"မြင့်ဆီက ခုလို စကားမျိုးကြားရတာ တကယ်ဝမ်းသာပါတယ်.. ဒါဆို ခန့်နဲ့ သမီးလေးတို့ကိစ္စကို အမြန်ဆုံး စီစဉ်လိုက်တော့မယ်နော်"
"ဟုတ်ကဲ့ မမဝေ.. ကျွန်မလည်း သားဆန္ဒကြောင့်သာ ဘာမှ မပြာဘဲ နေခဲ့ရတာ.. တကယ်တမ်းတော့ သားလေးကလည်း သမီးလေး ထားအပေါ်သံယောဇဉ် ရှိပါတယ်"
"အင်း.. ဒီလိုဆိုတော့ အစ်ကို့ကို ပြောပြလိုက်ဦးမှပဲ.. အစ်ကို သိရင်လည်း အရမ်းဝမ်းသာမှာ.. သားနဲ့သမီး ခရီးက ပြန်ရောက်တာနဲ့ အမြန်ဆုံး စီစဉ်ကြရအောင်"
"ဟုတ်ကဲ့"
ဒေါ်မြင့်မော်အတွက်တော့ ခန့်ကို ကျော့လက်ထဲ ထည့်မပေးနိုင်။ ထားကသာ ခန့်နဲ့ အလိုက်ဖက်ဆုံးလို့ ယူဆထားသည်။
"ဩော်.. ဒါနဲ့ ဒီတစ်ခေါက်သွားတာ စောပြန်ရောက်မယ်လို့ ကြားတယ်"
"ဟယ်.. ဟုတ်လား.. ဒါဆို ပို အဆင်ပြေသွားတာပေါ့"
ကံကြမ္မာက သူမဘက်မှာ ရှိနေတာမို့ အခွင့်အရေးကို အမိအရ အသုံးချရမည်။ ခန့်ဘက်ကသာ ကျော့ကို ပြတ်နိုင်တယ်ဆိုရင် ကျော့ဘက်က လာကပ်တွယ်နေလည်း အောင်မြင်မှာ မဟုတ်တော့။
@@@@@@@@@@@@@@@
ဒေါ်ခင်အေးက ရပ်ကွက်ထဲမှာ လူချစ်လူခင် ပေါတာမို့ သူမရဲ့နာရေးက လူစည်နေသည်။ ဦးနန္ဒာအောင်လည်း သူ့မိသားစုနဲ့အတူ လာရောက် ကူညီပေးသည်။
ကျော့ကို ခေါ်သွားမယ် ပြောပေမယ့် သူမက မလိုက်နိုင်သေးကြောင်း ငြင်းလိုက်သည်။ ဈာပနပွဲ မပြီးမချင်း သူမစိတ်တွေကို အတင်းထိန်းချုပ်ထားခဲ့ရသည်။
ရွှေစင်လည်း အလုပ်နားပြီး လိုအပ်သမျှ လာရောက်လုပ်ကိုင်ပေးသည်။ ထွဋ်ကတော့ ကျော့ကို အရိပ်တကြည့်ကြည့်နဲ့။
@@@@@@@@@@@@@@@
ဒီနေ့ ဖွားအလောင်းကို သင်္ဂြိုလ်တဲ့နေ့။ သုသာန်မြေကို နင်းရင်း သူမ မျက်ရည်တွေ မြေခခဲ့ရသည်။ သူမကို ငယ်စဉ်ကတည်းက ထိန်းကျောင်းလာခဲ့တဲ့ ဖွား၊ခုတော့ သေခြင်းတရားကို လက်မြှောက်အရှုံးပေးရင်း လောကကြီးက ထွက်ခွာသွားခဲ့ပြီ။
''ငါက သေလူပါအေ.. တစ်ချိန်ကျရင် ခွဲရမှာပဲ.. ခုကတည်းက ခွဲနေတော့ တကယ်ခွဲရတဲ့အချိန်ကျ ခံစားရသက်သာတာပေါ့''
ဒေါ်ခင်အေး သူမကို ဦးနန္ဒာအောင်နဲ့ လိုက်နေဖို့ ပြောခဲ့တုန်းက စကားသံကို ပြန်ကြားယောင်မိတော့ ရင်ထဲမှာ ဆို့နင်လာသည်။
'ဖွားရယ်.. ဘာလို့ ဒီလို ရုတ်တရက်ကြီး ထွက်သွားရတာလဲ.. ဖွားဆုံးသွားပြီဆိုတာကို သမီး ခုထိ မယုံနိုင်သေးဘူး'
@@@@@@@@@@@@@@@
ဒီနေ့က ဒေါ်ခင်အေး ရက်လည်တဲ့နေ့။ ရှင်းစရာ ရှိတဲ့ ကိစ္စတွေကို အပြတ်ရှင်းရပေမည်။ မှန်ဘောင်ခတ်ထားတဲ့ ဖွားဓာတ်ပုံလေးကို ကျော့ ကန်တော့လိုက်သည်။
"ဖွားကို ခုလို ဖြစ်အောင် လုပ်သွားတဲ့သူကို သမီး တစ်ခုခု ပြန်လုပ်ရမှ ကျေနပ်မယ်"
သူမလက်ထဲမှာ ဒေါ်မြင့်မော်ပစ်ပေးခဲ့တဲ့ တစ်သောင်းတန်အုပ်လိုက်လေး။
'ဝဋ်ဆိုတာ လည်တတ်စမြဲပဲ ဒေါ်မြင့်မော်.. ရှင်လုပ်ခဲ့တဲ့ အပြစ်အတွက် ရှင် ပြန်ပေးဆပ်ရမယ်.. ရှင့်ကြောင့် ဖွား ဆုံးပါးခဲ့တယ်.. ကျွန်မတို့ရဲ့ သိက္ခာတွေကို မငဲ့ဘဲ ရစရာ မရှိအောင် စော်ကားခဲ့တယ်.. အဲ့အတွက် ထိုက်တန်တဲ့ အပြစ်ကို ရှင် ခံစားရစေရမယ်'
@@@@@@@@@@@@@@@
"ကျော့.. ဒါ ဘယ်လဲ"
အိမ်ရှေ့ကိုထွက်လိုက်တော့ ဘယ်အချိန်ကတည်းက စောင့်နေမှန်း မသိတဲ့ ထွဋ်က တားသည်။
"ထွဋ်.. ငါ့ရှေ့က ဖယ်ပါ.. ရှင်းစရာ ကိစ္စလေးနည်းနည်း ရှိနေလို့"
"ငါရော လိုက်မယ်"
"နင်နဲ့ မဆိုင်ဘူး"
"ကိုခန့်ဇော်အောင်အမေနဲ့ သွားတွေ့မှာ မဟုတ်လား"
