Episode -29

394 19 0
                                    

"သမီး.. ဒီလိုကြီး မှိုင်မှိုင်တွေတွေ နေမယ့်အစား စိတ်အပြောင်းအလဲဖြစ်အောင် ဖေဖေနဲ့ Japan ကို လိုက်ခဲ့ပါလား"

"ဟင်.. ဖေဖေက Japan သွားမလို့လား"

"အင်း.. အလုပ်ကိစ္စနဲ့ သွားရမှာ.. တကယ်လို့ ဒီမှာနေရတာ စိတ်ညစ်နေသေးတယ်ဆိုရင် ဟိုမှာပဲ ကျောင်းဆက်တက်ပေါ့"

ဦးနန္ဒာအောင်ရဲ့ အကြံပေးမှုကြောင့် သူမ Japanကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

"မမ.. ကိုထွဋ်ကို ၆ ရက်လောက်လေး ခွဲရတာတောင် လွမ်းနာကျခဲ့ရတာ.. ခုလို အကြာကြီး သွားမှာဆိုတော့ နေနိုင်ပါ့မလား"

မှုန်က အဝတ်တွေ ကူထည့်ပေးနေရင်း မေးလိုက်သည်။

"သူ့ကို ရှောင်ချင်လို့ သွားတာပဲ.. နေနိုင်အောင် နေရမှာပေါ့.. ဖြစ်နိုင်ရင် အတိတ်က ဖြစ်ရပ်တွေကိုရော သူ့ကိုပါ မေ့ပစ်ချင်တယ်.. ဒါပေမယ့် ခုချိန်ထိ သူ့ကိုသတိရမိနေတုန်းပဲ"

ပြောနေရင်းက မျက်ရည်တွေ ကျလာသည်။

"မမရယ်.. အဲ့လောက်ခံစားနေရမှတော့ ကိုထွဋ်ဆီ ပြန်သွားလိုက်ပါလားဟင်"

"ဟင့်အင်း.. မသွားချင်ဘူး.. သူနဲ့ ပတ်သက်ပြီး မမကို ကိုကိုက အထင်လွဲခဲ့တယ်.. အဲ့နေ့ကသာ သူနဲ့ အတူမရှိခဲ့ရင် ဒီလောက်ထိ အရှက်ခွဲခံရမှာ မဟုတ်ဘူး.. သူ့ကိုလည်း မမကြောင့်နဲ့ ထပ်ပြီး မနာကျင်စေချင်ဘူး.. သူ့ကို မျက်နှာချင်းလည်း မဆိုင်ရဲဘူး"

"မမရယ်"

မှုန် ကျော့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးပြီး ပြုံးပြလိုက်သည်။

"မမ ဟိုရောက်ရင် နေရာစုံအောင်လျှောက်လည်နော်.. မမသွားပြီး တစ်ပတ်လောက်နေရင် မှုန် လိုက်လာခဲ့မယ်.. အဲ့ဒီမှာ မှုန်တို့ အတူနေကြတာပေါ့"

"အင်း"

ဒီလိုနဲ့ ကျော့ Japan ကို ထွက်ခွာခဲ့သည်။ ဖုန်းထဲက သူမနဲ့ ထွဋ်ရဲ့ ဓာတ်ပုံတွေကိုလည်း ဖျက်ပစ်ခဲ့သည်။ သို့သော် သူမ ယောက်ျားလေးပုံစံနဲ့နေတုန်းက ထွဋ်နဲ့အတူ ပုခုံးဖက် ရိုက်ထားတဲ့ ပုံလေးတစ်ပုံကိုတော့ မဖျက်ရက်ဘဲ ချန်ထားလိုက်သည်။

@@@@@@@@@@@@@@@

"သား.. ကျော့နဲ့ အဆင်ပြေသွားပြီလား"

