ထွဋ်မျက်နှာက သူမမျက်နှာနဲ့ နီးသထက် ပိုနီးလာသည်။ မျက်လုံးမမှိတ်နဲ့လို့ ပြောထား၍ သူ့ကို စိုက်ကြည့်နေရပေမယ့် ခုလိုကြီး နီးကပ်လာတော့ သူ့ကို ဆက်မကြည့်ရဲတော့။ မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်သည်။
ထိုအခါ ထွဋ်ဆီက ရယ်သံတိုးတိုးလေး ထွက်လာသည်။
"ကျော့.. မင်း ငါ့ကို ကြောက်နေတာလား"
"ဟင်.. ငါ နင့်ကို ဘာလို့ ကြောက်ရမှာလဲ"
"မကြောက်ရင် ဘာလို့ မျက်လုံးမှိတ်ပစ်ရတာလဲ"
"အဲ့ဒါကတော့.. နင်က အရမ်းကြီး ကပ်လာတာကိုး"
သူမစကားအဆုံးမှာ ထွဋ် သူမနဲ့ လူချင်းခွာလိုက်တော့ သူမရင်ထဲ တစ်ခုခု လစ်ဟာသွားသလိုကြီး ခံစားလိုက်ရသည်။
ထွဋ် အမှောင်ထဲမှာ စမ်းတဝါးဝါးသွားရင်း ပြတင်းပေါက်ကို လိုက်ရှာနေသည်။ ကိုယ့်အခန်းလို မဟုတ်တာကြောင့် တော်တော်နဲ့ ရှာမတွေ့။ အတော်ကြာ ရှာကြည့်လိုက်တော့ ခန်းဆီးလိုက်ကာတွေကို စမ်းမိသွားသည်။
"ထွဋ်.. ဘာရှာနေတာလဲ"
နောက်ကနေ သူ့အင်္ကျီစကို ဆွဲလိုက်လာတဲ့ ကျော့က ခပ်တိုးတိုး မေးလိုက်သည်။
"ပြတင်းပေါက် ရှာနေတာ.. အလင်းရောင်ရဖို့ဆို ရှိသမျှပြတင်းပေါက်တွေ အကုန်ဖွင့်မှ ရမယ်"
ခန်းဆီးက တော်တော်မြင့်တာမို့ အတော်နဲ့ ဆွဲမရ။ ကျော့က သူ့အင်္ကျီကို ဆွဲထားတော့ လုပ်ရတာ မလွတ်လပ်။
"ကျော့.. ခဏ လွှတ်ပါဦးဟ.. ငါ လုပ်ရတာ မလွတ်လပ်လို့"
"ဩော်.. အင်း"
သူမ မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရသည်။ ခန်းဆီးလိုက်ကာကို အားကုန်ဆွဲဖွင့်လိုက်တော့ မှန်ပြတင်းမို့ အပြင်က လရောင်ပျပျက အခန်းထဲကို ဝင်ရောက်လာသဖြင့် အမှောင်ထုကို အနည်းငယ် ပါးသွားစေသည်။
"တံခါး ဖွင့်လိုက်ရမလား"
"အင်း.. လှောင်နေတာဆိုတော့ အသက်ရှူကျပ်တယ်.. ဖွင့်လိုက်"
သူ ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်တော့ ညခင်းရဲ့လတ်ဆတ်တဲ့ လေနုအေးက စိတ်ကို လန်းသွားစေသည်။
တစ်ခါတစ်ခါ ထွက်လာတဲ့ ကြောင်အော်သံကြောင့် ကျော့တစ်ယောက် ထွဋ်အနားမှာ တောက်တဲ့လို တွယ်ကပ်နေသည်။
ရှိသမျှ ပြတင်းပေါက် ၂ ပေါက်လုံးကို ဖွင့်လိုက်တာမို့ အခန်းလေးက မှောင်မည်း မနေတော့။
"မင်း ထိုင်ဖို့ စိတ်ကူး မရှိဘူးလား"
"နင်မှ မထိုင်တာ"
"ဟောဗျာ.. ကဲ.. ထိုင်ပြီ"
ထွဋ် ပြတင်းပေါက်အနားမှာ ရှိတဲ့ ဆိုဖာရှည်ပေါ်မှာ ဝင်ထိုင်လိုက်တော့ သူမပါ သူ့အနား ကပ်ထိုင်လိုက်သည်။
"အဟက်.. မင်း ငါ့ကို တကယ် မကြောက်ဘူးပဲ"
"ဘာလို့ ကြောက်ရမှာလဲ.. နင်က ငါ့ကို ဘာမှ အန္တရာယ် မပေးဘဲနဲ့"
"ပေးမယ်ဆိုရင်ရော"
