Zawgyi
ဖေဖေသန့်ရှင်းရေး လုပ်ပေးထားတာကြောင့်၊
ဥက္ကာတို့ ယခင်က နေခဲ့သည့်အိမ်အိုလေးသည်၊
သန့်ရှင်းသပ်ရပ် နေလေသည်။မေမေနဲ့ ရှိခဲ့ဖူးတဲ့ အငွေ့အသက်တွေကို
ခံစားရင်း၊ အရင်လို ငိုယိုပြီး အိမ်ထဲ
ဝင်လာခြင်းမဟုတ်တော့ပဲ၊
တည်ငြိမ်စွာပင် အိမ်ထဲသို့ ဝင်လာဖြစ်သည်။"မေမေ.... ? ကျွန်တော် မေမေ့ဆီ
ခဏပြန်လာတာ..၊ မေမေ အဆင်ပြေရဲ့လား..?".....
ကိုနေသူပြောခဲ့သလိုပင် တကယ်ကို
အစွဲအလမ်းကြီးလွန်းသည့် ဥက္ကာကြောင့်
ရှိန်းထိုက် သက်ပြင်းမောကြီးချမိလျှက်သား။သို့သော် သူ့အား ဘာမှတော့ မပြောဖြစ်။
သူ့ဘေးကသာ ငြိမ်၍ လိုက်လာမိသည်။သူနှင့် အတူ အိမ်အပေါ်ထပ်သို့ တက်လာရင်း၊
ဒေါင့်တစ်နေရာတွင် သူက ဝင်ထိုင်လိုက်ကာ.."ဒီနေရာမှာ ငါ့အမေ ဆုံးသွားခဲ့တာ..."
ဟု ဆိုလေသည် ။ ရှိန်းထိုက် သူ့ဘေးတွင်
ဝင်ထိုင်လိုက်ရင်း..."ဥက္ကာ......
အတိတ်ကို အရမ်းဖက်တွယ်ထားလွန်းရင်
ပစ္စပ္ပုန်နဲ့ အနာဂတ်အတွက်ပါ
ထိခိုက်လာနိုင်တယ်....၊
သေဆုံးသွားတဲ့ လူထက်
အသက်ရှင်နေတဲ့လူကို ပိုပြီး
တန်ဖိုးထားသင့်တယ်လို့ ထင်တယ်..""ငါ အတိတ်ကို ဖက်တွယ်နေတာ မဟုတ်ဘူး
ရှိန်းထိုက်၊ အတိတ်ကို မေ့ပျောက်ဖို့
မကြိုးစားသေးတာ၊ ငါ့ဘဝမှာ ငါသိပ်ချစ်ရတဲ့
မေမေဆိုတာ ရှိခဲ့ဖူးတယ်လို့ ငါမေ့သွားမှာ
ကြောက်နေတာ..."ဥက္ကာ၏ အဖြေစကားကြောင့်
ရှိန်းထိုက်ဆီမှ မည်သည့် စကားသံမှ
ထွက်မလာတော့သော်လည်း..
ဥက္ကာ၏ လက်တစ်ဖက်အား
လာရောက်ဆုပ်ကိုင် နှစ်သိမ့်လေသည်။ဥက္ကာ သူ့အား ပြန်လည်ကြည့်လိုက်ကာ..
"မင်း ငါ့အနားမှာ
နှစ်တိုင်း ဒီလို ရှိနေပေးနိုင်မလား...?"ဥက္ကာမေးလိုက်သော မေးခွန်း၏
အဖြေက သူ့အတွက် အရမ်းခက်ခဲနေသလို
ဖြစ်နေပြီး၊ ဥက္ကာအား မျက်နှာချင်း
မဆိုင်နိုင်တော့လောက်အောင်အထိ
စိုးရိမ်မှုများ သူ့မျက်နှာတွင် ပေါ်လွှင်လာသည်။