ရန်ကုန်က ပြန်ရောက်ကတည်းက တမှိုင်မှိုင်နဲ့ ဖြစ်နေ၍ အခြေအနေ မကောင်းမှန်းတော့ သိနေသည်။

"သူ ထွက်သွားပြီ မေမေ"

"ဟင်!!.. ဘယ်ကိုလဲ"

သူ ခေါင်းရမ်းပြလိုက်သည်။

"သူ ကျွန်တော့်ဆီကနေ ထွက်ပြေးသွားပြီ.. ဘယ်ကိုသွားတယ် ဆိုတာကိုလည်း ပြောမသွားဘူး.. သူ့ကို မေ့လိုက်ဖို့ပဲ မှာသွားတယ်"

"သားရယ်"

ဒေါ်ကြင်မွှေး ထွဋ်၏ကျောပြင်ကို ပွတ်ပေးရင်း

"သိပ်လည်း စိတ်မညစ်ပါနဲ့ သားရယ်.. မိကျော့က သားနဲ့ အကြာကြီး မခွဲနိုင်ပါဘူး.. သူ သားဆီကို မကြာခင် ပြန်လာမှာပါ"

'အဲ့လို ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ် မေမေရယ်'

@@@@@@@@@@@@@@@

"ကဲ.. ခုတော့ အားလုံး ပြီးသွားပြီ.. သားလည်း သူ့ကို စိတ်နာသွားပြီ.. သမီးဘက်က ကြိုးစားရင် သားလည်း သမီးကို ပြန်ချစ်လာမှာပါ"

"ဟုတ်ကဲ့ အမေ.. ထား ဇနီးတစ်ယောက်ရဲ့ ဝတ္တရားတွေနဲ့အညီ ကိုခန့်အပေါ် သစ္စာရှိသွားမှာပါ"

"ဒါနဲ့.. ထား လက်ထပ်ဖို့ ၂ ရက်ပဲ လိုတော့တယ်.. ထား ရင်မခုန်ဘူးလား"

ဘေးနားမှာ ထိုင်နေတဲ့ သော်တာက မေးလိုက်သည်။

"ရင်တွေ ခုန်လွန်းလို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး မသော်ရယ်.. မသော်ကိုလည်း ကျေးဇူးတင်ပါတယ်.. မသော်သာ ကိုခန့်ကို ကျော့နန္ဒာနဲ့ ပတ်သက်ပြီး အဲ့လိုတွေ ပြောမပြခဲ့ရင် ဓာတ်ပုံပြရုံလောက်နဲ့တော့ ယုံမှာ မဟုတ်ဘူး"

"ဟော.. ဒါဆို အမေကြိုးစားထားတာ အသုံးမဝင်ဘူးလို့ ပြောတာပေါ့"

ဒေါ်မြင့်မော် ကော်ဖီကို တစ်ငုံသောက်ရင်း ထားကို မျက်စောင်းလေးထိုးကာ ပြောလိုက်သည်။

"အဲ့လိုလည်း ဘယ်ဟုတ်မလဲ အမေရဲ့.. အမေ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ထား ခုလို ကိုခန့်ကို ပိုင်ဆိုင်ရတာ"

"အင်း.. တကယ်ဆို အဲ့ဒီ ထွဋ်ဆိုတဲ့ ကောင်လေးကြောင့် ပိုပြီး ယုတ္တိရှိသွားတာ"

"ထွဋ်ဆိုတာ ဘယ်သူလဲဟင်"

"ကျော့ကို ချစ်နေတဲ့ သူလေ"

ထားအမေးကို သော်တာက ဝင်ဖြေပေးလိုက်သည်။

"အဲ့ဒီမိန်းကလေး ကံကောင်းချက်နော်.. ကိုခန့်ရော အဲ့ဒီတစ်ယောက်ကပါ သူ့ကို ချစ်နေတာဆိုတော့.. ဒါနဲ့ အမေ.. အဲ့နေ့က ဘယ်လိုတွေ ဖြစ်သွားကြတာလဲ"