သူမ ခေါင်းညိတ်ပြလိုက်သည်။
"သူ့ဆီ ရောက်ရင် မင်း ဘာတွေပြောပြီး ဘယ်လိုတွေ သောင်းကျန်းလာမှာလဲ"
"ငါ.. "
"ငါရော လိုက်ခဲ့မယ်.. လာ.. တက်"
ထွဋ်က ဆိုင်ကယ်ပေါ် ခွရင်း ပြောလိုက်တော့ ကျော့လည်း ငြင်းမနေတော့ဘဲ သူ့နောက်က တက်စီးလိုက်သည်။
@@@@@@@@@@@@@@@
"ဒေါ်မြင့်မော်.. ရှင် အိမ်ထဲမှာရှိမှန်း သိတယ်.. ထွက်ခဲ့.. ဒေါ်မြင့်မော်"
အိမ်ထဲမှာ ဘာတွေ ပျော်ပွဲရွှင်ပွဲ လုပ်နေကြတယ်မသိ။ ခြံထဲမှာ ကား ၄၊ ၅ စီး ရပ်ထားတာကို တွေ့လိုက်ရသည်။
"ဒေါ်မြင့်မော်.. ခေါ်နေတာ ကြားလား.. ရှင် ခုမှ ကြောက်နေတာလား"
ကျော့ အသံကုန်အော်ပစ်လိုက်တော့ အိမ်ထဲကနေ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ ဒေါ်မြင့်မော် ခြံထဲ ဆင်းလာသည်။
"ညည်းဟာလေ.. လူမှုရေး နားမလည်ဘူးလား.. အထဲမှာ ဂုဏ်သရေရှိ လူကြီးတွေချည်းပဲ.. ညည်းလို အောက်တန်းကျတဲ့သူ တစ်ယောက်မှ မပါဘူး"
"ဘာ!!.. အောက်တန်းကျတယ်.. ဟလား.. ပြောစမ်းပါဦး.. ရှင်က အဆင့်အတန်းကို ဘာတွေနဲ့ တိုင်းတာလို့အောက်တန်းကျတယ်လို့ ပြောရတာလဲ"
"ညည်းပြန်ပါတော့.. အထဲကလူတွေကို အားနာဖို့ကောင်းတယ်"
"အားနာတယ်တဲ့လား.. ခွေးပါးစပ်က နတ်စကားထွက်နေတယ်.. ရှင်သာ အားနာတတ်ရင် ကျွန်မကို အိမ်ပေါ်ထိလာပြီး စော်ကားမော်ကား ပြောစရာအကြောင်းကို မရှိဘူး"
ဒေါ်မြင့်မော် သူမကို ခြံတံခါး ဖွင့်မပေးရဲ။ အိမ်ထဲကနေသာ ရန်တွေ့နေသည်။
"ဘာလဲ.. ညည်းက အပြောခံရလို့ မကျေနပ်ပြီး လာသောင်းကျန်းတာလား"
"ထွီ.. အဲ့လောက်နဲ့တော့ ကျော့တို့က တုဖက်ပြောမနေဘူး.. သနလွန်းလို့.. ခုဟာက ရှင်ကြီးကြောင့် ကျွန်မအဖွား ဆုံးသွားခဲ့တာ.. အဲ့ဒါ ရှင်သိလား"
"သူ့ဟာသူ သေချိန်တန်လို့ သေတာကို ငါ့ကိုလာပြီး လွှဲမချနဲ့"
"ဘာ!!လွှဲချနေတာ မဟုတ်ဘူး.. အဲ့နေ့က ခင်ဗျားကြောင့် ဖွားက မသေသင့်ဘဲ သေခဲ့ရတာ.. ခင်ဗျား သတ္တိရှိရင် တံခါးလာဖွင့်.. ခြံထဲကနေ အာကျယ်မနေနဲ့"
"မဖွင့်နိုင်ဘူး.. အိမ်ထဲမှာ မင်္ဂလာယူနေတယ်.. ညည်း ပြန်တော့"
"အဟက်.. ကျွန်မဖွားကတော့ ဆုံးသွားပြီ.. ရှင်တို့ကတော့ မင်္ဂလာယူနေကြတယ်ပေါ့.. ပြောစမ်းပါဦး.. ဘာပွဲတွေ လုပ်နေလို့ အဲ့လောက် အလေးထားနေရတာလဲ.. ကျွန်မ ပိုစည်ကားအောင် လုပ်ပေးမယ်လေ"
"မင်းပြန်တော့ ကျော့.. အထဲမှာ စေ့စပ်ပွဲ လုပ်နေတယ်"
"ဟင်!!!.. ကိုကို"
ဒေါ်မြင့်မော်ကိုပဲ မဲနေတာမို့ ခန့်ထွက်လာတာကို မမြင်လိုက်မိ။
"ကိုကို.. ကျော့ကို နားလည်အောင် ရှင်းပြပါဦး.. စေ့စပ်ပွဲက ဘယ်သူ့ပွဲလဲ"
"ငါနဲ့ ထားရဲ့ စေ့စပ်ပွဲ"
"ဘာ!!!.. ဘယ်လို"
ကျော့ သူ့ကို သေချာ ကြည့်လိုက်မှ လည်ကတုံးနဲ့၊ တိုက်ပုံနဲ့ ယောပုဆိုးနဲ့ သေချာ ဝတ်စားထားတာမို့ သူမ နားကြားမှားတာ မဖြစ်နိုင်။
"ဟုတ်တယ်.. ဒါကြောင့် ဒီ့ထက် ပိုမဆိုးခင် မင်း ပြန်လိုက်တော့"
ခန့်စကားကြောင့် ထွဋ် ငြိမ်မနေနိုင်တော့။
"ဒီမှာ ကိုခန့်ဇော်အောင်.. ခင်ဗျားက ကျော့ချစ်သူလေ.. ဘာလို့ တခြားတစ်ယောက်နဲ့ စေ့စပ်ရတာလဲ"
ထွဋ်စကားကြောင့် ခန့်မျက်လုံးတွေက ထွဋ်ဆီ စူးရဲစွာ ရောက်လာသည်။
"ကိုကို့အမေက ကျော့အိမ်ကို လာပြီး ကျော့ကို ဒီငွေထုပ်နဲ့ ပစ်ပေါက်ပြီး ရစရာ မရှိအောင် ပြောခဲ့တာ.. အဲ့ဒါ ကိုကိုသိလား"
"မင်းက ပြောစရာ ဖြစ်အောင် နေခဲ့တာကိုး"
