ထွဋ် တစ်ညလုံး အိပ်မပျော်။ တစ်နေကုန် ပင်ပန်းထားပေမယ့် အိပ်မပျော်နိုင် ဖြစ်နေသည်။
''သား.. ဒီကို စာမေးပွဲဖြေပြီးတာနဲ့ အမြန်ဆုံးလာခဲ့ပါ.. ဖေဖေ့ကိုယ်စား သားလုပ်ပေးရမယ့် ကိစ္စတွေ ရှိတယ်''
ဦးတင်အောင်ပြောခဲ့တဲ့ စကားတွေကို နားထဲမှာ ပြန်ကြားယောင်မိသည်။ ဒေါ်ကြင်မွှေးက ကျော့ကို သူသွားရမယ့် အကြောင်းကို ပြောမယ်လုပ်တော့ သူတားမိသည်။ သူကိုယ်တိုင်ပြောလိုက်မည်ဟု တွေးထားခဲ့ပေမယ့် ဒီနေ့တစ်နေ့လုံး သူမနဲ့အတူရှိပြီး လျှောက်လည်ခဲ့တာပဲ ရှိသည်။ သူသွားရမယ့်အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မဟဖြစ်ခဲ့။
ကျော့ဝတ်ပေးခဲ့တဲ့ နာရီလေးက သူ့လက်ကောက်ဝတ်မှာ တစ်ချပ်ချပ်နဲ့ မြည်နေသည်။
°°ငါ မင်းဆီကို ဖုန်းနဲ့ အဆက်အသွယ် လုပ်ပါ့မယ်.. နှုတ်မဆက်ဘဲ ထွက်သွားရလို့ စိတ်မကောင်းပါဘူး.. ငါ မင်းကို နှုတ်ဆက်မယ်ဆိုရင် မသွားနိုင်တော့မှာစိုးလို့ နှုတ်မဆက်တာပါ.. အဲ့ဒီမှာ ဘယ်လောက်ကြာအောင် နေရမယ် မသိသေးဘူး.. ကျန်းမာရေးကို ဂရုစိုက်ပါ.. နေမကောင်း မဖြစ်စေနဲ့.. မင်း ပျင်းလို့ရှိရင် ရွှေစင့်ဆီ ခဏခဏ အလည်သွားပေးပေါ့.. ငါ မင်းကို နှုတ်မဆက်ဘဲ သွားမိလို့ တကယ် စိတ်မကောင်းပါဘူး°°
စာရေးနေရင်း စာရွက်ပေါ်ကို ပေါက်ခနဲ ကျလာတဲ့ မျက်ရည်တစ်စက်။ သူငိုနေတာလား။ စာရေးနေတဲ့လက်တွေလည်း ဆက်ပြီး မလှုပ်ရှားနိုင်တော့။ ရင်တစ်ခုလုံးလည်း ဗြောင်းဆန်နေသည်။
သူမနဲ့ တစ်ရက်လေးတောင် ခွဲဖူးတာ မဟုတ်။ အမြဲ အတူသွား၊ အတူစား နေလာခဲ့ပြီးမှ ခုလို အချိန်အတိုင်းအတာ အတိအကျ မရှိဘဲ ခွဲရတော့မယ်ဆိုတော့ ဘယ်လိုမှ မခံစားနိုင်။ ရင်တစ်ခုလုံး နာကျင်နေသည်။
@@@@@@@@@@@@@@@
မနက် ၆ နာရီကားနဲ့ သွားမှာမို့ ၅ နာရီလောက်ကတည်းက အိမ်က ထွက်ခဲ့သည်။ မသွားခင် ကျော့ကို တွေ့ချင်သေးတဲ့ စိတ်က စိုးမိုးနေသည်။ ဒေါ်ခင်အေးက အစောကြီးနိုးတတ်သူမို့ သူ့ကိုတံခါး ထဖွင့်ပေးသည်။
"ထွဋ်.. ညက မအိပ်ဘူးလား.. မျက်လုံးတွေ ရဲလို့"
တကယ်တော့ တစ်ညလုံး မအိပ်ဘဲ ငိုနေခဲ့တာပါ။
"သွား သွား.. မိကျော့ကတော့ နိုးသေးမှာ မဟုတ်ဘူး.. မသွားခင် တွေ့သွားလိုက်ပေါ့"
"ဟုတ်ကဲ့"
ထွဋ် အမြန်ပဲ အပေါ်ထပ်ကို တက်သွားသည်။ ဒေါ်ခင်အေးက သူတို့ ၂ ယောက် တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက် သံယောဇဉ်ကြီးတယ်ဆိုတာ သိနေတာမို့ ထွဋ် ခုလို သွားရတော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်မိသည်။
အခန်းထဲ ဝင်လာတော့ အိပ်မောကျနေတဲ့ ကျော့ကို တွေ့လိုက်ရသည်။ သူမ နိုးသွားမည်စိုး၍ သူမအနား အသာ လျှောက်သွားရင်း ခုတင်ဘေးမှာ ဒူးတုပ်ထိုင်လိုက်သည်။