"ထွဋ်.. ထဖောက် မလာနဲ့နော်.. ဒီမှာ တွေ့လား.. ငါ့လက်သီးက ခုထိ အသုံးဝင်သေးတယ်"
သူ့ကို လက်သီးဆုပ်လေးနဲ့ ရွယ်ရင်း ပြောလိုက်သဖြင့် ထွဋ် သဘောကျစွာ ရယ်လိုက်သည်။ သူ့လက်က နာရီလေးကို ကြည့်လိုက်ရင်း
"၈ နာရီ ကျော်သွားပြီ.. ဖွားတော့ မင်းကို စိတ်ပူနေတော့မှာပဲ"
"နင့်ကိုလည်း တီမွှေးက စိတ်ပူနေတော့မှာပဲ"
ကျော့ ထွဋ်လက်က နာရီကို မသိမသာ လှမ်းကြည့်လိုက်သည်။ သူမ ဝတ်ပေးခဲ့တဲ့ နာရီလေး။ ခုလိုဝတ်ထားတာ မြင်တော့ စိတ်ထဲ ကြည်နူးမိသည်။
"ဟော.. ပြုံးနေပြန်ပြီ.. ဘာတွေ တွေးနေတာလဲ"
"မပြုံးပါဘူး.. ဘယ်တုန်းက ပြုံးလို့လဲ"
"ဟော.. ငါ သေချာ တွေ့လိုက်တာကို.. ပြောင်လိမ်နေသေးတယ်"
"ဒါနဲ့ ထွဋ်.. ငါတို့ ဘယ်လိုလုပ်ကြမလဲဟင်.. ဒီည ပြန်လို့ရပါ့မလား"
"ဟင်း.. ငါ့အထင်တော့ မရလောက်တော့ဘူး.. မနက်ကျရင် ဒီအခန်းကို သန့်ရှင်းရေးလာလုပ်ရင်တော့ ငါတို့ ထွက်လို့ရပါပြီ"
"ဒါဆို တစ်ညလုံး ဒီမှာ နေရမှာပေါ့"
"အင်း"
၂ ယောက်သား ဘာစကားမှ မပြောတော့ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။ ရေချိုးခန်းထဲက ကြောင်ကြီးလည်း အိပ်ပျော်သွားပြီ ထင်ပါရဲ့။ ဘာသံမှ ထွက်မလာတော့။
"လမင်းကြီးက လှလိုက်တာနော်"
ခုလို အသံတိတ်နေတာကြီးကို သဘောမကျသဖြင့် သူမကပင် စကားမရှိ စကားရှာပြီး ပြောရတော့သည်။
"ထွဋ်.. နင်.. လမင်းကြီးနဲ့ စကားပြောဖူးလား"
"ဘာလို့ မေးတာလဲ"
"မေးတာသာ ဖြေစမ်းပါ"
ကျော့တို့များ ဟောက်ဖို့ဆို ထိပ်ဆုံးက။
"အင်း.. ပြောဖူးတယ်"
ကျော့ သူ့ကို ပြုံးစိစိနဲ့ ကြည့်လိုက်သည်။
"ဘာလဲ.. မင်းမေးလို့လည်း ဖြေရသေးတယ်.. ငါ့ကို ရူးနေတယ်လို့တော့ မပြောနဲ့နော်"
"မပြောပါဘူး.. နင့်ကို ရူးနေတယ်လို့ ပြောလိုက်ရင် ငါပါ အရူးဖြစ်သွားမှာပေါ့"
"ဒါဆို မင်းလည်း ပြောဖူးတယ်ပေါ့"
"အင်း.. သူက ငါပြောသမျှကို နားထောင်ပေးတယ်လေ.. သူသာ ငါပြောတဲ့ စကားတွေကို ငါကြားစေချင်တဲ့လူဆီ ပို့ပေးနိုင်ရင် သိပ်ကောင်းမှာပဲ"
"မင်းက ဘယ်သူ့ကို ဘာတွေ ပြောစေချင်လို့လဲ.. ငါ့ကို ပြောရင် ပြောလိုက်လေ.. ငါ ပို့ပေးလိုက်မယ်"
"အရူး"
"ဟင်!!.. ငါ့ကို ပြောတာလား"
"ဟုတ်ပါဘူး.. လမင်းကြီးကိုပြောတာ.. လမင်းကြီးရေ.. ဒီစကားကို ငါ ကြားစေချင်တဲ့ သူဆီ ပို့ပေးလိုက်နော်"
"အဲ့အရူးဆိုတဲ့ စကားကိုလား.. ဘယ်သူ့ဆီ ပို့ပေးခိုင်းနေတာလဲ.. ငါ့ဆီတော့ မဟုတ်လောက်ပါဘူးနော်"
"ဟုတ်တယ်.. နင့်ဆီ ပို့ခိုင်းနေတာ"
"ဟာ.. ဒါဆိုရင်တော့ မင်းက ငါ့ထက် ပိုရူးသွားပြီ"
"ဟင်.. ဘာလို့???"