"ကိုကိုကပါ ဘာဖြစ်နေတာလဲ.. ဘာလို့ ကျော့အပေါ် အဲ့လောက် စိမ်းကားသွားရတာလဲ"
ခန့် သူမ အမေးကို မဖြေသေးဘဲ ဒေါ်မြင့်မော်ဘက်လှည့်ကာ
"အမေ.. အိမ်ထဲ ဝင်နှင့်ပါ.. ကျွန်တော် သူနဲ့ စကားပြောလိုက်ဦးမယ်"
"အေး.. သား.. မြန်မြန် ဝင်ခဲ့နော်.. အထဲက ဧည့်သည်တွေကို အားနာစရာ ကောင်းနေပြီ"
"ဟုတ်ကဲ့ပါ"
"ဟေ့.. ဒေါ်မြင့်မော်.. ခင်ဗျားကြီး ဒီတိုင်း ထွက်သွားလို့ရမလား"
"ကျော့.. မင်း ဒီလိုပဲ အမူအရာတွေ ရိုင်းစိုင်းတတ်သလား"
"မဟုတ်ဘူး ကိုကို.. ကျော့ ရိုင်းချင်လို့ ရိုင်းတာ မဟုတ်ဘူး.. ကိုကိုအမေက ကျော့ကို အရင်.. "
"တော်တော့"
ခန့် ခြံတံခါးဖွင့်ကာ အပြင်ထွက်လာသည်။
"ကျော့.. မင်းက လုံးဝကို အရှက်မရှိတဲ့ မိန်းမပဲ"
"ဟင်!!.. ကိုကို.. ဘယ်လိုပြောလိုက်တယ်"
"မင်း တခြားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးတာတောင် ငါ့ရှေ့ကို ပေါ်လာရဲသေးတယ်နော်"
"ကျော့က ဘယ်မှာ ဖောက်ပြန်လို့.. "
သူမ စကားတောင် မဆုံးလိုက်။ သူမမျက်နှာကို ဓာတ်ပုံတွေ အထပ်လိုက်နဲ့ ပစ်ပေါက်ခံလိုက်ရသည်။
"မင်း ဒီလို မျက်နှာပြောင်တိုက်ပြီး ငြင်းမယ်ဆိုတာ သိလို့ ဒါတွေ ယူလာတာ"
ကျော့ မြေပြင်ပေါ် ပြန့်ကျဲကျနေတဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်း ကောက်ကြည့်လိုက်မိသည်။
"ဟင်!!!"
သူမနဲ့ ထွဋ် ဟိုတယ်ရှေ့မှာ ဖက်နေတဲ့ပုံတွေ။ သူမနောက်က ထွဋ် မသိမသာ လိုက်သွားတဲ့ ပုံတွေ။ သူမက ထွဋ်လက်ကို တွဲပြီး ဟိုတယ်အခန်းထဲ ဝင်သွားတဲ့ ပုံတွေ။
"ကိုကို.. ဒါတွေက.. "
"အဟက်.. ငါ့ကွယ်ရာမှာ မင်းနဲ့ မင်းအကောင် ဖောက်ပြန်နေကြတဲ့ သက်သေတွေလေ"
ထွဋ် ဓာတ်ပုံတွေကို ယူကြည့်မိတော့ သူပါ အံ့ဩသွားသည်။ အဲ့နေ့က ကိစ္စက သွေးရိုးသားရိုး မဟုတ်မှန်း သူ ရိပ်မိခဲ့ပေမယ့် ဒီလောက်ထိ ဖြစ်လာလိမ့်မယ်လို့ မတွေးမိခဲ့။
"အဲ့နေ့က ကိုကို ခေါ်လို့.. "
"တော်စမ်းပါ.. ငါက ဘာလို့ ခေါ်ရမှာလဲ.. ရက်စွဲအတိုင်း
ဆိုရင် ငါတောင် ပြန်မရောက်သေးဘူး"
"ဟင်!!!.. မဖြစ်နိုင်တာ"
"ဒီမှာ ကိုခန့်ဇော်အောင်.. ဒါတွေက ကြိုတင်ကြံစည်.. "
"ကျစ်.. ကဲကွာ!"
ခွပ်!!!
ထွဋ်ကို စကားဆုံးအောင် အပြောမခံ။ ထွဋ်မျက်နှာပေါ်ကို အားပြင်းတဲ့လက်သီးချက်က ကျရောက်သွားသည်။အထိုးခံရတဲ့ အရှိန်ကြောင့် ထွဋ် မြေပြင်ပေါ် လဲကျသွားသည်။
"မင်း တော်ပါတယ် ရာဇာမင်းထွဋ်.. မင်း ကျော့ကို ရအောင် ယူနိုင်ခဲ့တယ်.. ကျော့.. မင်းလည်း သိပ်ပြီး ဟန်ဆောင်ကောင်းခဲ့တယ်.. ငါ့နှလုံးသားကိုလည်းကစားနိုင်ခဲ့တယ်.. ငါ မင်းကို ဘယ်လောက်ချစ်ခဲ့လဲ မင်းသိလား"
"ကိုကို.. ကျော့ ကိုကို့ကို တကယ်ချစ်ခဲ့တာပါ"
"အဲ့ဒီ အရှက်မရှိတဲ့ ပါးစပ်ကို ပိတ်ပြီး ငါ့မျက်စိရှေ့က အမြန်ထွက်သွားတော့"
"ကိုကို.. ကျော့ ရှင်းပြပါရစေ.. အဲ့နေ့က ကျော့တို့ ဘာမှ မဖြစ်ခဲ့.. "
ဖြန်း!!!!
အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုတာ ဒါမျိုးနဲ့ တူပါတယ်။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်နဲ့ ဟိုတယ်အခန်းထဲ ဝင်သွားတာကို ရိုးသားပါတယ်လို့ လာပြောနေတာကို ဘယ်သူက ယုံပေးမှာလဲ။ ခုလည်း သူ့ဒေါသကို မထိန်းနိုင်သဖြင့် ကျော့ပါးပြင်မှာ လက်ရာထင်ခဲ့ရပြီ။
"ကိုကို!!"
