"ဖွား.. ကျော် နိုးပြီလား"
"မနိုးသေးပါဘူးအေ.. ငါတော့ မပြောချင်တော့ဘူး.. ဘယ့်နှယ့်.. မိန်းကလေးဖြစ်ပြီး အရက်တွေသောက်လာရတယ်လို့"
"ဟို.. အဲ့ဒါကလေ.. "
"ကျွန်တော့်ကို ဇွတ်တိုက်တာကို သူက အစားဝင်သောက်ပေးတာ.. ဒါပဲ ပြောဦးမလို့မဟုတ်လား"
ဒေါ်ခင်အေး ထွဋ်ပြောမယ့်စကားကို ပိတ်ပြောလိုက်သဖြင့် ထွဋ် စပ်ဖြီးဖြီးလေးနဲ့ တဟဲဟဲ လုပ်နေသည်။
"နင့်ကိုရော ကြင်မွှေးက မဆူဘူးလား"
"ဆူတာပေါ့.. ကျွန်တော်ဆို မနေ့က သန်းခေါင်ပေါက်မှ အိပ်ရတာ.. မေမေ့အကြောင်းလည်း ဖွားသိရဲ့သားနဲ့"
"အေး.. နင်လည်း မိကျော့ကို ကျက်ကျက်အလိုလိုက် သိလား.. သူက နိုင်လို့ရရင် အမြဲနိုင်ချင်နေတာ"
"ကိစ္စမရှိပါဘူး.. သူနိုင်တော့လည်း ကျွန်တော်က အရှုံးပေးရတာပေါ့"
ထွဋ်စကားကြောင့် ဒေါ်ခင်အေး မဲ့ရွဲ့သွားသည်။
"မနိုင်တော့ဘူး.. နင်တို့အချင်းချင်း ကျေနပ်လည်း ပြီးတာပဲ.. ကာလနဂါးမ က မနိုးသေးဘူး.. သွားနှိုးလိုက်ဦး.. ကျုပ်တော့ သူ့မြင်ရင် ရိုက်ချင်လွန်းလို့"
"ဟုတ်"
ထွဋ် ကုတ်ကုတ်လေး အပေါ်ထပ် တက်လာခဲ့သည်။ ကျော့်အခန်းထဲကို ဝင်နေကျမို့ ဘယ်နား ဘာပစ္စည်းရှိလဲဆိုတာ အလွတ်ရနေပြီ။
"အံမာ.. ဒင်းက အိပ်ကောင်းတုန်းပေါ့"
ခုတင်ပေါ်က စောင်ပုံကြီးကို ကြည့်ရင်း ထွဋ် ပြုံးလိုက်သည်။
"ဟျောင့်.. ထတော့.. ယှား.. "
စောင်ပုံကြီးပေါ် ခုန်အုပ်၍ အော်လိုက်သည်။
"ဟင်!!.. မရှိပါလား"
"မနက်အစောကြီး ငါ့အခန်းထဲ ဘာလာလုပ်တာလဲ"
"ဟင်!!"
ထွဋ် မှင်တက်သွားသည်။ ကျော့်ပုံစံက ရေချိုးထားတဲ့ပုံ။ အဝတ်အစားတွေကတော့ ဝတ်ပြီးသား။ ရေချိုးခန်းထဲက ထွက်လာရင်း ရေစိုနေတဲ့ ဆံပင်တိုလေးကို တဘက်နဲ့ သုတ်နေသည်။