"ဟုတ်တယ်လေ.. အနားမှာ ထိုင်နေတဲ့ ငါ့ကို တိုက်ရိုက်မပြောဘဲနဲ့ စကားမပြောတတ်တဲ့ လမင်းကြီးကို ပြောခိုင်းရတယ်လို့"
"နင်ကလည်း.. ငါအခု ပြောလိုက်တဲ့ စကားကရော နင့်ဆီ မရောက်လို့လား"
"တော်ပြီ.. ပြိုင် မငြင်းချင်တော့ဘူး"
ထွဋ် လက်ပိုက်ထားရက်က ဆိုဖာပေါ် မှီရင်း မျက်လုံးကို မှိတ်ထားလိုက်သည်။
"ထွဋ်.. အိပ်တော့မလို့လား"
"အင်း"
"ဟာ.. နင်ကလည်း.. အစောကြီးပဲ ရှိသေးတာကို.. မအိပ်သေးပါနဲ့ဦး"
"ဒါဆို ငါ ဘာလုပ်ရမှာလဲ"
"ငါနဲ့ စကားပြောလေ"
"မပြောချင်ပါဘူး"
မျက်လုံး မဖွင့်ဘဲ ပြောလိုက်သော သူ့ကြောင့် သူမရင်ထဲ ဝမ်းနည်းသွားသလိုလို။
"ထွဋ်.. ငါ ခုလိုကြီး တိတ်နေရင် မနေတတ်လို့ပါဟ.. အိမ်မှာဆို ခုလို တိတ်ဆိတ်နေတာ မဟုတ်ဘူး.. တိတ်နေရင်တောင် သီချင်းနားထောင်လို့ရတယ်.. ခုတော့ နင်ကလည်း စကားမပြောချင်ဘူးဆိုတော့.. "
ပြောရင်းနဲ့ ငိုသံပါလာတာမို့ ထွဋ် ပျာသွားသည်။
"မင်း ငိုနေတာလား"
"အင်း.. ဒီမယ် တွေ့လား.. မျက်ရည်တွေ"
ဝဲနေတဲ့ မျက်ရည်တွေကို အတင်းညှစ်ထုတ်ပြီး လက်နဲ့ သုတ်ကာ သူ့မျက်နှာနား ကပ်ပြလိုက်သည်။
"ဟာ.. နည်းသေးတယ်.. ထပ်ငိုလိုက်ဦး"
"ထွဋ်.. နင်နော်"
"စတာပါကွာ.. ကဲ.. မင်းက ဘာအကြောင်း ပြောချင်လို့လဲ"
ခုလို ပြောဖို့ အကြောင်းအရာ ရွေးရမယ်ဆိုတော့ကျ ဘာကို ပြောရမှန်း မသိတော့။
"မသိတော့ဘူးဟာ.. စကားက ပြောနေရင်တော့ သူ့ဟာသူ ထွက်လာတာပဲ.. အဲ့လို ဘာအကြောင်း ပြောမလဲဆိုရင် ဘာပြောရမှန်းကို မသိတော့ဘူး"
"ဒါဆို ငါ မင်းကို မေးစရာ ရှိတယ်"
"အင်း.. မေးလေ"
"မင်း ငါ့ကို ခိုင်းဖို့ ၂ ခု ကျန်သေးတယ်လေ.. အဲ့ဒါ နောက်ထပ် ဘာခိုင်းချင်သေးလဲ"
"၂ ခု မဟုတ်ပါဘူး.. တစ်ခုပဲ ကျန်တော့တာ"
"ဟင်.. တစ်ခုကို ဘယ်တုန်းက ခိုင်းလိုက်တာလဲ.. ငါလည်း မသိရပါလား"
"နင် ဦးတင်ဆီ သွားတုန်းက ခိုင်းလိုက်တာ.. ပြီးတော့ နင်ကလည်း ငါခိုင်းတဲ့အတိုင်း လိုက်လုပ်တယ်လေ"
"ဟင်!!.. ငါ ဘာမှ မသိရပါလား"