ကျော့မှာ မထင်မှတ်ထားဘဲ အရိုက်ခံလိုက်ရတာမို့ ဝမ်းနည်းမှုနဲ့ အတူ ရှိုက်တုန်လာသည်။
ထွဋ် အရိုက်ခံလိုက်ရတဲ့ ကျော့ကို ကြည့်ရင်း ဒေါသက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ နှုတ်ခမ်းထောင့်မှာ ပေနေတဲ့ သွေးစတွေကို လက်ဝါးနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း အမြန်ထရပ်လိုက်ကာ ခန့်ဆီကို ဒေါသလက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။
ဒေါသကြောင့် ထိုးလိုက်တာမို့ ခန့်မှာ တစ်ပတ်လည်သွားကာ အောက်ကို လဲကျမသွားရန် တံခါးကို အားပြုကိုင်ထားလိုက်ရသည်။
"ဒီမှာ ကိုခန့်ဇော်အောင်.. ခင်ဗျားကို ဘယ်သူက ဒီလိုတွေဖြစ်အောင် သွေးထိုးထားလဲဆိုတာ သေချာမသိပေမယ့် ခင်ဗျား ကျော့ရှင်းပြတာကို နားထောင်ခဲ့သင့်တယ်.. ခုတော့ ကျုပ် မြတ်နိုးလွန်းလို့ တစ်ခါမှ နာကျင်အောင် မလုပ်ဖူးတဲ့ ကျော့ကို ခင်ဗျားမို့ ရက်ရက်စက်စက် ရိုက်ရက်တယ်.. ဒီနေ့ကိစ္စအတွက် ခင်ဗျားဘက်က နောင်တ မရပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်.. ခင်ဗျားကို တကယ်ချစ်ခဲ့တဲ့ ကျော့ကိုခင်ဗျားဘက်က ပစ်ပစ်ခါခါ စွန့်လွှတ်လိုက်ပေမယ့် ကျုပ်ကတော့ သူ့ကို တန်ဖိုးထားပြီး ချစ်သွားမယ်.. ခုလို ကျော့ကို စွန့်လွှတ်ပေးတဲ့အတွက် ခင်ဗျားကို သိပ်ကျေးဇူးတင်တယ်.. လာ.. ကျော့.. သွားမယ်.. ငါတို့ ဒီလောက်ထိ အောက်ကျခံနေဖို့ မလိုဘူး"
ထွဋ် သူမလက်ကို ဆွဲကာ ဆိုင်ကယ်ပေါ် တက်စေသည်။ ကျော့ကတော့ ကျောက်ရုပ်တစ်ရုပ်လို သူ့နောက်က လိုက်ပါလာသည်။
ခန့်ကတော့ သူတို့ကို ရပ်ကြည့်ရင်း ကျန်ရစ်ခဲ့သည်။ သူတို့ ၃ ယောက်ကို အိမ်ထဲကနေ ရပ်ကြည့်နေတဲ့လူတစ်ယောက်ရှိသည်။ ထိုလူကတော့ ခန့်ရဲ့သူငယ်ချင်း သော်တာအောင်။
@@@@@@@@@@@@@@@
"ထွဋ်.. ဆိုင်ကယ်ကို ခုရပ်"
ကျော့ရဲ့ အမိန့်ပေးသံအဆုံးမှာ ထွဋ် ဆိုင်ကယ်ကို တုံ့ခနဲ ရပ်ပစ်လိုက်သည်။ ကျော့ ဆိုင်ကယ်ပေါ်က အမြန်ဆင်းပြီး လာရာလမ်းကို အမြန်ပြန်လျှောက်သွားသည်။
"ကျော့.. ဘယ်သွားမှာလဲ.. ကိုယ့်ကို အမြင်မှားနေတဲ့ လူဆီ ပြန်သွားမလို့လား"
ထွဋ် သူမလက်ကို လှမ်းဆွဲရင်း တားတော့ မထင်မှတ်ထားတဲ့ ကျော့ရဲ့ ရိုက်ချက်ကြောင့် ပါးပြင်တစ်ဖက်က ပူထူသွားသည်။
"ကျော့"
"အမြင်မှားနေရင် သေချာ ရှင်းပြရမှာပေါ့.. ခုတော့ နင့်လုပ်ပုံ ကောင်းသေးလား.. ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် နင့်ကို မခေါ်ခဲ့သင့်ဘူး.. ခုတော့ နင့်ကြောင့်ငါ့သိက္ခာတွေ တစ်ပြားမှ မတန်တော့ဘူး"
"မင်းကို သူက ပြန်လက်ခံဦးမယ်လို့ ထင်နေတာလား.. တခြားမိန်းမတစ်ယောက်နဲ့ စေ့စပ်ပွဲတောင် လုပ်နေပြီကို မင်းက ဘာကို သွားရှင်းပြပြီး ဘယ်သူ့အတွက် ထပ်ပြီး အစော်ကားခံဦးမှာလဲ"
"နင်နဲ့ မဆိုင်ဘူး ထွဋ်.. ငါ့လက်ကို ခုလွှတ်"
"မလွှတ်ဘူး.. ကျော့.. မင်း တကယ်ပဲ မသိချင်ယောင် ဆောင်နေတာလား.. မင်း သူ့တစ်ယောက်တည်းကိုပဲ မြင်တာလား.. ငါ့အချစ်တွေကိုကျ ဘာလို့ မမြင်နိုင်ရတာလဲ"
"တော်တော့.. ဆက်မပြောနဲ့တော့.. ငါ မကြားချင်ဘူး"
"မကြားချင်လည်း မင်းသိအောင် ပြောရမှာပဲ.. ငါ မင်းကို ချစ်တယ် ကျော့"
"တော်တော့လို့ ပြောနေတယ်"
ကျော့ သူ့ကို ရိုက်ရန် လက်ရွယ်လိုက်ပြန်သည်။ သို့သော် သူ့မျက်လုံးထဲက မျက်ရည်စတွေကြောင့် သူမလက်တွေက လေပေါ်မှာ ရပ်တန့်သွားသည်။ သူမ တကယ်ပဲ မရိုက်ရက်နိုင်ပါ။
"ရိုက်လေ.. ကျော့.. ငါ့ကြောင့် မင်း သိက္ခာတွေကျဆင်းခဲ့ရတယ်လို့ ထင်ရင် ငါ့ကို သေအောင် ရိုက်လိုက်.. ဒါပေမယ့် မင်းတစ်ခု သိထားဖို့က ငါ သေတဲ့အထိ မင်းတစ်ယောက်ကိုပဲ ချစ်နေမယ်ဆိုတာပဲ"
"တော်တော့.. မပြောနဲ့တော့.. ငါ မကြားချင်တော့ဘူး.. ကျေးဇူးပြုပြီး ငါ့ကို အဲ့စကားလုံးတွေနဲ့ မနှိပ်စက်ပါနဲ့တော့"
ကျော့ သူမနား၂ ဖက်ကို လက်နဲ့ အုပ်ရင်း အော်ပစ်လိုက်သည်။ သူမ ပါးပြင်ပေါ်မှာ မျက်ရည်တွေက တလိမ့်လိမ့် ကျဆင်းလာသည်။ ကျော့ငိုနေတာကို မြင်ရတော့ ထွဋ် ဆက်မပြောရက်တော့။
"ကျော့.."
