ပွက်..
ငြိမ်သက်နေတဲ့ ကန်ရေပြင်လေးက ကျော် ပစ်လိုက်တဲ့ ကျောက်ခဲလေးကြောင့် လှိုင်းထသွားသည်။ ကျောက်တုံးလေးမြုပ်သွားတော့ ထိုနေရာကို နောက်ထပ် ကျောက်ခဲလေးတစ်တုံးက ရေပေါ်မှာ ရှပ်တိုက် ၆ ဆင့် ပြေးသွားပြီး မြင်ကွင်းထဲမှ ပျောက်သွားသည်။ ကျော် ဘေးနားမှာ ထိုင်နေတဲ့ထွဋ်ကို မှုန်ကုပ်ကုပ် တစ်ချက်ကြည့်လိုက်သည်။
"မင်းကလည်း.. ငါ့ကို ကြွားပြန်ပြီ.. ငါမှ မပစ်တတ်ပါဘူးဆို"
"ဒီလိုပါပဲ.. အကျင့်ပါနေလို့ပါ.. မင်း ငါ့ကို စိတ်ဆိုးသွားတာလား"
"ဆိုးတာပေါ့ကွ.. မင်းတော်တော် စဉ်းစားဉာဏ်မရှိတာပဲ.. တကယ်ဆို ဒီအချိန်မှာ D တွေနဲ့အောင်ပြီး တက္ကသိုလ်တက်နေရမှာကို"
"မင်းမှ မပါတာ"
"ဟ.. ငါမပါတာနဲ့ပဲ ကျအောင်ဖြေရလား"
"အင်း"
"ဟာကွာ.. ကျစ်"
"ကျော်"
"ဘာတုန်း"
"ခုနက ငါပစ်လိုက်တဲ့ ကျောက်ခဲလေးကို မြင်တယ်မို့လား.. ဘယ်လိုပြေးသွားတာလဲ"
"မြင်သားပဲ"
"မင်းပစ်လိုက်တော့ တန်းမြုပ်သွားတယ်မဟုတ်လား"
"အင်း.. မင်းဆိုလိုချင်တာက.. "
"၁၀ တန်းကျသွားတာက သေသွားတာမှ မဟုတ်တာ.. ကျောက်ခဲတိုင်း ရေထဲပစ်ချရင် မြုပ်သွားကြတာပဲ.. ဒါပေမယ့် ခုနကလိုပစ်ပုံမျိုးနဲ့ဆို ရေပေါ်မှာ ပြေးနိုင်သေးတယ်လေ.. ငါတို့လည်း မသေခင်မှာ ဘာမဆို လုပ်လို့ရတယ်.. ၁၀ တန်းလည်း ပြန်ဖြေလို့ရတယ်.. fresher ဘဝနဲ့ နှစ်ချင်းပေါက်အောင်တာ မဟုတ်လည်း အဲ့ဒီထက်သာအောင် ကြိုးစားဖို့ အခွင့်အရေးပိုရှိသွားတယ်လို့ သဘောထားလိုက်.. ဟန်နီထွန်း အောင်သွားတာက ကံကောင်းလို့ ခွေးတိုးပေါက်က အောင်သွားတာပါ.. ငါတို့ သူ့ထက်သာအောင် လုပ်လို့ရသေးတယ်"
"အင်း.. မင်းပြောတာလည်း ဟုတ်သားပဲ"
ထွဋ်က ကျော်နဲ့ သက်တူရွယ်တူဆိုပေမယ့် တစ်ခါတစ်ရံ ကျော့်ထက် ပိုပြီး ရင့်ကျက်သည်။ အတွေးအခေါ်ပိုကောင်းသည်။