"ထွဋ်.. နင်သိလား.. ငါလေ.. အဲ့နေ့က လမင်းကြီးကို ကြည့်ပြီး နင့်ဆီ စကားတွေ ပြောနေခဲ့တာ.. ပြီးတော့ လမင်းကြီးကို ကြည့်ရင်း နင့်ကို အမြန်ပြန်လာဖို့ခိုင်းခဲ့တာ.. နောက် ၂ ရက်လောက်နေတော့ နင်တကယ် ပြန်လာတယ်လေ.. ဒါကြောင့် ငါ နင့်ကို ခိုင်းဖို့ တစ်ခုပဲ ကျန်တော့တာ"
သူမ စကားတွေကြောင့် ထွဋ်စိတ်ထဲ အတိုင်းမသိ ဝမ်းသာသွားသည်။ သူမက သူ့ကို အဲ့လောက်ထိ ပြန်လာစေချင်ခဲ့တာလား။ သူတို့ ၂ ယောက် တကယ်ပဲ စိတ်ချင်း အဆက်အသွယ် ရှိနေတာများလားလို့တောင် ထင်မိသည်။
"တကယ်တော့ ငါလည်း အဲ့နေ့က မင်းဆီကို လမင်းကြီးကတစ်ဆင့် လှမ်းပြောခဲ့တယ်.. ငါ အမြန်ဆုံး ပြန်လာမယ် ဆိုတာကို"
ထွဋ် သူမကို စိုက်ကြည့်ရင်း ပြောလိုက်တော့ သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ ပြန်ကြည့်နေလေရဲ့။ ၂ ယောက်သား ဘယ်လောက်ကြာအောင် အကြည့်ချင်းဆုံမိကြတယ် မသိ။ တိတ်ဆိတ်မှုက အချိန်အတော်ကြာ လွှမ်းမိုးသွားသည်။
"အဟင်း.. မဖြစ်ဘူး.. ငါအိပ်မှ ဖြစ်တော့မယ်.. ကျော့.. ခုတင်ပေါ် သွားအိပ်လိုက်.. ငါ ဒီဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်"
"ဟင်.. ခုတင်နားက မှောင်မည်းနေတာ.. အိပ်ရဲဘူး.. ဒီမှာပဲ ထိုင်အိပ်လိုက်မယ်"
"ဟ.. ဘယ်ဖြစ်မလဲ.. မင်း ဇက်တွေ နာကုန်မှာပေါ့"
"ရပါတယ်.. မနာပါဘူး"
ပါးစပ်က မနာပါဘူး ပြောပြီး လက်ကတော့ ကုတ်ကို နှိပ်နေသည်။
"ကဲ.. ခုတင်ပေါ် သွားအိပ်တော့"
"အိပ်ချင်ပါဘူးဆို"
"မင်းခြေထောက်နဲ့ သွားမလား.. ငါပွေ့တင်ရမလား"
"ဟင်.. ထွဋ်.. အဲ့လို အကျပ်မကိုင်နဲ့လေ.. ငါ တကယ်မသွားရဲလို့ပါ"
"ကဲ.. လာ"
"အမေ့!!"
ကျော့ကိုယ်လေး မြောက်တက်သွားသည်။
"ထွဋ်.. ငါ မသွားဘူးလို့.. "
"ငြိမ်ငြိမ် မနေရင် လွှတ်ချမှာနော်"
"ဟွန့်"
ခုချိန်မှာတော့ အရင်ကလို သူ့ကို အနိုင်ယူချင်စိတ်တွေ ဘယ်ရောက်ကုန်သည် မသိ။ သူပြောသမျှကို နာခံနေမိသည်။
ထွဋ် သူမကို ခုတင်ပေါ် အသာချပေးလိုက်သည်။
"မင်း အိပ်ပျော်သွားတဲ့အထိ ငါ ထိုင်စောင့်ပေးမယ်.. ဒါကြောင့် စိတ်ချလက်ချအိပ်"