ထွဋ် ကျော့ဆီပြန်လာတော့ သူစောင့်ခိုင်းထားတဲ့နေရာမှာ မရှိတော့။ မိုးက အုံ့နေတာမို့ ထီးတစ်ချောင်းဝယ်ရင်း ဟိုနား ဒီနား ရှာကြည့်သေးသည်။
ဖုန်းဆက်တော့လည်း မကိုင်။ သူ့ရင်ထဲ ပူလာသည်။ ကျော့က သူစောင့်ဖို့ ပြောရင် နေရာကနေတောင် မရွှေ့ဘဲ စောင့်နေကျ။ ခုလို မတွေ့ရတော့ စိတ်ပူလာမိသည်။
အိမ်အပြန်လမ်း တစ်လျှောက်လုံး တွေ့နိုးနိုးနဲ့ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရင်း ရှာကြည့်မိသည်။ တစ်စထက်တစ်စသည်းလာသော မိုးကြောင့် ထီးမပါသွားသော သူမကို စိုးရိမ်ရပြန်သည်။
သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် လက်ထဲက ထီးလေးပင် လွတ်ကျသွားသည်။
သူ အမြင်မှားပါစေလို့ ဆုတောင်းသော်လည်း မပြည့်တော့။ သူမက ကျော့မှ ကျော့အစစ်ပါ။ ယောက်ျားတစ်ယောက်ရဲ့ အနမ်းတွေကို ကျေနပ်စွာခံယူနေတဲ့ ကျော့။ တစ်ဖက်လူကိုတော့ ကျောပြင်သာမြင်ရပေမယ့် ကျော့သဘောကျနေတဲ့ ဆရာဝန်မှန်း စိတ်က အလိုလို သိလိုက်သည်။
'ငါ နောက်ကျသွားခဲ့ပြီပဲ ကျော့ရယ်.. ငါတို့က သူငယ်ချင်းတွေအဖြစ်ပဲ ရှိနေသင့်တယ် ထင်ပါတယ်'
@@@@@@@@@@@@@@@
"လိုက်ပို့ပေးလို့ ကျေးဇူးပဲနော်"
"ကိုယ်တို့က အဲလိုပြောရမယ့် လူတွေမှ မဟုတ်တော့တာ"
ခန့်စကားကြောင့် ကျော့ ရှက်ပြုံးလေး ပြုံးလိုက်သည်။ သူမတို့က ချစ်သူဘဝတောင် ရောက်သွားကြပြီပဲ။
အိမ်အထိ လိုက်ပို့မယ်ဆိုတာကို လမ်းထိပ်ထိပဲ ပို့ခိုင်းနေတော့ ခန့်မှာ သိပ် စိတ်မချချင်။
"ဟုတ်ပါပြီ.. ဒါဆ်ို ကောင်းကောင်းပြန်နော်"
ကျော့ ခါးပတ်ဖြုတ်ပြီး ကားပေါ်က ဆင်းမယ်လုပ်တော့ သူမလက်လေးကို လှမ်းဆွဲထားမိသည်။
"ခဏလောက် နေပါဦးကွာ"
ချစ်သူသက်တမ်း တစ်ရက်တောင်မပြည့်သေးတဲ့ သူတို့ ၂ ယောက်လုံး မခွဲချင်သေးတာမို့ ကျော့ ကားပေါ်မှာ ငြိမ်ငြိမ်လေး ဆက်ထိုင်နေလိုက်သည်။