အိပ်နေတော့လည်း ကလေးငယ်တစ်ယောက်လို အပြစ်ကင်းလှတဲ့ ကျော့ကို ကြည့်မဝ ရှုမဝ ဖြစ်နေမိသည်။ သူ လက်ဆောင်ရတဲ့ ခေါင်းစည်းကွင်းလေးတွေနဲ့ စည်းပေးထားတဲ့ အတိုင်းလေး အိပ်နေသည်။ ကျော့နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်တွေကို သပ်တင်ပေးရင်း
"ငါ.. သွားရတော့မယ်"
ထိန်းထားရက်နဲ့ မျက်ရည်တွေက ကျလာပြန်သည်။
"ကောင်းကောင်းနေရစ်ပါ.. ငါ မကြာခင် ပြန်လာမှာပါ.. ဒီလို လုပ်သင့်လား မလုပ်သင့်လား ငါ မသိဘူး.. ဒါပေမယ့် ငါ တစ်ခု ပြောခဲ့ချင်တယ်.. ကျော့.. ငါ မင်းကို ငါ့ကိုယ်ငါထက် ပိုချစ်တယ်"
ထွဋ် သူမ နှုတ်ခမ်းလေးကို ကြင်နာစွာ နမ်းရှိုက်လိုက်သည်။ သူ့ရဲ့ မျက်ရည်စက်က သူမ ပါးပြင်ပေါ် ပေါက်ခနဲ ကျသွားသည်။ ကျော့ရဲ့ မျက်လုံးလေးတွေ အနည်းငယ် လှုပ်သွားသည်။
ဖြစ်နိုင်ရင် ဒီလိုအချိန်လေးကို ရပ်ထားချင်မိသည်။
"နှုတ်ဆက်ခဲ့ပါတယ် ကျော့"
အခန်းထဲကနေ လေးပင်တဲ့ ခြေလှမ်းတွေနဲ့ ထွက်လာခဲ့လိုက်သည်။
@@@@@@@@@@@@@@@
ကျော့ သူမ အခန်းကို ပြန်လာခဲ့သည်။ သူမလက်ထဲမှာ စာခေါက်လေးတစ်ခုကို ကိုင်လာသည်။ ဒေါ်ကြင်မွှေးက ထွဋ်သွားပြီလို့ ပြောတာကို မယုံနိုင်သဖြင့် သူ့အခန်းထဲကို သွားရှာမိသည်။ သိမ်းပြီးသားအိပ်ရာခင်းတွေနဲ့ အဝတ်အစားတွေလျော့နည်းနေတဲ့ဗီရို။ ဒါတွေက ထွဋ် ထွက်သွားပြီဆိုတဲ့ သက်သေတွေလား။
စာကြည့်စားပွဲလေးပေါ်မှာတော့ စာခေါက်လေး တစ်ခု။ သူမ မဖတ်ရဲ။ စာထဲမှာ ဘာတွေ ရေးထားမယ်ဆိုတာကို သူမ မသိချင်။ အကြောင်းပြချက် မခိုင်လုံဘဲ မျက်ရည်တွေက ကျဆင်းလာပြန်သည်။
"ငါ့ကို ဘာလို့ မပြောခဲ့တာလဲ.. ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာလဲဟာ"
@@@@@@@@@@@@@@@
ဖတ်ဖို့ မရဲပေမယ့် အားတင်းပြီး ဖတ်ကြည့်လိုက်မိသည်။ သူမကို နှုတ်ဆက်ကြောင်း ရေးထားတဲ့စာလေး။ သူပေးခဲ့တဲ့ ခေါင်းစည်းကွင်းဘူးလေးက မှန်တင်ခုံပေါ်မှာ သူမ ထားတဲ့နေရာမှာပဲ ရှိနေသည်။
''ဒီလို လုပ်သင့်လား မလုပ်သင့်လား ငါ မသိဘူး.. ဒါပေမယ့် ငါ တစ်ခု ပြောခဲ့ချင်တယ်.. ကျော့.. ငါ မင်းကို ငါ့ကိုယ်ငါထက် ပိုချစ်တယ်''
နားထဲမှာ ပြန်ကြားယောင်မိတဲ့ စကားအချို့။
"ဒါတွေက အိပ်မက် မဟုတ်ဘူးလား"
သူမ နှုတ်ခမ်းကို ကိုင်ကြည့်ရင်း
"မဖြစ်နိုင်တာ.. အိပ်မက်ပဲ ဖြစ်မှာပါ"
သူမကိုယ်ကို ဖြေသိမ့်လိုက်မိသည်။
"သမီးရေ.. ကျော့.. ထမင်းစားမယ်လေ"
ဒေါ်ခင်အေးက သူမအခန်းထဲ ဝင်လာရင်း ပြောလိုက်သည်။
"ဖွား.. သမီး မေးစရာ ရှိတယ်"
"မေးလေ"
