ဆရာဝန်က လူနာကို သတိကောင်း မကောင်း စမ်းသပ် ပေးနေသည်။
"အစ်ကို့ရဲ့ နာမည် ဘယ်လိုခေါ်ပါလဲ"
"နန္ဒာအောင်ပါ"
"အခု ဘယ်နေရာကို ရောက်နေတာပါလဲ"
"ဆေးရုံမှာပါ"
"ဟုတ်ပြီ.. ဘာကြောင့် ရောက်လာလဲ.. မှတ်မိလား"
"ကား accident ဖြစ်ပြီး ရောက်လာတာပါ"
"အခု ကျွန်တော် လက် ဘယ်နှချောင်း ထောင်ပြနေလဲ"
"၃ ချောင်းပါ"
ဦးနန္ဒာအောင် Dr. မေးသမျှကို ဖြေကြားနေရင်း သူနာပြုနောက်မှာ ရပ်ပြီး သူ့ကို ကြည့်နေတဲ့ ကောင်လေးလိုလို ကောင်မလေးလိုလို ချာတိတ်လေးကို သတိထားမိသွားသည်။
"ခေါင်းကိုက်တာတွေ.. အော့အန်ချင်တာတွေ.. အမြင်ဝါးလာတာတွေ ရှိရင် ချက်ချင်း အသိပေးပါ"
"ဟုတ်ကဲ့"
ဆရာဝန် စမ်းသပ်ပေးပြီး မှာစရာရှိတာတွေ မှာသွားသည်။ ကျော်ကတော့ သူမအဖေကိုသာ ကြည့်နေမိသည်။
@@@@@@@@@@@@@@@@@
"ဦးလေးကို ဒီက ကလေးမက ကယ်ပေးခဲ့တယ်လို့ကြားတယ်.. ကျေးဇူးပါပဲကွယ်"
ကလေးမတဲ့လား။ ဟုတ်ပေသားပဲ။ ကျော့်ကို သူ့သမီးမှန်း မှတ်မိစရာမှ မရှိတာ။ ဆံပင်က မျက်နှာအပေါ်တစ်ဝက်နီးပါးလောက်ထိ ခပ်အုပ်အုပ် နေရာယူထားတာမို့ မျက်နှာကိုတန်းပြီး မမှတ်မိနိုင်။ ယောက်ျားလေးလို ဝတ်ထားတော့ ပိုလို့တောင် မမှတ်မိဖြစ်သွားသည်။
'ငါ ပြောလိုက်ရင် ကောင်းမလား'
ခုမှ သတိကောင်းကောင်း ရလာတာမို့ ပြောလို့ ကောင်းပါ့မလားလို့ တွေးနေမိသည်။
"ဒီ.. ပုံလေး.. ပြန်ပေးချင်လို့ပါ"
ကျော် သူမလက်ထဲက ဓာတ်ပုံလေးကို လှမ်းပေးတော့ ထိုလူကြီးမျက်နှာ အနည်းငယ် ရွှင်သွားသည်။
"ဦးလေးက ပျောက်သွားပြီ ထင်နေတာ.. ကျေးဇူးပါပဲ ကလေးမရယ်.. ဦးလေးဆီမှာ သမီးလေးပုံဆိုလို့ ဒါလေးပဲရှိတာ"
ပြောပြီးတာနဲ့ သွေးတွေစွန်းပေနေတဲ့ ဓာတ်ပုံလေးကို ကြင်နာစွာ နမ်းရှိုက်လိုက်သည်။