ကောင်းထက်က အကိုသာပိုင့်အရှေ့မို့ နိုးနိုင်လက်ကို ဆွဲထားတာလွှတ်လိုက်သည်။ ကြိုက်မှန်းသိ၊ မကြိုက်မှန်းသိ။ အထင်လွဲနေမှ ဒုက္ခရောက်နေလိမ့်မည်။ အဆောင်အောက် ရောက်သဖြင့် အရိပ်လည်းရပြီမို့ ထီးကိုပိတ်လိုက်ကာ အကိုလွန်းမာန်အား ကြည့်နေမိသည်။ စကားပြောနေတာကို နံရံအားမှီစောင့်နေသည့် အကိုလွန်းမာန်၏ ပုံပန်းသွင်ပြင်က စွဲဆောင်မှုအားပြင်းလှသည်။
“ဘယ်သွားမလို့လဲ ချစ်နိုးလေး”
“E majorသွားမလို့ စာအုပ်ဝယ်”
“ချစ်နိုးလေးက ECလား”
နိုးနိုင် နှာခေါင်းရှုံ့လိုက်မိသည်။ ဒီအလုပ်တွေမလုပ်ချင်လည်း သူငယ်ချင်းဖြစ်သူ ကောင်းမှုကြောင့်ဆိုတော့ ကောင်းထက်ဘက် လက်ညိုးထိုးကာ.....
“ECကသူလေ၊ အဖော်လိုက်ပေးတာ၊noahကော လိုက်ခဲ့ပေး”
“အိုကေ၊ မင်းတို့ သွားနှင့်လိုက်၊ဟေ့ကောင် လွန်းမာန် ငါနဲ့လိုက်ခဲ့ဦး စာအုပ်သယ်ပေးရအောင်”
သာပိုင်က လွန်းမာန်တစ်ယောက်တည်းကိုပဲ နေခဲ့ခိုင်းကာ ကျန်တဲ့အဖွဲ့သားတွေအား clubကို သွားခိုင်းလိုက်သည်။
“သွားစို့ ကိုယ့်ချစ်နိုးလေး”
“လာလေ ကောင်းထက်၊ ဘာလို့ငေးနေတာလဲ”
နိုးနိုင်က ပခုံးကိုလှုပ်အသိပေးတာကြောင့် အကိုလွန်းမာန်အား ငေးနေရာမှ နိုးနိုင်ဘက်လှည့်ကာ ရယ်ပြလိုက်သည်။ ထို့နောက် ကောင်းထက်မှာရှက်ရှက်နှင့် နိုးနိုင်လက်ကိုဆွဲကာ ရှေ့ကဦးဆောင်လျှောက်ခဲ့သည်။ အကိုလွန်းမာန်ကို ငေးကြည့်မိတာ လူမိပါပြီ။
“လွန်းမာန် ဟေ့ကောင် ဘယ်သွားမလို့လဲ၊ လာပါကွာ ငါ့သူငယ်ချင်းကလည်း ငါ့အသဲလေး ပင်ပန်းနေမှာမို့”
သာပိုင်က စာကြည့်တိုက်ဘက်သို့ ထွက်သွားတော့မည့် လွန်းမာန်အား ပခုံးကနေဆွဲဖက်ကာ လိုက်ခဲ့ဖို့ဆိုလိုက်သည်။ လွန်းမာန်က သူ့ပခုံးပေါ်မှာရှိနေသည့် သာပိုင့်လက်အား ဖယ်ချလိုက်ပြီး အင်္ကျီအား သပ်ရပ်အောင် ပြန်ပြင်ဝတ်လိုက်ကာ သာပိုင့်ကို မကြည်ကြည့်ကြည့်လိုက်သည်။