"ကိုကို.. စကားလေးဘာလေး ပြောပါဦး.. အဲ့လိုကြီး.. အေးတိအေးစက်ကြီး မနေပါနဲ့"
ခန့် အိမ်အပြန်လမ်းတစ်လျှောက်လုံး ဘာစကားမှမပြော။ ကြာတော့ ကျော့လည်း အနေခက်လာသည်။
"ကိုကို.. ကျော့ကို စိတ်ဆိုးနေတာလားဟင်.. ကျော့ ကိုကိုစိတ်ဆိုးစရာ လုပ်မိလို့လားဟင်"
"မဟုတ်ပါဘူး.. ကျော့ဘာ''မှ မလုပ်ပါဘူး.. ဒီလိုပဲ.. ကိုယ် တွေးစရာလေး ရှိလို့ပါ"
တကယ်တော့ စားသောက်ဆိုင်မှာတုန်းက ကိစ္စကို နည်းနည်းတော့ အလိုမကျဖြစ်မိသည်။
"ကျော့"
"ရှင်"
ကားမောင်းနေရင်း ပြောတာမို့ ကျော့ကို စိုက်မကြည့်အား။ ရှေ့ကိုသာ အာရုံစိုက် မောင်းနေရသည်။
"ကိုယ့်အကြောင်း ဘယ်လောက်သိထားလဲ"
"ဟင်.. ဘာကိုလဲ.. ကိုကိုရဲ့"
"ကျော့နဲ့ ကိုယ်က ချစ်သူတွေလေ"
"ဟုတ်တယ်လေ"
"ကိုယ်တို့ တစ်ယောက်အကြောင်း တစ်ယောက် ဘယ်လောက်ထိ သိပြီးကြပြီလဲဆိုတာ ခုထိ ကိုယ် သေချာ မသိသေးဘူး"
"ကိုကိုရယ်.. ကျော့တို့ အခု တစ်ယောက်အကြောင်းတစ်ယောက် သိအောင် လုပ်နေကြတာပဲလေ"
"ဒါပေမယ့် ကျော့ ကိုယ်နဲ့ ပတ်သက်ပြီး ဘာမှ မသိသေးဘူး"
"ကိုကို ဘာကိုပြောချင်တာလဲ"
ထွဋ် ကားကို လမ်းဘေး ချရပ်လိုက်သည်။ ကျော့နဲ့ မျက်နှာချင်းဆိုင်အောင် နေရာပြင်ထိုင်လိုက်ရင်း
"ကျော့သိလား.. ကိုယ်နဲ့ ပတ်သက်တာလေ.. ကျော့ ဘယ်လောက်ထိ သိနေပြီလဲ"
"သိသင့်သလောက်တော့ သိပါတယ်"
"ဘာတွေကို သိနေတာလဲ"
ခန့်အသံက နည်းနည်းမာလာသည်။ ကျော့ သူ့ကို နားမလည်နိုင်တော့။ သူ ဘာကို စိတ်ဆိုးနေတာလဲဆိုတာကို သူမလည်း မစဉ်းစားတတ်တော့။
"ကိုကိုက ခန့်ဇော်အောင်.. ဆရာဝန်တစ်ယောက်.. ရုပ်ချောတယ်.. သဘောကောင်းတယ်.. တော်တယ်.. ပြီးတော့.. "
သူမ ခန့်ကို သေချာကြည့်လိုက်ရင်း
"ကိုကို့မှာ သဘောတူထားတဲ့ မိန်းကလေးလည်း ရှိတယ်.. သူက ကိုကို့ကို အရမ်းချစ်တယ်"
"ကျွတ်"
ခန့် စိတ်မရှည်တော့သလို။ သူ့ကို ဒီလိုပုံစံနဲ့ တစ်ခါမှ မမြင်ဖူး။ အမြဲတမ်း စမတ်ကျပြီး စိတ်ရှည် သဘောကောင်းတဲ့ ဆရာဝန်တစ်ယောက်လိုပဲ တွေ့ခဲ့ရဖူးသည်။ ခုတော့ သူ့ပုံစံက အနည်းငယ်ကြောက်ဖို့ကောင်းနေသည်။
"ကိုကို"
"ကျော့.. ကိုယ်ပြောတာ သေချာနားထောင်"
"ဟုတ်"
"ကိုယ် ကျော့ကို ချစ်တယ်"
"ကျော့လည်း ချစ်တယ်လေ"
"ကိုယ်က ကျော့တစ်ယောက်တည်းကိုပဲ ချစ်တာ"
"ကျော့လည်း ကိုကို့တစ်ယောက်တည်းကိုပဲ ချစ်တာ"
"ကိုယ်ပြောတာကို အဆုံးထိ နားထောင်ပေးပါ"
"ဟုတ်"
"ကျော့.. ကိုယ့်အတွက်ပဲ ရှိနေပေးပါ"
"ရှင်"
"ကိုယ် ကျော့ကိုပဲ ချစ်တာ.. ဒါကြောင့် ကျော့ကိုလည်း ကိုယ်တစ်ယောက်ပဲ ပိုင်ရမယ်"
"ကိုကို.. ဘာဖြစ်လို့လဲဟင်.. ဘာလို့ ကျော့ကို အဲ့လို ပြောရတာလဲ"