"ကျေးဇူးပြုပြီး ငါ့ကို တစ်ယောက်တည်း နေခွင့်ပေးပါ"
သူ့ကို တောင်းပန်ပြီး ပြေးထွက်သွားတဲ့ ကျော့။ သူမလက်ကို လှမ်းဆွဲ မထားလိုက်မိ။
''ငါတို့က သူငယ်ချင်းတွေဖြစ်နေလို့ ချစ်ခွင့် မရှိတော့တာလား ကျော့ရယ်.. ငါ့ရဲ့ အချစ်တွေက မင်းကို နာကျင်စေခဲ့တာလား"
ပြေးထွက်သွားတဲ့ ကျော့ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း သူ့ပါးပြင်ပေါ်ကို မျက်ရည်တွေ အတားအဆီးမဲ့စွာ စီးကျလာသည်။
@@@@@@@@@@@@@@@
"သား.. ကျော့ရော??"
သူတစ်ယောက်တည်း ပြန်လာတာကို တွေ့၍ မေးလိုက်ခြင်း ဖြစ်သည်။
"သူ တစ်နေရာ ဝင်နေခဲ့လို့"
"အို.. သားမျက်နှာမှာလည်း ရောင်ရမ်းလို့.. ရန်ဖြစ်လာကြတာလား.. သား.. ကျော့က သားကို ထိုးလိုက်တာလား"
"မဟုတ်ပါဘူး မေမေရယ်.. ကျွန်တော် ပင်ပန်းနေလို့ ရေချိုးပြီး နားတော့မယ်"
"အေးအေး.. ခဏလောက် နားပြီးမှ ချိုးနော်"
"ဟုတ်"
ဒေါ်ခင်အေးနာရေးတုန်းက ထွဋ်တစ်ယောက် ဘယ်လောက်ပင်ပန်းထားလဲဆိုတာ သိနေတာမို့ သူမ ဘာမှ ဆက်မပြောတော့။ သူ မဖြေချင်တဲ့ ကိစ္စကိုလည်း ဇွတ်မမေးချင်။
@@@@@@@@@@@@@@@
''ရိုက်လေ ကျော့.. ငါ့ကြောင့် မင်း သိက္ခာတွေ ကျဆင်းခဲ့ရတယ်လို့ ထင်ရင် ငါ့ကို သေအောင် ရိုက်လိုက်.. ဒါပေမယ့် မင်းတစ်ခု သိထားဖို့က ငါ သေတဲ့အထိ မင်းတစ်ယောက်ကိုပဲ ချစ်နေမယ်ဆိုတာပဲ''
''တော်တော့.. မပြောနဲ့တော့.. ငါ မကြားချင်တော့ဘူး.. ကျေးဇူးပြုပြီး ငါ့ကို အဲ့စကားလုံးတွေနဲ့ မနှိပ်စက်ပါနဲ့တော့''
ကျလာတဲ့ မျက်ရည်ပူတွေက ရေပန်းက ထွက်လာတဲ့ ရေနဲ့အတူ မျောပါသွားသည်။
'မင်း ငါ့ကြောင့် နာကျင်ခဲ့မယ်မှန်း ကြိုသိခဲ့ရင် ငါ မင်းကို ဖွင့်မပြောခဲ့သင့်ဘူး.. မင်းကို မချစ်မိအောင် ကြိုးစားခဲ့ပေမယ့် တစ်နေ့ထက် တစ်နေ့ ပို ပိုချစ်လာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်'
ခုချိန်မှာ ကျော့တစ်ယောက် ဘယ်လိုနေမယ် မသိ။ သူ့ရင်ထဲမှာတော့ အတိုင်းအဆ မရှိ နာကျင်နေရသည်။
@@@@@@@@@@@@@@@
မနက်ခင်းအလင်းရောင်က ပြတင်းပေါက်မှတစ်ဆင့် သူ့မျက်နှာကို လာရောက်ထိခတ်တာကြောင့် သူ့မျက်လုံးတွေ တဖြည်းဖြည်း ပွင့်လာသည်။ ပါးရိုးနားက အထိုးခံထားရတာကြောင့် အောင့်နေသေးသည်။ သို့သော် သူ့ရင်ထဲက ဒဏ်ရာလောက်တော့ နာကျင်မနေ။
"သား.. နိုးပြီလား"
"ဟုတ် မေမေ"
ဒေါ်ကြင်မွှေး သူ့အခန်းထဲ ဝင်လာရင်း မေးလိုက်သည်။ သူမမျက်နှာက မနက်ခင်းရဲ့ အလှနဲ့ ဆန့်ကျင်စွာ ညှိုးငယ်နေသည်။
"မေမေ.. ဘာဖြစ်လို့လဲ"
"သားကို ပေးလိုက်ဖို့ မှာသွားတယ်"
သူမလက်ထဲက စာခေါက်လေးကို လေးပင်စွာ လှမ်းယူလိုက်ရင်း
"ဘယ်သူ ပေးသွားတာလဲ"
"ကျော့"
"ဟင်!!"
သူ စာကို အမြန် ဖတ်ကြည့်လိုက်သည်။
°°ထွဋ်.. .. .. ..
