ပြေးထွက်သွားသည်။ကျော်ကတော့ ဓာတ်ပုံလေးကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
@@@@@@@@@@@@@@@
မျက်စိရှေ့ ရောက်လာတဲ့ နို့ဘူးလေးကြောင့် ပေးတဲ့လူက ထွဋ် မဟုတ်မှန်း သိနေသည်။ သူမ နွားနို့မကြိုက်တာကို ထွဋ် အသိဆုံး။
ပေးတဲ့သူကို မော့ကြည့်လိုက်တော့ သူမ ရင်တွေ အခုန်မြန်လာသလို။ သူမကို နွေးထွေးမှု အပြည့်နဲ့ ပြုံးပြနေသော ထိုလူ။ Duty coat ကို သေသပ်စွာ ဝတ်ဆင်ထားသဖြင့် ဆရာဝန်တစ်ယောက်မှန်း သိလိုက်ရသည်။ Coat မှာ ထိုးထားတဲ့ နာမည်က Dr. Khant Zaw Aung တဲ့။