"တကယ်တော့ အမေ့အကြံက သူ့ကို ဟိုတယ်ကို လာခိုင်းမယ်.. ပြီးရင် ပြိုင်ကားနဲ့ ပွတ်ဆွဲလေး ဆွဲပြီး နာရုံလေးပဲ လုပ်လိုက်မယ်ပေါ့.. ပြီးမှ ကားထဲကလူက သူ့ကို အခန်းနံပါတ် ၂၀၄ ဆီ တွဲပို့ခိုင်းမယ်.. အခန်းထဲဝင်သွားတဲ့ ပုံကိုပဲ ရိုက်မလို့ စိတ်ကူးခဲ့တာ.. ဒါပေမယ့် သူတို့က ဇာတ်ညွှန်းထဲကထက် ပိုပြီး ပီပြင်သွားတယ်"

"ဟာ.. အမေ ဒီပုံစံအတိုင်းဆို director လုပ်လို့ရပြီ"

"တောက်!!!!"

၃ ယောက်သား အသံလာရာကို အလန့်တကြားကြည့်လိုက်တော့ သူတို့ကို စူးစူးရဲရဲ ကြည့်နေတဲ့ ခန့်ကို တွေ့လိုက်ရတော့ ၃ ယောက်လုံး ပြိုင်တူ ထရပ်လိုက်ကြသည်။

"ဟင်!!!.. ကိုခန့်"

"သား.. ဒီနေ့ အိမ်ပြန်မလာနိုင်ဘူးဆို"

"ကျွန်တော် ပြန်မလာနိုင်ဘူးဆိုပြီး လွတ်လွတ်လပ်လပ် အောင်ပွဲခံနေကြတာပေါ့လေ.. အကြံပက်စက်လိုက်တာ အမေရယ်.. သဘောမတူနိုင်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောမှပေါ့.. ခုတော့ အမေ့လုပ်ပုံက ဟုတ်သေးရဲ့လား.. ကျွန်တော်က သူများ ပြောသမျှယုံတဲ့ ငတုံးတစ်ယောက် ဖြစ်ခဲ့ရပြီ.. ကျော့ကိုလည်း အထင်လွဲခဲ့မိတယ်"

ကျော့ပါးပြင်ကို ရိုက်ခဲ့မိတဲ့ သူ့လက်ကို နာကြည်းစွာ ကြည့်လိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

"ခန့်.. ငါပြောပြတဲ့ သူတို့ ၂ ယောက် ချစ်နေတယ်ဆိုတာကတော့ အမှန်နော်"

"သော်တာ.. မင်းလည်း ဒီပုပ်ထဲက ဒီပဲ ပဲ.. ငါ ကျော့ကို အထင်လွဲအောင် အမျိုးမျိုး သွေးထိုးခဲ့တယ်.. အေးလေ.. မင်းလည်း မမှားပါဘူး.. မင်းပြောသမျှကို နားထောင်ပေးပြီး ယုံခဲ့မိတဲ့ ငါသာ မှားတာ.. တောက်!"

ခန့် သူတို့ကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်ပြီး အပြင်ကို ပြေးထွက်ခဲ့သည်။ ဒီမှာသာ ဆက်နေမိရင် လူသတ်မိလိမ့်မည် ထင်သည်။

"သား"

"ကိုခန့် "

ခွမ်း!!!