"ဒီမနက်.. ထွဋ် အိမ်ကို လာသေးလား"
"ဟေ"
ဒေါ်ခင်အေး မလိမ်ချင်ပါ။ ထွဋ်က သူလာတဲ့အကြောင်းကို ကျော့အား မပြောဖို့ တောင်းဆိုခဲ့ပေမယ့် မြေးမလေးကို မညာချင်ပါ။
"အင်း.. မသွားခင်လေး ဝင်သွားသေးတယ်"
"ဖွားနဲ့ပဲ စကားပြောတာလား.. သမီးဆီ လာသေးလား"
"အင်း.. သမီးကို မသွားခင် တွေ့သွားချင်သေးတယ်ဆိုလို့.. "
"ဒါ.. ဒါဆို.. "
"ဘာဖြစ်လို့လဲ"
"ဟို.. ဘာမှ မဟုတ်ပါဘူး.. ဖွား.. ဆင်းနှင့်လေ.. သမီး ပြီးမှ ဆင်းလာခဲ့မယ်"
"အေး အေး"
ဒေါ်ခင်အေး တုန်တုန်ရီရီနဲ့ အောက်ကို ဖြည်းဖြည်းချင်း ဆင်းသွားသည်။
"ဒါဆို.. ငါ အိပ်မက် မက်ခဲ့တာ မဟုတ်ဘူးလား"
''ကျော့.. အဲ့ဇာတ်လမ်းထဲက မင်းသားလို မင်းကို တစ်ယောက်ယောက်က ချစ်နေတယ်ဆိုရင် သူ့ကို ဘယ်လို တုံ့ပြန်မလဲ.. သူ့ကို ပြန်ချစ်မှာလား.. မင်း အခုချစ်နေတဲ့ သူကိုပဲ ရွေးမှာလား''
'တ.. တကယ်ပဲ သူ ငါ့အခန်းထဲကို ဝင်လာပြီး.. ငါ့ကို.. '
သူမ ဆက်မတွေးရဲတော့။ သူမရဲ့ နှုတ်ခမ်းအစုံက ခုထိ နွေးထွေးနေဆဲ။
"အိပ်မက်ပဲ ဖြစ်မှာပါ"
''အရမ်းလည်း အကြည်ဆိုက်မနေကြနဲ့ဦး.. နင်တို့ကို မြင်ရင် လူတစ်ယောက်ကို သနားမိလို့''
သူမ နားစွန်နားဖျား ကြားလိုက်သည့် ရွှေစင်ပြောခဲ့တဲ့ စကားကို ပြန်တွေးမိတော့
"ရွှေစင်ရော သိနေခဲ့တာလား.. သူ တကယ်ပဲ ငါ့ကို.. ဟာ.. "
ခုရက်ပိုင်း သူမကို ကြည့်တဲ့ ထွဋ်အကြည့်တွေက အရင်ကနဲ့ မတူတော့တာကို သူမ သတိပြုမိတာတော့ အမှန်ပင်။ သို့သော် အဖြေရှာမတွေ့ခဲ့။ ခုတော့ ဘာကြောင့်ဆိုတာကို သိလာသလို။
ရင်ထဲမှာ ဖြစ်နေတာက ဘာခံစားချက်ကြီးမှန်း သေချာမသိ။ ဝမ်းနည်းနေတာလား၊ စိတ်မကောင်းဖြစ်နေတာလား၊ ပျော်နေမိတာလား၊ ဒေါသဖြစ်နေတာလားဆိုတာကို သူမကိုယ်တိုင်တောင် သေချာမသိ။
@@@@@@@@@@@@@@@
"ဟာ.. ကျော့.. ဒီနေ့ လာတာ စောလှချည်လား.. မနေ့က စာမေးပွဲ ပြီးတာမလား.. ဖြေနိုင်ရဲ့လား"
"ရွှေစင်"
"အင်း.. ပြောလေ"
"ငါ နင့်ကို မေးစရာ ရှိတယ်"
"ဟုတ်လား.. ပြောလေ"
"နင် အားပြီလား"
"ကြာမှာလား"
"အင်း.. နည်းနည်း"
"ဒါဆို ခဏတော့ စောင့်ပေး.. အမှာစာရင်းတွေလုပ်နေလို့.. ပြီးတော့မှာ"
"အင်း"
ကျော့ ထွဋ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရအောင် မေးဖို့ လာခဲ့တာပါ။ ထွဋ် သူမကို ဘယ်လောက်ထိ ဖုံးကွယ်ထားလဲ ဆိုတာကို သိမှ ဖြစ်မည်။
"ကဲ.. ပြောပါဦး.. ဘယ်လို ကိစ္စမို့လို့လဲ"
"နင် မှန်မှန်ဖြေနော်"
"ဟောတော့.. အေးပါဟာ.. ငါ နင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"
သူမ မေးရမှာကို နည်းနည်းတော့ တွန့်ဆုတ်နေမိသည်။
"ဟို.. ထွဋ်ကလေ.. "