မနေ့က ကိစ္စအတွက် ငါ စိတ်မကောင်းပါဘူး.. ငါ နင့်ကို ရိုက်မိတဲ့အတွက် နင်နဲ့ထပ်တူ နာကျင်ခဲ့ရတယ်.. တကယ်တော့ ငါက နင့်အချစ်နဲ့ မထိုက်တန်ပါဘူးဟာ.. ဒါကြောင့် ငါ့ကို မေ့လိုက်ပါ.. ငါ နင့်ကို စာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်.. လူချင်းတွေ့ပြီး နှုတ်ဆက်ရလောက်အောင် ငါ နင့်ကို မျက်နှာချင်းမဆိုင်ရဲလို့ပါ.. နင့်အပေါ် တကယ်ချစ်တဲ့သူနဲ့ လက်တွဲနိုင်ပါစေလို့ငါ ဆုတောင်းပေးခဲ့ပါတယ်..
နင့်ရဲ့ သူငယ်ချင်း ကျော့°°
"မေမေ.. သူ.. "
"သူသွားပြီ သား.. မနက်အစောကြီး မေမေ့ကို လာပြီး နှုတ်ဆက်သွားတယ်.. အိမ်နဲ့ ခြံကိုလည်း ခြံစောင့်နဲ့ ထားခဲ့မယ်တဲ့"
"သူ ဘယ်သွားမယ်လို့ ပြောသွားလဲ"
"အဲ့လိုတော့ ပြောမသွားဘူး.. မေမေ့အထင် သူ့ဖေဖေဆီကိုပဲ သွားမယ်နဲ့ တူတယ်"
"ဟာ.. မေမေ.. ကျွန်တော် မေမြို့တက်လိုက်ဦးမယ်"
"ဟင်.. ခုလား"
"ဟုတ်.. သူ အဲ့ဒီကနေ ဘယ်ကိုမှ ဆက်မသွားပါစေနဲ့လို့ ဆုတောင်းရမှာပဲ"
"သား.. မေမေ့ကို ဘာမှ ရှင်းမပြချင်တော့ဘူးလား"
"လောလောဆယ်တော့ မရှင်းပြနိုင်သေးဘူး မေမေ.. မေမေလည်း ဒီစာကို ဖတ်ပြီးလောက်ရောပေါ့"
"ဒါတော့ ဒါပေါ့.. မေမေက ငါ့သားကိုယ်တိုင် ဝန်ခံတာ ကြားချင်လို့"
"ဟုတ်တယ် မေမေ.. ကျွန်တော် သူ့ကို တကယ်ချစ်မိသွားတာ"
မျက်နှာသစ်၊ သွားတိုက်ရင်း လှမ်းဖြေလိုက်သည်။
"အင်း.. ရပြီ.. ကဲ.. သွားတော့.. မနက်စာလေးတော့ စားသွားဦး"
"စားလည်း မဝင်လောက်တော့ဘူး.. သွားပြီ မေမေ"
"အေး.. အေး.. ဆိုင်ကယ်ကိုလည်း ဂရုစိုက်မောင်းဦး"
"ဟုတ်ကဲ့"
@@@@@@@@@@@@@@@
''ဒီခြံက အိမ်ရှင်တွေက ရန်ကုန်မှာ နေတာ.. တစ်ခါတစ်လေမှ ဒီမှာလာပြီး အပန်းဖြေကြတာ''
သူ ကျော့ကို လိုက်ပို့ခဲ့တဲ့ အိမ်ကို ရောက်ခဲ့ပေမယ့် သူမတို့ကို မတွေ့ရ။ ခြံစောင့်ကြီးရဲ့ ပြောပြချက်အရဆို သူ ရန်ကုန်ကို လိုက်သွားရပေတော့မည်။
ကောင်းကင်က ညို့မှိုင်းမှိုင်း မိုးတိမ်တွေကြောင့် ကျော့နဲ့အတူ မိုးခိုခဲ့တဲ့ နေရာကို သတိရမိသည်။ သူ ရောက်သွားတော့ အပင်ကြီးက တစ်ပင်တည်း အထီးကျန်နေရှာသည်။ ဒီအပင်ကြီးအောက်မှာ ကျော့ သူ့ရင်ခွင်ထဲကို တိုးဝင်ခဲ့ဖူးသည်။ သူ့ကို အင်္ကျီကြယ်သီး တပ်ပေးဖူးသည်။
"ကျော့ရယ်.. မင်းနဲ့ ပတ်သက်လာရင် အရာရာတိုင်းက အမှတ်ရစရာတွေချည်းပဲ"
သူ ဒီလို နေ နေလို့ မဖြစ်သေး။ ရန်ကုန်ကို သွားဖို့ပြင်ရဦးမည်။ ရန်ကုန်မှာ ဦးတင်အောင်ရဲ့ သူငယ်ချင်းတချို့ရှိတာကြောင့် သူတို့ အကူအညီနဲ့ ရန်ကုန်မှာ ဦးနန္ဒာအောင်ကို ရှာကြည့်ရမည်။
သူ့ဆိုင်ကယ်လေး အပင်အောက်က ထွက်သွားပြီး တစ်အောင့်လောက်နေတော့ ထိုအပင်အောက်ကို ကားတစ်စီး ထိုးရပ်လာသည်။ ကားထဲမှ မိန်းမလှလေး ၂ ဦး ထွက်လာသည်။ တစ်ယောက်က ငွေမှုန်ဖြူ၊ နောက်တစ်ယောက်က ကျော့နန္ဒာ။
"မမ.. ဘာလို့ ဒီကို လာချင်ရတာလဲ"
"ဒီနေရာလေးက လှတယ်လေ"
"ဟင်.. အဲ့လောက်လည်း မလှပါဘူး.. အယ်.. ဘာလဲ.. တစ်ယောက်ယောက်နဲ့ အမှတ်တရတွေ ရှိဖူးလို့လား"
"ဟာ.. မှုန်ကလည်း"
"အယ်.. မမ.. တကယ်ကြီးလား"
"တော်ပြီ.. ဆက်မမေးနဲ့တော့.. မမ မဖြေချင်ဘူး"
"ဟုတ်"
သူမအသံအနည်းငယ် မာသွား၍ မှုန် ဆက်မမေးတော့။ တကယ်တော့ ကျော့ ပြင်ဦးလွင်က သူမ ပိုင်တဲ့ အိမ်လေးမှာ လာရောက်နေထိုင်ခြင်း ဖြစ်သည်။ ဒီနေ့ မှုန်နဲ့အတူ ရန်ကုန်သွားဖို့ ထွက်လာခဲ့ခြင်းဖြစ်သည်။
"မမက နံပါတ်အသစ်ပြောင်းသွားတော့ မှုန် အံ့ဩနေတာ.. အရင်နံပါတ်လေးလည်း လှရဲ့သားနဲ့"
"မမ လူတစ်ယောက်ကို ရှောင်ချင်လို့.. သူနဲ့ ပတ်သက်ခဲ့သမျှ အရာတွေအားလုံးကို မေ့နိုင်ဖို့ ကြိုးစားနေတာ.. ဒီအပင်ကြီးကလည်း သူနဲ့ ပတ်သက်ခဲ့တဲ့ အမှတ်တရတစ်ခုပဲပေါ့"
"မမက ဘာလို့ သူ့ကို ရှောင်ချင်တာလဲ.. သူက မမချစ်သူလား"
သူမ ရင်ထဲမှာလည်း လေးလံနေတာမို့ သိချင်နေတဲ့ မှုန့်ကို ရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။
"မမချစ်သူလို့တော့ ပြောလို့ မရဘူး.. ဘာလို့လဲဆိုတော့ မမ သူ့ကို အဖြေ မပေးရသေးလို့ "
"မှုန် တစ်ခု မေးမယ်နော်"
"အင်း"
"မမကရော သူ့ကို ချစ်နေလား"
ဒီမေးခွန်းက ရိုးရှင်းပေမယ့် သူမအတွက် ဖြေဖို့ ခက်ခဲလှသည်။
"မမ မဖြေတတ်ဘူး.. ခုထိ သူ့ကို ချစ်လား.. မချစ်လားဆိုတာ သေချာမသိသေးဘူး"
"ဒါဆို နောက်တစ်ခု ထပ်မေးကြည့်မယ်.. ဒါကိုတော့ မမ ဖြေနိုင်မှာပါ"
"အင်း.. မေးကြည့်"
"အဲ့ဒီလူက ကိုထွဋ်လား"
"ဟင်!!"
