"မိကျော့.. စားတာနည်းလှချည်လား.. နေမကောင်းလို့လား"
"မစားချင်တော့လို့.. သမီး ဝပါတယ် ဖွား"
"ဟင်း.. ညည်းတစ်ယောက်နဲ့တော့ စိတ်ညစ်တယ်အေ"
ဒေါ်ခင်အေး ကျော့ကို ကြည့်ပြီး အားမရဖြစ်ကာ ပွစိပွစိ ပြောရင်း ထမင်းဝိုင်းမှာ ထိုင်ကျန်ရစ်သည်။ ကျော့ကလည်း ကျော့ပင်။ ခုရက်ပိုင်း ထမင်းစားဆိုတော့လည်း မဆာဘူးဆိုတာနဲ့၊ စားချစ်စိတ် မရှိသေးလို့နဲ့ အမျိုးမျိုး အကြောင်းပြပြီး ထမင်းဝိုင်းနဲ့ ရန်ဖြစ်ထားသည်။ ဇွတ်စားခိုင်းပြန်တော့လည်း ကြောင်စာကမှ.သူမ စားတာထက် များဦးမည်။
ခုလည်း ပန်းကန်လေး တစ်ချပ်တည်း ဆေးတာကို ဘေစင်မှာ ငူငူကြီး ရပ်နေလေရဲ့။
"ဟဲ့.. ပန်းကန်ဆေးတာ ကြာလှချည်လား"
"ပြီးပါပြီ.. အစာကြေအောင် မတ်တတ်ရပ်နေတာ"
"အမယ်လေး.. သူက ဘယ်လောက် အများကြီးစားတာကျနေတာပဲ"
"ဖွားကလည်း.. ထမင်းသာ ဖြည်းဖြည်းစားပါ.. သမီးကို လိုက်ကြည့်ပြီး အပြစ်မရှိ အပြစ်ရှာ မနေပါနဲ့"
"အမယ်လေးတော်.. ကျုပ်ပဲ မှားပါတယ်တော်.. ညည်း ခုတလော ဘာဖြစ်နေတာလဲ.. တစ်စိတ်ရှိ ဒေါသထွက်ဖို့နဲ့ ပြန်ပြောဖို့ပဲ သိတယ်"
"ဘာမှ ဖြစ်ပါဘူး.. ဖွား ခိုင်းစရာ မရှိတော့ရင် အပေါ်တက်တော့မယ်"
"ညည်း.. အိမ်တွင်းပဲ အောင်းမနေနဲ့.. အပြင်လေးဘာလေး စိတ်ပြေလက်ပျောက် ထွက်ပါဦးလား"
"မထွက်ချင်ပါဘူး"
အခန်းတံခါး ပိတ်ရင်း အော်ပြောလိုက်သည်။
"အရင်ကဆို အပြင်ချည်းပဲ ထွက်ပြီး လမ်းသလားနေတာတဲ့.. မထွက်တော့လည်း အိမ်တွင်းပုန်း မနေနဲ့တဲ့.. ဖွားတို့များ အပြောင်းအလဲ မြန်လိုက်တာ"
တစ်ယောက်တည်း ပွတ်တွတ်ပွတ်တွတ် လုပ်ရင်း ခုတင်ပေါ် ထိုင်ချပစ်လိုက်သည်။
"ဟင်း.."
နံရံမှာ ချိတ်ထားတဲ့ ပြက္ခဒိန်လေးကို လှမ်းကြည့်လိုက်တော့ ကြက်ခြေခတ် ခြစ်ထားတဲ့ အကွက်ကလေး ၄ ကွက်။