"ထွဋ်.. သူသွားပြီမို့လား"
"ဟင် !!.. နင် ဘယ်လို သိတာလဲ"
"သူပြောပြတာလေ.. နင်တို့ စာမေးပွဲ မဖြေခင်ကတည်းက အရေးကြီးလို့ မသွားမဖြစ် သွားရမှာတဲ့.. နင်လည်း သိတယ် မဟုတ်လား"
"ငါ ဒီမနက်မှ သိရတာ''
"ဟင်း.. ငါထင်သားပဲ"
ရွှေစင် သက်ပြင်းချရင်း ပြောလိုက်သည်။
"ငါ နင့်ကို ပြောပြလိုက်မယ်လို့ ပြောတော့ မပြောနဲ့တဲ့.. သူကိုယ်တိုင် ပြောလိုက်ပါ့မယ်တဲ့လေ.. ဒါပေမယ့် သူ နင့်ကို နှုတ်တောင် ဆက်မသွားဘူးမလား"
"အင်း"
ရွှေစင်ပြောမှ ကျော့ အလိုလို မျက်ရည်တွေ ဝိုင်းလာသည်။
"ရွှေစင်.. နင် ငါမေးတာကို မှန်မှန်ဖြေနော်"
"အင်း"
"နင်လည်း သိနေတယ်မလား"
"ဟင် !!!ဘာကိုလဲ"
"ထွဋ်နဲ့ ပတ်သက်ပြီး"
"နင်မေးတာကို ငါ နားမရှင်းဘူး"
"သူ ငါ့အပေါ် ဘယ်လို ခံစားချက်တွေ ရှိနေတယ်ဆိုတာကို နင်သိတယ်မလား"
သူမစကားကြောင့် ရွှေစင် မျက်လုံးလေးတွေ ပြူးကျယ်သွားသည်။
"နင်.. နင် သိသွားပြီလား.. ထွဋ်.. နင့်ကို ပြောလိုက်ပြီလား"
"တကယ်ပဲ သူ ငါ့အပေါ် သူငယ်ချင်းထက် ပိုနေခဲ့တာလား"
"နင် ဘယ်လို သိတာလဲ"
"အဲ့ဒါ အရေးမကြီးပါဘူး.. နင် ဘယ်တုန်းကတည်းက.. မဟုတ်သေးပါဘူး.. ထွဋ် ငါ့အပေါ် ဘယ်တုန်းကတည်း က ခံစားချက်တွေ ပြောင်းသွားတာလဲ"
"အဲ့ဒါတော့ ငါလည်း သေချာ မသိဘူး.. တကယ်တော့ သူ နင့်ကို ချစ်နေတဲ့အကြောင်းကို နင် မသိပါစေနဲ့လို့ တောင်းဆိုခဲ့တာ.. ငါ့ကိုလည်း ရင်ဖွင့်ခဲ့တယ်.. ဒါပေမယ့် နင့်ကိုတော့ ဘာမှ မပြောပါနဲ့တဲ့"
"သူက မသော်နဲ့ တွဲနေတာလေ.. ဘယ်လိုဖြစ်လို့ ငါ့အပေါ် ဒီလို စိတ်မျိုးထားရတာလဲ"
"ဟင်း.. နင် သိသွားမှတော့ ဘာကိုမှ ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူး.. ငါ အခု ပြောမယ့်ဟာတွေက အမှန်တွေချည်းပဲမို့လို့ သေချာနားထောင်ပေးပါ"
ကျော့ ခေါင်းညိတ်ပြလိုက်သည်။
"တကယ်တော့ သူ မသော်နဲ့ တွဲခဲ့တယ်ဆိုတာ နင့်ကိုချစ်မိတဲ့ သူ့စိတ်ကို ထိန်းချုပ်ချင်လို့ မသော်ဆီကို ခံစားချက်တွေ ပြောင်းဖို့ ကြိုးစားခဲ့တာ.. ဒါပေမယ့် အလုပ်မဖြစ်ခဲ့ဘူး.. နင့်ကို ချစ်မိတဲ့ စိတ်ကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မရခဲ့ဘူး"
ကျော့ ရွှေစင်ပြောတာကို မျက်လုံးဝိုင်းလေးနဲ့နားထောင်နေသည်။
"ဒါကြောင့် မသော်နဲ့ လမ်းခွဲပြီး နင့်ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့တယ်"
"ဟင် !!.. သူ ငါ့ကို ဘာမှ မပြောခဲ့ဘူး"
"ဟုတ်တယ်.. သူ မပြောနိုင်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ သူ ခြေတစ်လှမ်း နောက်ကျသွားတယ်လေ"
"ဟင် !!.. ဘယ်လို ???"