ဘယ်သူလဲလို့ မမေးဘဲ ကိုထွဋ်လားဆိုတော့ သိနေတာကို အတည်ပြုချင်တဲ့ သဘောလား။
"အင်း"
"ဒါဆို.. ပထမမေးခွန်းကို မမအစား မှုန်ဖြေပေးမယ်"
"ဟင်!!.. ဘယ်လို"
"မမလည်း ကိုထွဋ်ကို ချစ်နေတယ်.. ဒါပေမယ့် မမ ကိုယ့်ကိုယ်ကိုယ် ညာနေတာ"
"မှုန်.. ဒီအကြောင်းတွေကို မေ့လိုက်ရအောင်.. မမတို့ သွားသင့်ပြီ"
"ဟုတ်.. မမ ကားမောင်းခဲ့ပါလား"
"ဟာ.. မမက တတ်ခါစပဲ ရှိသေးတာကို.. မမောင်းရဲပါဘူး"
ကျော့ ငြင်းတော့ မှုန်က သူမလက်ထဲကို ကားသော့လေး ထည့်ပေးရင်း
"မှုန်.. မမကို ယုံတယ်.. မမ မောင်းနိုင်မယ်ဆိုတာ မှုန်သိတယ်.. မှုန်က အမြဲတမ်း မမဘက်ကပဲ"
မှုန့်စကားကြောင့် သူမ ပြုံးလိုက်မိသည်။ ဖွားဆုံးပြီးတဲ့နောက်ပိုင်း ခုလို ပြုံးတာ ဒါပထမဆုံးပင်။
"ယေး.. မှုန် မမကို ပြုံးနိုင်လုပ်နိုင်တယ်ဟေ့"
"ဟာ.. မှုန်ရာ.. ခုန်ပေါက်မနေစမ်းနဲ့.. ကလေးကြီးကျနေတာပဲ"
"ဟော.. ရယ်လာပြီ.. ဟေး.. မှုန်ကွ"
"ကဲ.. ဟုတ်ပါပြီ.. မမရဲ့မှုန်က အတော်ဆုံးပဲ.. ဟုတ်ပြီလား.. သွားကြစို့"
"ဟုတ်"
ဒီလိုနဲ့ ကျော့ကပင် ကားမောင်း၍ ထွက်ခဲ့လိုက်သည်။
@@@@@@@@@@@@@@@
ထွဋ်တစ်ယောက် တစ်ကိုယ်တည်း ရန်ကုန်ကို ရောက်လာခဲ့သည်။ ဦးတင်အောင်၏ သူငယ်ချင်းတွေရဲ့အကူအညီနဲ့ ဦးနန္ဒာအောင်ရဲ့ company လိပ်စာကို သိခဲ့ရသည်။ အိမ်လိပ်စာကိုတော့ စုံစမ်းလို့ မရတာကြောင့် ကုမ္ပဏီမှာပဲ ဦးနန္ဒာအောင်ကို တွေ့နိုးနိုး သွားစောင့်မိသည်။
ကျော့မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေကို သိနေပေမယ့် ဆက်လို့ မရခဲ့။ သူဆက်တိုင်း ဘယ်သူမှမကိုင်ကြ။ ခုလည်း ရလိုရငြား မှုန့်ဆီ ဆက်ကြည့်မိသည်။ ၂ ခါ၊ ၃ ခါ ဆက်မရ။ ၄ ကြိမ်မြောက်ကျ တစ်ဖက်ကပြန်ဖြေသဖြင့် သူ ပျော်သွားသည်။
"ဟယ်လို.. ညီမလေး မှုန်လား"
"ဟုတ်.. ကိုထွဋ်"
"မှုန်.. အစ်ကို အခု company ရှေ့က ကော်ဖီဆိုင်မှာ ရောက်နေတယ်"
"ရှင်!!.. ကိုထွဋ်.. ရန်ကုန်ထိ လိုက်လာတာလား"
"အင်း.. အိမ်လိပ်စာလည်း မသိတော့ ဒီမှာပဲ တစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား လာစောင့်နေတာ"
"မှုန် အခု ကုမ္ပဏီမှာ.. မှုန် ဆင်းလာခဲ့မယ်"
"အင်း"
ထွဋ်ကိုတော့ မှုန်က ခင်တွယ်ရှာသည်။ ကျော့ကို လိုက်ပို့တဲ့ အခေါက်ကဆို ကျော့နဲ့ သူ့ကို သဘောတူတယ်လို့တောင် ပြောခဲ့သည်။
"မှုန်.. အစ်ကို ဒီမှာ"
ထွဋ် သူမကို လက်ပြလိုက်သည်။
"ကိုထွဋ်.. ဒီလို လာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ"
"၃ ရက်ရှိသွားပြီ"
'ကိုထွဋ်ရယ်'
"မမက အိမ်ကလူတွေကို ကိုထွဋ်ဖုန်းခေါ်ရင် မကိုင်ဖို့ မှာထားလို့ ဘယ်သူမှ မကိုင်ကြတာပါ.. အခုတောင် မှုန် အရဲစွန့်ပြီး ကိုင်လိုက်တာ.. ကိုထွဋ်သိတဲ့ အတိုင်းပဲ .. မမက ဘယ်လောက် စိတ်ကြီးတယ်ဆိုတာ"
"အင်း.. အစ်ကိုလည်း သိပါတယ်.. ဒါကြောင့် သူ့ကို တောင်းပန်ဖို့ လိုက်လာတာ"
