"ကျော့"
ကျော့က သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရင်း ပြေးထွက်ဖို့ လုပ်တော့ ထွဋ် ကျော့လက်လေးကို လှမ်းဆွဲလိုက်သည်။
"ကိုထွဋ်"
သူတို့အနားကို ရောက်လာတဲ့ ဆုမြတ်။
"ငါတို့ စကားပြောမလို့ ဆုမြတ်"
"ငါတို့ကြားမှာ ဘာမှ ပြောစရာ မရှိဘူး ထွဋ်.. ငါ့ကို လွှတ်ပါ"
"ကျော့.. မင်းမှာ ပြောစရာ မရှိပေမယ့် ငါ့မှာ ပြောစရာတွေ အများကြီး ရှိတယ်"
"ဆောရီးပဲ ထွဋ်.. ငါ နားထောင်မပေးနိုင်ဘူး"
"ကျော့"
သူမ သူ့လက်ထဲက အမြန် ရုန်းထွက်လိုက်သည်။
"မကျော့နန္ဒာ.. ကိုထွဋ်ကို ဘာလို့ အဲ့လောက် ငြင်းဆန်နေရတာလဲ"
"မင်းနဲ့ မဆိုင်ပါဘူး မိန်းကလေး.. ဒါ ငါတို့ကြားက ကိစ္စပါ"
"ရှင် သူ့ကို ဒီလိုသာ ဆက်ပြီး ဆက်ဆံနေမယ်ဆိုရင် ကိုထွဋ်က ကျွန်မအတွက်ပဲနော်"
"ဆုမြတ်!.. မင်း ဘယ်လို ပြောလိုက်တာလဲ"
ဆုမြတ် သူပြောတာကို မသိဟန်ဆောင်ပြီး ကျော့ကိုပဲ စကားတွေ ဆက်ပြောနေသည်။
"ကိုထွဋ်က ရှင့်ကို ဘယ်လောက်တောင် စောင့်ခဲ့လဲ သိလား.. ၁၀ နှစ် ရှိခဲ့ပြီ.. ကျွန်မ သူ့အနားမှာ တွယ်ကပ်ခဲ့တာလည်း ၁၀ နှစ် ရှိခဲ့ပြီ.. ဒါပေမယ့် သူ ကျွန်မကို အမြဲတမ်း ငြင်းဆန်နေခဲ့တယ်.. အကြောင်းပြချက်က ဘာလို့လဲ သိလား"
ကျော့ ဘာမှ ပြန်မပြောဘဲ လှည့်ထွက်လိုက်သည်။
"ရှင့်ကြောင့် မကျော့နန္ဒာ"
ဆုမြတ်စကားက ဆက်လျှောက်မယ့် သူမခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
"ရှင့်အတွက်နဲ့ ကိုထွဋ်က ကျွန်မအပါအဝင် ဘယ်မိန်းကလေးကိုမှ သူ့ရင်ထဲမှာ နေရာပေးခဲ့တာ မဟုတ်ဘူး.. ၁၀ နှစ်လုံးလုံး ရှင့်တစ်ယောက်တည်းကိုပဲ စောင့်နေခဲ့ရတာ"
ကျော့ ခြေလှမ်းတွေ ယိုင်ချင်နေပြီ။ သူမ ထွဋ်အချစ်တွေကို စော်ကားမိခဲ့ပြီလား။ သူမ ဘာကိုမှ ဆက်မတွေးချင်တော့။ သူတို့ ၂ ယောက်ကို ကျောခိုင်းရင်း အားတင်းကာ ဆက်လျှောက်လာခဲ့သည်။
'ငါ့ကို ခွင့်လွှတ်ပါ ထွဋ်ရယ်.. ငါ့ရင်ထဲမှာ ကျန်နေသေးတဲ့ ဆူးတစ်ချောင်းကို မနှုတ်နိုင်သေးသ၍ နင့်ဆီကို မလာနိုင်သေးဘူး'
ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို သုတ်မပစ်မိ။ လွန်ခဲ့တဲ့ ၁၀ နှစ်က သူမကို ငွေနဲ့ ပေါက်ခဲ့တဲ့ ဒေါ်မြင့်မော်ရဲ့ မျက်နှာထားကို ခုထိ မမေ့နိုင်သေး။
အငြိုးအတေးကြီးတယ်ပဲ ပြောပြော၊ သဘောထားမပြည့်ဝဘူးပဲ ပြောပြော သူမ ဂရုမစိုက်။
သူမသိက္ခာတွေကို ၂ ပြား မတန်အောင် စော်ကားခဲ့တဲ့ ဒေါ်မြင့်မော်။ ဖွားကို သေအောင်လုပ်ခဲ့တဲ့ ဒေါ်မြင့်မော်။
သူမ ပေးခဲ့တဲ့ တစ်သောင်းတန် အရွက် ၁၀၀ က သူမ လက်ထဲမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က အတိုင်းလေး ရှိနေဆဲ။ ထိုငွေတွေကို သုံးဖို့ စိတ်ကူး မရှိ။ တစ်ချိန်ချိန်မှာ သူမကို လုပ်ခဲ့သလို ပြန်လုပ်မှာမို့။
ဒေါ်မြင့်မော်ရဲ့ သတင်းတွေကို ကျော့ ပြန်ရောက်လာကတည်းက တစ်ချိန်လုံး စုံစမ်းနေခဲ့သည်။ ဒေါ်မြင့်မော်ရဲ့အခြေအနေတွေက မဟန်နိုင်သလို ဖြစ်နေခဲ့တယ်ဆိုတာကိုလည်း ကြားခဲ့ရသည်။
ခန့်အတွက်တော့ စိတ်မကောင်း။ သူလည်း သူ့အမေရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့ရ
သည်။
ကျော့ကို အထင်လွဲခဲ့မိတာကိုလည်း နောင်တရမိတဲ့ အကြောင်းကို ဝင်းသူနဲ့ မေသူတို့ ဆီက ကြားခဲ့ရပြီးပြီ။ သူကတော့ ကျော့ ပြန်ရောက်နေမှန်းတောင် မသိခဲ့။
@@@@@@@@@@@@@@@
"မမ.. ဒါက ပြိုင်ပွဲမှာ ဆုရတဲ့ သူတွေရဲ့ ဒီဇိုင်းတွေ.. ဒါက ပယ်ခံလိုက်ရတဲ့ သူတွေရဲ့ ဒီဇိုင်းတွေ.. ဒါနဲ့.. နောက်ထပ် အလုပ်သမား ထပ်ခေါ်ဦးမယ်ဆို"
"အင်း.. အထွေထွေ ဝန်ထမ်းအတွက် ထပ်ခေါ်မလို့.. ဒီတစ်ပတ်အတွင်း ကြေညာထားလိုက်.. လူစာရင်းကို မမဆီ ပို့ပေး.. interview ကိုတော့ မှုန်ပဲ တာဝန်ယူလိုက်"
"ဟုတ်.. ဩော်.. ဒါနဲ့ မမ.. အပြင်မှာ ဦးကျော်စွာ ရောက်နေတယ်"
"ဟုတ်လား.. အထဲလွှတ်လိုက်လေ"
"ဟုတ်"