"အဲ့နေ့က သူနဲ့ နင် ချောင်းသာသွားမှာမို့ ပစ္စည်းတွေသွားဝယ်တဲ့ နေ့ကလေ.. ဒါဆိုရင်တော့ သူဘာလို့ ဖွင့်မပြောခဲ့တာလဲဆိုတာ နင်လည်း ခန့်မှန်းလို့ ရလောက်ပါပြီ"
"ဒါဆို.. အဲ့နေ့က.. သူ.. "
''အဲ့နေ့က အရမ်း ဝမ်းနည်းစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရလို့ စိတ်ထိခိုက်ပြီး ဖျားသွားတယ်ထင်တယ်.. ထီးလည်း မဆောင်းချင်တော့သလို ဘာကိုမှလည်း ခံနိုင်ရည် မရှိတော့သလို ဖြစ်သွားခဲ့တာ''
ထွဋ်ပြောခဲ့တဲ့ စကားကို ပြန်ကြားယောင်ရင်း ဆက်စပ်တွေးမိသွားသည်။
"သူ.. ငါနဲ့ ကိုခန့်ကို မြင်သွားခဲ့တာပေါ့"
ရွှေစင် ကျော့လက်လေးကို ဆုပ်ကိုင်လိုက်ရင်း
"နင် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် နင့်သဘောပါ.. နင့်မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်"
"ငါ.. ငါလေ.. "
"ခုချိန်မှာ နင့်စိတ်တွေ အရမ်းရှုပ်ထွေးနေမယ်ဆိုတာ ငါနားလည်ပါတယ်.. ဒါကြောင့် အရမ်းကြီး စိတ်ပင်ပန်းမခံပါနဲ့.. နင် တကယ်ချစ်တဲ့သူကိုပဲ ရွေးချယ်ပါ"
"ရွှေစင်.. ငါ နင့်ကို တစ်ခုလောက် အကူအညီတောင်းချင်တယ်"
"အင်း.. ပြော.. ငါ အတတ်နိုင်ဆုံး ကူညီပေးမယ်"
"ငါသိသွားတာကို သူ မသိပါစေနဲ့"
"ဟင် ??"
"သူ ငါ့ကို ချစ်နေတဲ့ အကြောင်း ငါသိသွားတာကို သူ့ကို မပြောပါနဲ့"
"နင် သူ့ကို စိတ်မဆိုးတော့ဘူးပေါ့"
"ငါက ဘာလို့စိတ်ဆိုးရမှာလဲ.. ဒါပေမယ့် သူ့ကို သနားမိတယ်.. သူတစ်ယောက်တည်း ခံစားနေခဲ့ရမှာပေါ့.. ဒီကိစ္စက ငါတို့ ၂ ယောက်ကြားမှာ အဖုအထစ် ဖြစ်စေတယ်.. ဒါကြောင့် ဒီကိစ္စကို ယောင်လို့တောင် မပြောမိပါစေနဲ့"
"အေးပါ.. ငါလည်း နင်တို့ ၂ ယောက်ကို ပုံမှန်အတိုင်း ဆက်ပြီး မြင်ချင်တယ်.. စိတ်ချပါ.. ငါ မပြောပါဘူး"
"အင်း.. ကျေးဇူးပါပဲဟာ"
"ဒါနဲ့.. နင် အဆင်ပြေရဲ့လား"
"ဘာကိုလဲ"
"ကိုခန့်ဇော်အောင် ခရီးထွက်သွားတာ အတော်ကြာပြီ.. သူ့ကို မတွေ့ရတော့ အဆင်ပြေရဲ့လား"
"အင်း.. နင်မြင်တဲ့ အတိုင်းပဲ.. ငါ.. ခံနိုင်ရည်ရှိပါတယ်"
"အင်းပါ"
ပြောမယ့်သာ ပြောရသည်။ သူမစိတ်တွေက တစ်စုံတစ်ယောက်ကို တမ်းတနေမိသည်။
@@@@@@@@@@@@@@@
"မိကျော့ရေ.. သား ဖုန်းဆက်တယ်.. သမီးနဲ့ ပြောချင်လို့တဲ့"
ကျော့ ဒီရက်ပိုင်း အမြဲလိုလို ဒေါ်ကြင်မွှေးတို့အိမ်ဘက်သွား၍ အိမ်အလုပ်တွေ ကူလုပ်ပေးနေတတ်သည်။ ဧည့်ခန်းမှာ၊ မီးဖိုချောင်မှာ၊ နေရာတိုင်းမှာ ထွဋ်ပုံရိပ်တွေကို မြင်ယောင်နေရတော့ သူ့ကို တွေ့ချင်နေမိသည်။
အိမ်အလုပ်တွေ မရှိတော့ရင် သူ့အခန်းထဲသွားပြီး ငယ်စဉ်ကတည်းက ထိုအခန်းထဲမှာ သူမနဲ့အတူ ဆော့ကစားခဲ့ကြတာတွေကို ပြန်အမှတ်ရမိတော့မျက်ရည်က အလိုလို ဝဲလာတတ်သေးသည်။
ခုလည်း ဒေါ်ကြင်မွှေးကို ကူလုပ်ပေးနေတုန်း ထွဋ်ဆီက ဖုန်းဝင်လာခြင်း ဖြစ်သည်။ ဒေါ်ကြင်မွှေးလက်ထဲက ဖုန်းကို လှမ်းယူတဲ့ ကျော့လက်တွေ မသိမသာ တုန်နေတာကို သူမကိုယ်တိုင် သတိထားမိသည်။
"ဟယ်လို"
"ကျော့.. ကျော့လား"