ထွဋ်စကားကြောင့် မှုန့်မျက်နှာလေး ညှိုးသွားသည်။
"ကိုထွဋ်တို့ ဘာကြောင့် ဒီလိုတွေ ဖြစ်နေကြမှန်း မှုန် သေချာ မသိပေမယ့် မမလည်း ကိုထွဋ်ကြောင့် တော်တော် ခံစားခဲ့ရတယ်.. တကယ်တော့ မမက သူ့စိတ်ကိုသူ သေချာမသိသေးတာပါ.. ကိုထွဋ်အနေနဲ့ မမကို တောင်းပန်စရာ မလိုပါဘူး.. ကိုထွဋ်ဘက်က မှားခဲ့တာမှ မရှိခဲ့ဘဲ"
"မဟုတ်ဘူး.. အစ်ကို အကြီးကြီး မှားခဲ့တာ.. ကျော့ကို ဖွင့်ပြောခဲ့မိတယ်.. တကယ်ဆို ဖွင့်မပြောခဲ့သင့်ဘူး"
"ဟင်း.. .. "
"မှုန်.. အစ်ကို ကျော့နဲ့ တွေ့ချင်တယ်.. မှုန် ကူညီပေးနိုင်မလားဟင်"
"ကိုထွဋ်.. မမက ကိုထွဋ်ဆီကနေ ထွက်ပြေးချင်နေတာပါ.. ခု မမ ဒီမှာ မရှိဘူး.. မှုန် ကူညီမပေးနိုင်လို့ စိတ်မကောင်းပါဘူး"
"ဒီမှာ မရှိဘူးဆိုတော့ ဘယ်ကို ထပ်သွားပြန်ပြီလဲ"
"မသိချင်ပါနဲ့ ကိုထွဋ်ရယ်.. မမကို ဟိုမှာ စိတ်သစ်လူသစ်နဲ့ ဘဝသစ်ကို ထူထောင်ခွင့်ပေးလိုက်ပါ"
"သူ အစ်ကို့ကို စိတ်နာသွားတာလား"
"သူ့ကိုယ်သူ စိတ်နာသွားတာဆို ပိုမှန်လိမ့်မယ်.. မမက ပြောဖူးတယ်.. သူ့ကြောင့် ကိုထွဋ် နာကျင်ခဲ့ရတယ်.. သူ့အတွက်လည်း အများကြီး အနစ်နာခံခဲ့ရတယ်တဲ့.. ဒါကြောင့် သူ့အတွက် ကိုထွဋ်ကို ဒီ့ထက်ပိုပြီး မနာကျင်စေချင်တော့ဘူးတဲ့လေ.. မမလေ.. မှုန့်ကို ရင်ဖွင့်တုန်းက အရမ်းငိုခဲ့တာ"
'ကျော့ရယ်.. မင်း ငါ့ဆီက ဘယ်လောက်အတိုင်းအတာထိ ထွက်ပြေးနေဦးမှာလဲ'
"မှုန်.. အစ်ကို့ကို သူနဲ့ ပတ်သက်သမျှ ပြောပြပေးနိုင်မလားဟင်.. သူ ဘယ်ကို ထွက်သွားလဲဆိုတာ မမေးတော့ပါဘူး.. ဒါပေမယ့် သူ နေကောင်းလား.. ဘာတွေ လုပ်နေပြီလဲ ဆိုတာလောက်တော့ သိခွင့်ပေးနိုင်မလားဟင်"
မျက်နှာငယ်လေးနဲ့ အကူအညီတောင်းနေပုံက အရမ်းသနားစရာကောင်းနေသဖြင့် မှုန် မျက်ရည်တွေ ဝဲလာသည်။
"မှုန် အကောင်းဆုံး အကြံပေးချင်တာက မမကို မေ့လိုက်ပါ ကိုထွဋ်.. သူ့အတွက် ကိုထွဋ်က နာကျင်ရတဲ့ အတိတ်မှာ ကျန်ခဲ့ပါပြီ.. မှုန် သွားတော့မယ်"
"ဟာ.. မှုန်.. ခဏနေ.. "
သူ တားချိန် မရလိုက်ပါ။ ဆိုင်ထဲမှ ပြေးထွက်သွားတဲ့ မှုန့်ကို ကြည့်ပြီး သူ့အတွက် မျှော်လင့်ချက်မဲ့သွားပြီဆိုတာကို သိခဲ့ရသည်။
'မင်းအတွက် ငါနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်စာမျက်နှာတွေက အဲ့လောက်တောင် နာကျင်စရာကောင်းနေခဲ့တာလား ကျော့ရယ်.. ခုတော့ မင်းက ငါ့ကို ခြေရာဖျောက်သွားခဲ့ပြီပေါ့.. ငါနဲ့ အဝေးကြီးကို ထွက်သွားခဲ့ပေမယ့် တစ်ချိန်မှာ မင်းပြန်လာမယ် မဟုတ်လားဟင်.. ငါ မင်းပြန်လာတဲ့ အချိန်ထိ စောင့်နေပါ့မယ်.. ငါ့ရင်ခွင်က မင်းတစ်ယောက်တည်းအတွက်ပါ'
ကြည်ပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်ရင်း ကျော့ရှိမယ့် နေရာကို မှန်းဆကြည့်ပေမယ့် ခြေရာဖျောက်ပြီး ထွက်ပြေးသွားတဲ့ သူမကို ဘယ်မှာသွားရှာရပါ့မလဲ။
🌱🌱🌱Chapter - 28 Ends 🌱🌱🌱Thanks for your attention💙
