တစ်ဖြည်းဖြည်းချင်း နှုတ်ခမ်းကော့ညွန့်တက်သွားပြီး ယုန်သွားလေးလို အပေါ်ရှေ့သွားနှစ်ချောင်း ပေါ်လာတာကြည့်ပြီး ရှန်းဆစ် တံတွေးမျိုချလိုက်မိသည်။ ပါလေးနှစ်ဖက်က ရယ်လိုက်တာကြောင့် ဖောင်းတက်လာသည်မှာ ဂွမ်းအပြည့်ဖြစ်နေသော ခေါင်းအုံးလေးလို။ ထိုကောင်လေးသည် ကောင်းထက်လို တိုက်ပုံမဝတ်ပေမယ့် အင်္ကျီအဖြူလက်ရှည်ကို ဝတ်ကာ ပုဆိုးကို ခြေသလုံးထိအတိုဝတ်ထားသည်။ သံတိုင်နှစ်တိုင်ကြား ခေါင်းဝင်လျက် ရှေ့သွားနှစ်ချောင်းထင်းအောင် အချစ်ရည် ရွှန်းလဲ့သော မျက်လုံးများနှင့် ပြုံးပြီးကြည့်နေသည့် ထိုကောင်လေးသည် တကယ်ကိုချစ်ဖို့ကောင်းလှသည်။ အတော်အတန်ကြာတာတောင် သူ့ကိုငေးတာမပျက်သေးသည်မို့ အသိဝင်အောင် ထိုကောင်လေးမျက်နှာရှေ့ကို လက်ဖျောက်တီးလိုက်သည်။
“ဗုဒ္ဓေါ သမ္မာသမ္ဗုဒ္ဓေါ ”
သူခိုးလူမိသွားတာမို့ မလုံမလဲ ဆံပင်နီနီဖြင့် ပနံသင့်လှသောလူသားထံမှ အကြည့်လွှဲရ၏။
“မင်းက ဘယ်သူလဲ ဘယ်ကလဲ”
“ကျွန်တော်က ဒီအိမ်က ဦးကြီးဘုန်းရဲ့ တူပါဗျ ၊ ဦးကြီးဘုန်းနဲ့အသိလားဗျ စိတ်မရှိရင် ကျွန်တော့်ခေါင်းကို ဒီထဲက ထုတ်ပေးလားဗျ ဦးနီ”
“ဘာ ”
ရှန်းဆစ်အော်သံကြောင့် တိုးငယ်ခန္ဓာကိုယ် တစ်ဖန်ထပ်တုန်သွားသည်။
တိုးငယ်ရဲ့ အခေါ်အဝေါ်ကြောင့် ရှန်းဆစ်ပင်အံ့သြလျက် သူ့ခေါင်းပေါ်က ဆံပင်နီကို လက်ညိုးထိုးကာ....
“နေပါဦး မင်းကငါ့ကို ဒီဆံပင်နီကြောင့် ဦးနီလို့ ခေါ်လိုက်တာလား၊ မင်းက ငါ့ထက် ဘယ်လောက်တောင်ငယ်လို့တုန်း”
“စိတ်ဆိုးသွားရင် တောင်းပန်ပါတယ်ဗျ”
တိုးငယ်က သံတိုင်ကြားထဲက သူ့လက်နှစ်ဖက်ကို လက်ဖဝါးချင်းပူးကပ်စေပြီး နဖူးမှာလက်အပ်ကာ ဦးနီအား တောင်းပန်လိုက်သည်။
“အသက်ကြီးမယ်ထင်လို့ပါဗျ ၊ နာမည်မသိလို့ ဦးနီလို့ခေါ်လိုက်တာပါ ဟုတ်၊ စိတ်မရှိရင် ကျွန်တော့်ခေါင်းကို ထုတ်ပေးပါလားဗျ ခေါင်းညှပ်နေလို့ပါဗျ”