တစ်ဖက်က ထွဋ်အသံကြောင့် ရင်တစ်ခုလုံး ဗြောင်းဆန်သွားသည်။
"ကျော့.. ကျော့.. နေကောင်းရဲ့လားဟင်"
'နှုတ်မဆက်ဘဲ ထွက်သွားပြီးမှ လာပြီး စိတ်ပူပြနေတာလား'
တစ်ဖက်က စကားသံ ထွက်မလာသဖြင့် ထွဋ်ရင်ထဲ ပူလောင်နေပြီ။
"ကျော့.. ငါ နှုတ်မဆက်ဘဲ သွားလို့ ငါ့ကို စိတ်ဆိုးနေတာလားဟင်.. ငါ့ကို စကားလေးတော့ ပြန်ပြောပါကွာ"
"ထွဋ်"
ဒီမျက်ရည်တွေက ဘာလို့ ထပ်ပြီး ကျလာတာပါလိမ့်။ မငိုဘူးလို့ တင်းထားရက်မှ ထွဋ်ဆိုတဲ့ စကားလေးတစ်လုံးတည်းပြောပြီးတာနဲ့ နောက်ထပ် ဘာမှ ဆက်မပြောနိုင်တော့။
"ကျော့.. မင်း.. ငိုနေတာလား"
"ငါလား.. မငိုပါဘူး.. ငါ ဘာလို့ ငိုရမှာလဲ.. အီးဟီး.. ထွဋ်.. "
"ဟာ !!"
ထွဋ်ရင်ထဲ လှိုင်းထန်နေပြီ။ သူထွက်လာတာမှ ၂ ရက်ပဲ ရှိသေးသည်။ သူမ ဘာကြောင့် ငိုနေပါလိမ့်။
"ကျော့ရယ်.. မငိုပါနဲ့ကွာ"
"နင် ဘယ်တော့ ပြန်လာမှာလဲဟင်"
'ဖြစ်နိုင်ရင် ခုချက်ချင်း ပြန်လာချင်တာ'
"သေချာမသိသေးဘူးဟ.. အလုပ်တွေက အရမ်းများနေလို့ ဖေဖေ့ကို ကူပေးနေရတယ်.. အားလုံးပြီးသွားရင်တော့ ပြန်လာမှာပါ"
တစ်ဖက်က အသံတိတ်သွားသည်။
"ကျော့.. နားထောင်နေလား.. ဟယ်လို.. ကျော့"
"သားရေ.. မိကျော့တော့ မေမေ့ဆီဖုန်းပေးခဲ့ပြီး သူ့အိမ်ဘက် ပြန်ပြေးသွားပြီ"
"ဟာဗျာ"
ဒါကြောင့် ကျော့ကို ကြိုပြောထားပါလို့ ပြောရက်နဲ့ သူက ပြောမထွက်ခဲ့တာပါ။ သူမနဲ့ တစ်ခါမှ ခုလို ခွဲဖူးတာမဟုတ်။ ပြောမယ်လို့ စိတ်တင်းလိုက်ပေမယ့် စကားလုံးတို့က နှုတ်ဖျားမှာတင် ပျောက်ရှကုန်တာမို့။
"သူ ငိုသွားတာလား"
"အေး.. တော်တော် ဝမ်းနည်းသွားတယ်နဲ့ တူတယ်.. မင်း ပြန်လာမှပဲ ချော့လိုက်တော့"
"ဟုတ်ကဲ့"
'ဘယ်လိုဖြစ်ရတာလဲ ကျော့ရယ်.. မင်း ငါ့ကို စိတ်ဆိုးသွားတာလား.. ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် ငါမင်းကို ပြောပြခဲ့ပါတယ်.. မင်းကို အရမ်း သတိရတယ်'
@@@@@@@@@@@@@@@
"ဟာ.. ခန့်.. မအိပ်သေးဘူးလား"
မီးပုံလေးဘေး ထိုင်ရင်း တစ်ယောက်တည်း ဆွေးနေတာတောင် ဒီ ၂ ယောက်နဲ့တော့ feel ပျက်တော့မှာပဲလို့ တွေးလိုက်မိသည်။
"အင်း"
တစ်နေ့လုံး ဆေးသေတ္တာတစ်လုံးစီ ကိုင်ရင်း နေမကောင်းတဲ့ လူနာတွေကို ပြုစုပေးရ၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွေ လုပ်ရနဲ့ ပင်ပန်းနေပေမယ့် သူ အိပ်မပျော်သေး။ ကောင်းကင်မှာ ထိန်ထိန်လင်းနေတဲ့ လမင်းကြီးကိုကြည့်ပြီး ကျော့ကို တမ်းတနေမိသည်။
"ကိုခန့်.. ကော်ဖီသောက်မလား"
အနားကို ထားရောက်လာ၍ မေးလိုက်ခြင်း။ သူမအဖေ ဦးဘုန်းထက်အောင် ကိုယ်တိုင် လိုလိုလားလား ထည့်လိုက်၍ သူတို့ ခရီးစဉ်မှာ ပါလာခြင်း။ မိန်းကလေးဖြစ်ပေမယ့် သူ့လောက်နီးနီး ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်တော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်ပေ။
တစ်လတာ ခရီးမို့ ရိက္ခာခြောက်တွေကို အပြည့်အစုံ ထည့်လာရသည်။ ခုလည်း ကော်ဖီမစ်ထုပ်လေး ကိုင်၍ သူ့ကို မေးလိုက်ခြင်း ဖြစ်သည်။