ထား သူ့နောက်ကို လိုက်ချင်ဇောနဲ့ ပြေးလိုက်တော့ ကော်ဖီခွက်ကို လက်နဲ့ တိုက်မိပြီး အောက်ကို ကျကွဲသွားသည်။

ထား သူ့နောက်က ပြေးလိုက်လာတာကို သိပေမယ့် သူ့ခြေလှမ်းတွေကို ရပ်မပစ်မိ။

"ကိုခန့်.. ဒါတွေအားလုံး ထားကြောင့်ပါ.. ထား.. ကိုခန့်ကို ချစ်လွန်းလို့ ခုလိုတွေ လုပ်ခဲ့မိတာပါ"

သူ ခြေလှမ်းတွေကို စုံရပ်ပစ်လိုက်သည်။ သူရပ်တော့ ထားလည်း ပြေးလိုက်နေရာမှ ရပ်သွားသည်။

"သူ့ကို ထိခိုက်အောင် မလုပ်ဖို့ ပြောခဲ့ရဲ့သားနဲ့.. မင်း စကားမတည်ဘူး.. မင်းကို ငါ အရမ်း ရွံသွားပြီ.. ငါ့နောက်ကို ဆက်မလိုက်ခဲ့နဲ့.. ဘာလုပ်မိမယ်မှန်း မသိလို့"

ပြောရင်းနဲ့ သူရပ်နေတဲ့ ပလက်ဖောင်းကနေ လမ်းတစ်ဖက်ကို ကမူးရှူးထိုး ကူးသွားသည်။

"ကိုခန့်!!.. ကားလာနေတယ်!"

ထားအော်သံကို မကြားတော့။ သူ့စိတ်တွေက ကိုယ်နဲ့မကပ်တာမို့ မျက်နှာက ရှေ့ကိုသာ တည့်တည့်ကြည့်ရင်း ကူးသွားတာကြောင့် အရှိန်နဲ့ မောင်းလာတဲ့ကားတစ်စီးကို မမြင်မိ။

"ကိုခန့်.. သတိထား.. အင့်"

ဘုန်း!!!!!!!.. ကျီ!!.. .. .. ..

သူ့ကို တစ်ယောက်ယောက်က တွန်းလွှတ်လိုက်၍ ဘေးကို လဲကျသွားသည်။ ဒါဆို သူကြားလိုက်တဲ့အသံက ဘယ်သူ့ကို တိုက်မိလို့ ထွက်လာတဲ့ အသံလဲ။

လမ်းဘေးကို အရှိန်နဲ့ လဲကျသွားတာမို့ ပွန်းပဲ့သွားပေမယ့် ဂရုမစိုက်နိုင်။ သူ့နောက်က လိုက်လာတဲ့ ထားကို မတွေ့ရတော့သဖြင့် လိုက်ရှာနေမိသည်။

ကားတစ်စီးရှေ့မှာ လူတွေအုံနေတာမို့ လူအုပ်ကြားထဲ တိုးဝင်ကြည့်မိတော့ သူ့မျက်လုံးတွေ ပြာဝေသွားသည်။

"ဟင်!!!.. ထား!"

သွေးအိုင်ထဲမှာ ငြိမ်သက်နေတဲ့ ထား။ မျက်လုံးကို အားတင်းဖွင့်ရင်း လူကြားထဲကသူ့ကို လှမ်းကြည့်နေတဲ့ ထား။

"ထား.. ထား"

သူ လူအုပ်ကြားထဲ အရူးတစ်ယောက်လို ပြေးဝင်သွားမိသည်။ ဒီလောက်ထိ ဖြစ်ဖို့ သူ မရည်ရွယ်ခဲ့ပါ။ သူ့အစား ဝင်အတိုက်ခံလိုက်ရတဲ့ ထားကို သူဘယ်လိုတုံ့ပြန်ရပါ့မလဲ။

"ဆေးရုံကား ခေါ်ပေးကြပါ.. လူနာတင်ကား အမြန်ခေါ်ပေးကြပါဗျာ"

ငိုသံပါကြီးနဲ့ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကို အော်ပြောလိုက်သည်။ ကားထဲက ထွက်လာတဲ့ လူကလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။

"ကိုခန့်.."