"ကျော့ ကိုယ့်အကြောင်းကို ဒီ့ထက်ပိုသိအောင်.. အားလုံးသိအောင် လေ့လာပါ.. ကျော့စိတ်ကြိုက် လေ့လာပါ.. တစ်ခုပဲ.. ကျော့.. ကိုယ့်လက်ကိုတော့ ဘယ်တော့မှ မဖြုတ်ပါနဲ့"
ပြောရင်း သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။ သူမကို ဆုံးရှုံးရမှာကို ကြောက်နေမိသည်။
ကျော့ကို ကြည့်နေတဲ့ ထွဋ်မျက်လုံးတွေထဲက စကားလုံးတွေကို သူဖတ်တတ်သည်။ ထွဋ် ကျော့အပေါ် ဘယ်လိုစိတ်မျိုး ထားတယ်ဆိုတာ ယောက်ျားလေး အချင်းချင်းမို့ ရိပ်စားမိသည်။
ထွဋ်နဲ့ ကျော့က ဘယ်လောက်ထိတောင် ရင်းနှီးမှုရှိတယ်ဆိုတာကို မေးချင်ပေမယ့် သူ့ကို ကျော့က စိတ်သဘောထား သေးသိမ်တဲ့လူလို့ ထင်သွားမှာ စိုးရိမ်မိသည်။ သိချင်သော်လည်း အောင့်ကာ ထားရပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိအောင်တော့ လုပ်ရမည်။
@@@@@@@@@@@@@@@
"ထွဋ်.. မသော် တစ်ခုလောက် မေးချင်တယ်"
"ဘာများလဲ"
"ကျော့က ထွဋ်ကို အရမ်းဂရုစိုက်တာပဲနော်"
ထွဋ် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
"ဘာလို့လဲ မသော်.. ပြောချင်တာကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
"ကောင်းပြီ.. ဒါဆို.. မသော် အားမနာတော့ဘူး.. ထွဋ်ချစ်နေတဲ့သူဆိုတာ ကျော့ ဟုတ်တယ်မလား"
"ကျော့ ဟုတ်တယ်မလား.. အဟက်.. ဒါဆို မသော် သိနေခဲ့တာပေါ့.. ကျွန်တော့်ကို မေးတယ်ဆိုတာ အတည်ပြုချင်ရုံသက်သက်ပဲ မဟုတ်လား"
"ထွဋ် အရမ်းတော်တယ်.. ဒါကြောင့် မသော် ထွဋ်ကို.. "
"ဟုတ်တယ်.. ကျွန်တော် ကျော့ကို ချစ်တယ်.. ဘယ်သူ့ကိုမှ ဒီလို အချစ်မျိုးနဲ့ မချစ်ခဲ့ဖူးဘူး.. သူ့တစ်ယောက်တည်းကိုပဲ ချစ်တယ်"
"အဟင်း.. ထွဋ်က လုံးဝကို ဝန်ခံလိုက်တာပဲ.. ဒါနဲ့များ ဘာလို့ ဖွင့်မပြောရတာလဲ"
ထွဋ်ရင်ထဲ ကျဉ်သွားသည်။ သော်တာက သူ့ရင်ထဲက ဒဏ်ရာကို ပိုဆိုးအောင် ဆွပေးနေသလို။
"သူ့မှာ ချစ်သူရှိတယ်လေ.. ပြီးတော့ ကျွန်တော့်အချစ်က ပိုင်ဆိုင်ဖို့သက်သက်ပဲ မဟုတ်ဘူး.. သူ စိတ်ချမ်းသာနေရင် ကျွန်တော့်အတွက် အဆင်ပြေတယ်"
"ခုရော.. ထွဋ်ရင်ထဲ မနာဘူးလား"
"အဟင်း.. ချစ်ရဲမှတော့ အနာခံရဲရမှာပေါ့"
"ဖွင့်တော့ မပြောရဲဘူးပေါ့"
သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း
"မသော် ကျွန်တော့်ကို ဘာပြောချင်တာလဲ"
"ထွေထွေထူးထူးတော့ မရှိပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် သိချင်တာကိုတော့ သိလိုက်ရပြီလေ.. လာ.. ပြန်ကြစို့"
ခုံတန်းလေးမှာ ထိုင်နေရာမှ ဆိုင်ကယ်ဆီ ထသွားသည်။ ထွဋ်ကတော့ ခုံတန်းလေးပေါ်မှာ ထိုင်ကျန်ရစ်ရင်း ကျော့ သူ့ကို ဂရုစိုက်ပေးခဲ့တာတွေကို ပြန်မြင်ယောင်လာမိသည်။