"နေပါစေ.. မသောက်တော့ဘူး"
"မမေသူရော.. သောက်ဦးမလား"
"အယ်.. အင်း.. တော်ပြီ ထား.. မသောက်တော့ဘူး"
မေသူ့အပေါ် ဆက်ဆံတဲ့ ထားရဲ့ အမူအရာတွေ ပြောင်းလဲနေတာကြောင့် ခန့်ကိုယ်တိုင် အံ့ဩနေသည်။ ကာယကံရှင်ဖြစ်တဲ့ မေသူဆို မျက်လုံးပြူးလေးနဲ့ ကြောင်သွားသည်။
"အရင်က ထား ပြောမှားဆိုမှား ရှိခဲ့တာတွေအတွက် တောင်းပန်ပါတယ်နော်"
"ရပါတယ်.. ကျွန်မ စိတ်ထဲမှာ မထားပါဘူး.. ဒီလိုပဲ.. ဖြစ်တတ်ပါတယ်"
"ခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ခန့်အတွက်တော့ ထားနဲ့ မေသူ ခုလိုမျိုး နားလည်မှုရသွားတဲ့အတွက် တကယ်ကို ဝမ်းသာမိသည်။
"ထားလည်း ပင်ပန်းနေရောပေါ့.. သွားအိပ်တော့လေ"
"ဟင့်အင်း.. ကိုခန့်ဘေးမှာ ခုလိုလေး ထိုင်နေချင်သေးတယ်"
ပြောရင်း သူ့အနားကို ပို၍တိုးကပ်ကာ ထိုင်လိုက်သည်။
"ထား.. ခုလိုထိုင်တာ ဘာစိတ်မှ မရှိပါဘူး.. ဒီတိုင်းလေး ကိုခန့်ဘေးမှာ ထိုင်နေချင်လို့"
"ကဲဗျာ.. ထိုင်တော်မူပါ"
"ကိုခန့်ပုခုံးပေါ် မှီလို့ရလား"
"ဩော်.. အင်း.. ရပါတယ်.. မှီလေ"
ခန့် မေသူနဲ့ ဝင်းသူကို ကြည့်လိုက်တော့ သူတို့ကိုကြည့်ပြီး ပြုံးနေကြလေရဲ့။ မေသူက သူမ ခြုံထားတဲ့ စောင်ပါးလေးကို ခန့်ဆီ ကမ်းပေးလာသည်။ ခန့်က ဘာလဲဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတော့ မေသူက ထားဘက်ကို မျက်စပစ်ပြလိုက်သည်။ သူမကိုယ်တိုင်ကတော့ ဝင်းသူခြုံထားတဲ့ စောင်ထဲ အတင်းဝင်ခြုံတော့သည်။
"ဒင်းက ဒီလို လုပ်ချင်လို့ စောင်ပေးတာကိုး"
သူတို့ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဝင်းသူမျက်နှာကြီးကတော့ မှိုရတဲ့ မျက်နှာကြီးလို ဖြီးလို့နေသည်။
ခန့် ထားကို စောင်ပါးလေးခြုံပေးလိုက်သည်။
"ကိုခန့်လည်း ခြုံလေ.. ခြင်ကိုက်မှာပေါ့"
"ရတယ်.. ကိုယ်က လှုပ်နေလို့ ရတယ်.. ထားပဲ ခြုံထားလိုက်ပါ.. အိပ်ချင်လည်း ဒီမှာပဲ အိပ်လိုက်.. ပြီးမှ ကိုယ် အထဲကို ရွှေ့ပေးလိုက်မယ်"
"ဟုတ်"
ထားစိတ်ထဲ အတိုင်းမသိ ပျော်ရွှင်မိသည်။ သူမကို ကြင်နာစွာ ဂရုစိုက်ခဲ့တဲ့ ခန့်ရဲ့ အပြုအမူတွေကို ပြန်တွေ့နေရသည်။ သူမ တမ်းတနေခဲ့တဲ့ သူ့ရဲ့နွေးထွေးကြင်နာမှုတွေ။ သူမအတွက် အိပ်မက်တစ်ခုလို့တောင် ထင်မှတ်မိသည်။
သူမခံစားလိုက်ရတဲ့ နွေးထွေးမှုက သူမရှေ့မှာ ရှိနေတဲ့ မီးပုံဆီက မဟုတ်။ သူမဘေးမှာ ရှိနေတဲ့ ခန့်ဇော်အောင်ဆိုတဲ့အချစ်ဦးဆီကနေ ဖြစ်သည်။
@@@@@@@@@@@@@@@
"သား.. မအိပ်သေးဘူးလား"
"ဟုတ်.. အိပ်မပျော်သေးလို့"
ဦးတင်အောင် ထွဋ်အနား လာထိုင်ရင်း
"အင်း.. ကျော့လေးလည်း သားကို သတိရနေရောပေါ့.. သားတို့က ခုလို တစ်ခါမှ ခွဲဖူးတာ မဟုတ်တော့.. ဟင်း.. ဖေဖေလည်း သားကို မခေါ်မဖြစ်မို့ ခေါ်ရတာပါ.. အလုပ်တွေ ပြီးသွားရင် သားကို ပြန်လွှတ်မှာပါ"
"ဟုတ်ကဲ့"
"အင်း.. ငါ့သားလည်း ကျော့လေးကို လွမ်းနေရောပေါ့"
"ဟုတ်"
"ဟေ !!!"
