ဦးနန္ဒာအောင်တစ်ယောက် အကူအညီပေးမယ့်သူမရှိတာကြောင့် တစ်ယောက်တည်း အပြင်ထွက်ရန် ခုတင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
ဆရာဝန်က လမ်းလျှောက်နိုင်ပြီ။ ကိုယ်လက်လှုပ်ရှားလို့ရပြီ ဆိုသော်လည်း သူ့ကို စောင့်ပေးနေကျ ဒေါ်ခင်အေးကလည်း မလာသေး။ သူ့ဇနီးကလည်းသူ့ရဲ့ လစ်ဟာနေတဲ့ တာဝန်တွေအတွက် အလုပ်ရှုပ်နေတာမို့ ကိုယ့်အားကိုယ်ကိုးဖို့သာ ဆုံးဖြတ်လိုက်သည်။
စလျှောက်ကာစဆိုတော့ ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်သေး။ လူက အားတင်းထားသည့်ကြားက တစ်ချက်တစ်ချက် ယိုင်ယိုင်သွားသည်။
"အ!"
တံခါးပေါက်နား အရောက်တွင် ခေါင်းက မိုက်ခနဲဖြစ်သွားပြီး ဟန်ချက်ပျက်ကာ လူက ယိုင်သွားသည်။ ကိုင်မိကိုင်ရာ တံခါးက လက်ကိုင်ကို ကိုင်လိုက်ပေမယ့်ရုတ်တရက် တံခါးက ပွင့်သွားတာကြောင့် မမိလိုက်။ သို့သော် သူ့ခန္ဓာကိုယ်ကလည်း ကြမ်းပြင်ပေါ် လဲကျမသွား။ နွေးထွေးသော လက်တစ်စုံက သူ့ကို ထိန်းကိုင်ပေးထားသည်။
"အဖေ.. ရရဲ့လား.. မသက်သာသေးဘဲနဲ့ ဘာလို့ တစ်ယောက်တည်း ထွက်လာတာလဲ"
ကျော့ စိုးရိမ်တကြီးပြောရင်း သူမအဖေကို ကုတင်ပေါ် ပြန်ပြီး တွဲပို့ပေးလိုက်သည်။ ဦးနန္ဒာအောင်ကတော့ သူမကို မျက်ရည်တွေဝဲနေတဲ့ မျက်လုံးစိုစိုတွေနဲ့ ကြည့်နေမိသည်။
'အဖေ့သမီးလေး ပြန်လာပြီပဲ'
"အဖေ"
ကျော့ သူ့ကို ကြည့်ရင်း တိုးညင်စွာ ခေါ်လိုက်သည်။
"သမီးပြောခဲ့တာတွေအတွက် အဖေ တော်တော်ခံစားခဲ့ရမှာပဲနော်.. သမီးလေ.. အဖေ့အပေါ် အမြင်တွေ မှားခဲ့မိတယ်.. ကိုယ့်အထင်နဲ့ကိုယ် တစ်ဖက်သတ်တွေးပြီး အဖေ့ခံစားချက်တွေကိုတော့ ထည့်မတွက်ပေးခဲ့ဘူး.. သမီး တောင်းပန်ပါတယ်.. သမီး ပြောမှားဆိုမှားရှိခဲ့တာတွေအတွက် သမီး တကယ်တောင်းပန်ပါတယ်.. အဖေခံစားခဲ့ရတာတွေအတွက် သမီး တကယ် စိတ်မကောင်းပါဘူး"
ပြောရင်းနဲ့ ငိုသံပါလာသော ကျော့စကားသံတွေကို နားထောင်ရင်း ဦးနန္ဒာအောင် သူမကို မျက်ရည်တွေကြားမှ ပြုံးပြလိုက်သည်။