ကျော့ မှန်ရှေ့က သူမကိုယ်ကို ပြန်ကြည့်ရင်း ကျေနပ်နေမိသည်။
'ငါ့ကိုယ်ငါ ဒီလောက်လှမှန်းသိရင် အစောကြီးကတည်းက မိန်းကလေးလို ဝတ်ပါတယ်'
မနက် ၇ နာရီကတည်းက မှန်ရှေ့မှာ အလှပြင်နေတာ ခုထိ မပြီးသေး။ အလှပြင်တယ်ဆိုတာကလည်း သူများတွေလို မိတ်ကပ်တွေ၊ ဆံပင်တွေ ပြင်နေတာ မဟုတ်။ အဝတ်အစားတွေ တစ်စုံပြီး တစ်စုံ ထုတ်ဝတ်ကြည့်ပြီး ကိုယ်ကို တစ်ပတ်ထက်မက လှည့်ပတ် ကြည့်နေခြင်းဖြစ်သည်။
"မိကျော့.. မပြီးနိုင်သေးဘူးလား.. အမယ်လေးဟယ်.. မှန်ကြီးထဲလည်း ဝင်သွားပါဦးမယ်.. ၈ နာရီတောင် ထိုးနေပြီ.. အောက်မှာ ထွဋ်စောင့်နေတယ်"
"ဖွား.. သမီးလှရဲ့လားဟင်"
"လှပါတယ်တော်.. ငါ့မြေးက ဘာဝတ်ဝတ်လှပြီးသား"
ဒေါ်ခင်အေးက လှပါတယ်လို့ ပြောသွားတာတောင် မှန်ထဲက ကိုယ့်ပုံကို ကြည့်ပြီး အားမရနိုင်သေး။
'ငါကလည်း ဘာလို့ ဒီလောက် လှချင်လာပါလိမ့်.. ဈေးသွားဝယ်မှာလေးကို.. ဟူး"
@@@@@@@@@@@@@@@
ထွဋ် အပေါ်ထပ်လှေကားကနေ တစ်လှမ်းချင်း ဆင်းလာတဲ့ ကျော့ကို မင်သက်စွာ ငေးကြည့်နေမိသည်။ ကိုယ်ကျပ်လက်ရှည်ကို အောက်ခံထားပြီး ကြိုးတစ်ချောင်းဂါဝန်လေးနဲ့ အမြင်မရိုင်းအောင်ဝတ်ရင်း ဂါဝန်လေးကို ဝဲခနဲ ဖြစ်အောင် ရမ်းကာ လျှောက်လာသော ကျော့။
"ပါးစပ်လေးဘာလေး ပိတ်ပါဦး"
ကျော့ သတိပေးမှ ဟောင်းလောင်းဖြစ်သွားတဲ့ သူ့ပါးစပ်ကို လက်အကူအညီနဲ့ ပိတ်လိုက်သည်။
"အဟမ်း.. ငါ လှလားလို့ မမေးတော့ပါဘူး"
မေးစရာမှ မလိုတော့ဘဲ။ ထွဋ်ပုံစံက သူမ အရမ်းလှနေတယ်ဆိုတာကို အလိုလို ဝန်ခံပြီးသားဖြစ်သွားပြီကိုး။
"သွားမယ်လေ"
တကယ်တော့ ကျော့လည်း ထွဋ်ကို ငေးမိတာအမှန်ပါ။ ရှပ်အဖြူလက်ရှည်ကို တံတောင်ဆစ်နားထိ ခေါက်ထားပြီး စတိုင်ဘောင်းဘီအနက်နဲ့ ထွဋ်ပုံစံက အရင်ကနဲ့ မတူ။ ရင့်ကျက်တည်ငြိမ်နေသည်။