ဦးတင်အောင်က သူ့ကို မျက်လုံးပြူးကြည့်လိုက်တော့
"ဟာ !!.. ဖေဖေကလည်း.. ကျွန်တော်က အဲ့လိုပြောတာ မဟုတ်ပါဘူး"
"ဖေဖေကရော ဘာပြောနေလို့လဲ.. သားဟာသား မလုံမလဲဖြစ်နေပြီးတော့"
ထွဋ် ဘာမှ ဆက်မပြောနိုင်တော့။ ခေါင်းလေးကုတ်၍ သွားဖြဲလေးနဲ့ ပြုံးပြလိုက်သည်။
"ကဲ.. ဒီနားမှာ အကြာကြီး ထိုင်မနေနဲ့.. အေးတယ်"
"ဟုတ်.. ခဏနေရင် အထဲ ဝင်တော့မှာပါ"
"အေး.. ဒါဆို ဖေဖေ အိပ်နှင့်ပြီကွာ"
"ဟုတ်"
ဦးတင်အောင် သူ့အနားမှ ထသွားမှ သက်ပြင်းရှည်တစ်ချက်ကို အဆုံးထိ ချပစ်လိုက်သည်။
''ဟူး.. ကျော့ရယ်.. မင်းရော လမင်းကြီးကို ကြည့်နေလားဟင်.. ငါ မင်းကို အရမ်းသတိရတယ်.. ဖုန်းဆက်တော့လည်း ကောင်းကောင်းပြန်မပြောဘူး.. ငါ ဒီမှာနေရတာ ဘယ်လောက်တောင် စိတ်မဖြောင့်လဲဆိုတာ မင်းသိရင် သိပ်ကောင်းမှာပဲ.. လွမ်းတယ် ကျော့ရယ်"
လမင်းကြီးက ကောင်းကင်မှာ ထိန်ထိန်သာနေသည်။ အေးမြတဲ့ အလင်းရောင်နဲ့ တောက်ပနေတဲ့ လမင်းကြီးကို ကြည့်ပြီး ကျော့ တစ်စုံတစ်ယောက်ကို သတိရနေမိသည်။
'ငါ့ကို နှုတ်တောင် ဆက်မသွားဘူး.. ဖုန်းဆက်ပြောတာနဲ့ပဲ ကျေနပ်လိုက်ရမှာလား'
"ထွဋ်.. နင် အခု လမင်းကြီးကို ကြည့်နေလား"
ကောင်းကင်က လမင်းကြီးကို ကြည့်ရင်း စကားတွေပြောနေမိသည်။
"ငါ အခု.. လမင်းကြီးကို ကြည့်နေတယ်"
ထွဋ် တစ်ယောက်တည်း ရေရွတ်နေမိသည်။
"ငါ နင့်ကို ခိုင်းဖို့ ၂ ခုတောင် ကျန်သေးတယ်နော်.. အခု ငါ နင့်ကို တစ်ခု ထပ်ခိုင်းမယ်.. နင် ငါ့ဆီကို.. "
ထွဋ်။ ။ ။ "ငါ မင်းဆီကို.. "
ကျော့။ ။ ။ "အမြန်ပြန်လာပါ"
ထွဋ်။ ။ ။ "အမြန်ဆုံး ပြန်လာခဲ့မယ်"
လမင်းကြီးက ကောင်းကင်မှာ တောက်ပတဲ့ အလင်းရောင်တွေနဲ့ ထိန်လင်းနေလေရဲ့။ လမင်းကြီးက တစ်ယောက်ရဲ့စကားကို တစ်ယောက်ဆီရောက်အောင် ပို့ဆောင်ပေးနိုင်မှာလား။
🌱🌱🌱Chapter - 24 Ends 🌱🌱🌱Thanks for your attention💙