ထားအသံက တိုးညင်စွာ ထွက်လာသည်။

"ထား.. ကိုခန့်ကို တကယ်ချစ်တယ်ဆိုတာ.. ယုံပြီလား.. ဟင်"

"ထားရယ်.. ဘာလို့ ဒီလို လုပ်လိုက်ရတာလဲကွာ"

ထား သူ့ကို အားတင်း၍ ပြုံးပြလိုက်ရင်း

"ထားကို ခွင့်လွှတ်ပါ"

သူမ မျက်လုံးလေးတွေ မှေးစက်သွားသည်။

"ထား.. ထား!!!!"

သူ့အော်သံက အာကာကောင်းကင်ယံထိ လွင့်ပျံသွားသည်။

@@@@@@@@@@@@@@@

•°•°•°•°•°•၁၀ နှစ်ခန့် ကြာသော်•°•°•°•°•°•

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပကို ခရီးထွက်မယ့်သူတွေ၊ ပြန်လာတဲ့သူတွေ၊ လာကြိုတဲ့သူတွေနဲ့ စည်ကားလို့ နေသည်။

ခရီးဆောင်အိတ် အနက်ရောင်လေးကို ဆွဲရင်း ဖုန်းတစ်လုံးနဲ့ စကားပြောနေတဲ့ သူမ။ အားလုံးထဲမှာ သူမအလှက ထင်ပေါ်နေသည်။ မိုးပြာရောင်ဂါဝန်ရှည်လေးနဲ့ သူမအလှကို မြင်ရသူတိုင်း သမင်လည်ပြန် လှည့်ကြည့်သွားကြသည်။ ခါးအောက်ပိုင်းထိ ရှည်နေတဲ့ ဆံနွယ်တွေက သူမရဲ့ လှုပ်ရှားမှုတိုင်းမှာ လှုပ်ခါသွားကြသည်။

"မမကို မြင်နေရပြီ.. ခု.. မှုန် လက်လှမ်းပြနေတယ်"

ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ သူမကို လက်ပြရင်း ပြုံးရယ်နေတဲ့ ငွေမှုန်ဖြူ့ကို တွေ့လိုက်ရသည်။

"အင်း.. မမလည်း မြင်ရပြီ"

မှုန်ရှိရာကို သွက်လက်ပေါ့ပါးသော ခြေလှမ်းတွေနဲ့ လျှောက်သွားလိုက်သည်။

"ဝါး.. တို့မမကတော့ အသက် ၃၀ လို့တောင် မထင်ရဘူး.. အရမ်းကို လှနေတာပဲ.. မှုန်ပြန်သွားတာမှ ၂ လပဲ ရှိသေးတယ်.. မမကို အရမ်းလွမ်းတာပဲ"

"တော်ပါ မငွေချွဲရယ်.. အလုပ်ကိစ္စတွေရော အဆင်ပြေရဲ့လား"

"မမကလည်း.. ပြန်ရောက်တာနဲ့ အလုပ်အကြောင်းကို တန်းပြောတော့တာပဲ.. အားလုံး အဆင်ပြေတယ်.. ဒီဇိုင်းပြိုင်ပွဲအတွက် အားလုံး ပြင်ဆင်ပြီးသွားပြီ.. ဘယ်လိုလဲ.. မှုန် တော်တယ် မလား"

"အင်း.. မမရဲ့ မှုန်က အတော်ဆုံးပဲ"

ဒီလို ချီးကျူးစကားလေးကို မှုန် အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ပြီးတိုင်း ပြောပေးနေကျ။ မှုန့်အတွက်တော့ ဒီစကားလေးက ဘယ်တော့မှ ရိုးမသွား။ ဒီစကားလေးက သူမအတွက် အားအင်သစ်တွေ ဖြစ်ပေါ်စေသည်။

ကျော့ Japan မှာပဲ ကျောင်းဆက်တက်ဖြစ်ခဲ့သည်။ မှုန်က အင်္ကျီဒီဇိုင်းဆွဲရတာကို ဝါသနာပါ၍ ဒီဇိုင်းပညာကို သင်ယူခဲ့သည်။ မှုန် အတင်းတောင်းဆို၍ သူမပါ မှုန်နဲ့အတူ ဒီဇိုင်းပညာကို သင်ယူခဲ့သည်။

အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဖန်တီးနိုင်မှု ကောင်းတာကြောင့် သူမကိုယ်သူမ ဒီဇိုင်းဆွဲရာမှာ ထူးချွန်မှန်း သိခဲ့ရသည်။ သူမရဲ့ အတန်းဖော်တွေကပင် သူမ ဆွဲသမျှ ဒီဇိုင်းတွေကို သဘောကျကြသည်။ သူမကိုယ်တိုင်လည်း designer တစ်ယောက် ဖြစ်ဖို့ ကြိုးစားလာခဲ့သည်။

ခုတော့ သူမတို့ ညီအစ်မ ၂ ယောက်ရဲ့ ကြိုးစားမှုကြောင့် Reality ဆိုတဲ့ company ကြီးကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။ စီးပွားရေးလောကမှာ ကျော့နန္ဒာဆိုတာ အသက်ငယ်ပြီး တည်ငြိမ်လှပတဲ့၊ ထူးချွန်ထက်မြက်တဲ့၊ သူများတွေထက် ခြေတစ်လှမ်းသာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် လူသိများခဲ့သည်။

"ဟော.. သမီးတို့ ပြန်လာပြီ.. ကျော့ရယ် လှလာလိုက်တာ.. နတ်သမီးလေးအတိုင်းပဲ"

"မေမေကတော့ နောက်ပြီ"

"တကယ်ပြောတာ.. ကဲကဲ.. လာကြ.. မေမေ သမီးတို့အတွက် အထူးချက်ပြုတ်ထားတယ်"

"ဖေဖေကရော"

"အိမ်ပေါ်မှာ စာဖတ်နေတယ်"

"သမီး.. ဖေဖေ့ဆီ သွားလိုက်ဦးမယ်"

"အေးအေး.. အစ်ကိုက သမီးကို မျှော်နေတာ"

ခုဆိုရင် သူမ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီ။ သူမ ချစ်ရတဲ့ ဖေဖေရယ်၊ သူမကိုဂရုတစိုက်ချစ်ပေးတဲ့ မေမေပုလဲသွယ်ရယ်၊ အရမ်းချစ်ဖို့ကောင်းပြီး တီတီတာတာပြောတတ်တဲ့ ညီမလေး ငွေမှုန်ဖြူရယ်။

စာကြည့်ခန်းထဲ ဝင်သွားတော့ သူမကို ကျောပေးပြီး ပက်လက်ကုလားထိုင်ပေါ်မှာ စာဖတ်နေတဲ့ ဦးနန္ဒာအောင်ကို တွေ့လိုက်ရသည်။

"ဖေဖေ"

"ဟာ.. သမီး.. ကြည့်ပါဦး.. လှလာလိုက်တာ.. ရုတ်တရက်ဆိုတော့ ဖေဖေတောင် မမှတ်မိချင်ဘူး"

သူမ ကုလားထိုင်ဘေးမှာ ပုဆစ်တုပ် ထိုင်လိုက်သည်။

"ဖေဖေ နေကောင်းတယ်မလား"

"အင်း.. အသက်ရလာပြီဆိုတော့လည်း အရင်လိုတော့ မမာတော့ဘူးပေါ့"

ခုဆို သူမတို့ ညီအစ်မ ၂ ယောက်ရဲ့ ဝင်ငွေနဲ့ သူတို့မိသားစု ရပ်တည်နေနိုင်ပြီ။ ကျော့က ဦးနန္ဒာအောင်ကို သူ့ကျန်းမာရေး အခြေအနေကြောင့် အလုပ်မှ အနားယူစေလိုက်သည်။

Because Of YouTempat cerita menjadi hidup. Temukan sekarang