'ကျော့ရယ်.. မင်းအကြောင်းကို တွေးမိရင် ဒီရင်ထဲက အောင့်လာတယ်.. ငါ မချစ်တတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ'
@@@@@@@@@@@@@@@
"အမေ.. ဒါ သားပြောပြထားတဲ့ သားချစ်သူ.. ကျော့ကိုတော့ အမေ့အကြောင်းတွေ ပြောပြထားပါတယ်"
"ဟင်!!.. သားက ဘာတွေ ပြောလိုက်တာလဲ"
"ဩော်.. အမေက ဘယ်လိုသဘောကောင်းတယ် ဆိုတာပါ.. ဟုတ်တယ်မလား ကျော့"
"ဟုတ်ပါတယ် အန်တီ.. ကိုကိုက အန်တီ့အကြောင်းတွေကို အမြှုပ်ထွက်မတက် ပြောပြထားတာ.. ဟီး"
သူမစကားကြောင့် ဒေါ်မြင့်မော်ရော ခန့်ပါ သဘောကျစွာ ရယ်လိုက်ကြသည်။
"သမီးလေးက ရယ်စရာတွေလည်း ပြောတတ်သားပဲ"
ဒေါ်မြင့်မော်၏မျက်နှာအရိပ်အကဲကို ကြည့်နေတဲ့ ခန့်တစ်ယောက် စိတ်အေးမိသည်။ ခုထိတော့ သဘောမတူတဲ့ အရိပ်ယောင် မတွေ့ရ။ ကျော့နဲ့စကားပြောနေတော့လည်း ပြုံးရွှင်နေသည်။
"သမီး.. ထမင်းစားပြီးမှ ပြန်နော်"
"ဟုတ်ကဲ့ အန်တီ"
"ကျော့ကလည်း.. ကိုယ်ခေါ်သလို အမေလို့ပဲ ခေါ်ပါ.. အန်တီဆိုတာကြီးက သူစိမ်းဆန်တယ်"
"ဟင်.. အဲ့လို ခေါ်လို့ရလား"
"ဒါပေါ့ သမီးရဲ့.. ရင်းရင်းနှီးနှီး အမေလို့ပဲ ခေါ်ပါ"
"ဟုတ်ကဲ့.. အ.. မေ"
"ဟား.. ကျော့ကတော့ လုပ်ပြီကွာ.. ရဲရဲခေါ်ပါ"
"ဟုတ်.. အမေ"
"အင်း.. ဒီလိုမှပေါ့"
ခန့် ကျော့ခေါင်းလေးကို အသာ ဖွလိုက်သည်။ ၂ ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့။
ဒေါ်မြင့်မော်ကတော့ သားဖြစ်သူ ပျော်နေတာကို ကြည့်ရင်း သက်ပြင်းတွေ ခိုး ခိုးချမိသည်။
@@@@@@@@@@@@@@@
"စာမေးပွဲက တစ်ပတ်ပဲ လိုတော့တယ်နော်.. စာတွေ ပိုင်နေကြပြီ မဟုတ်လား"
" "ဟုတ်" "
သော်တာ့အမေးကို ၂ ယောက်လုံး ပြိုင်တူဖြေလိုက်ကြသည်။ ခုလို စာသင်နေချိန်မှာ ဘယ်သူမှ ကိုယ်ရေးကိုယ်တာတွေကို ထည့်မပြောကြ။ ဆရာနဲ့ တပည့် ဆက်ဆံရေးသာ။
"မသော် ၂ ယောက်လုံးကို အများကြီးမှန်းထားတယ်.. ဒါကြောင့် အကောင်းဆုံး ကြိုးစားဖြေရမယ်နော်.. အမှတ်ကို ယူနိုင်သလောက် ရအောင်သာယူ.. ပြီးတော့ ဒီရက်ပိုင်းကို အိပ်ရေးဝဝအိပ်ပါ.. ဒါမှ စိတ်ရော လူပါ လန်းဆန်းပြီး ကောင်းကောင်းဖြေနိုင်မှာ.. ဟုတ်ပြီလား"
"ဟုတ်"
ကျော့ ထွဋ်ကို ကြည့်လိုက်တော့ မတုန်မလှုပ်။ တက်ကြွမှုတွေ ပျောက်ဆုံးနေသည်။ သူမကိုလည်း သိပ်ပြီး စကားမပြော။ အရင်လို ပျော်ပျော်နေတတ်သော ထွဋ်ကို ပြန်သတိရမိသည်။
'သူ့မှာ ဘာစိတ်ညစ်စရာတွေ ရှိနေလို့ပါလိမ့်'
ထွဋ်က စိတ်ညစ်စရာဆိုရင် တစ်ယောက်တည်း ကျိတ်ခံစားတတ်၍ စိတ်ပူမိပြန်သည်။