ညဂိုက်ပြီးလောက်တော့မည်မို့ ချစ်နိုးလေးဆီဖုန်းခေါ်လိုက်သည်။တ တူ တူ ဖုန်းဝင်သံကြားရရုံနှင့် အချစ်ရဲ့ရင်ခုန်နှုန်းက မြန်လာပါလျှင် ချစ်နိုးလေးရဲ့အသံကြားရပါက ဘယ်လောက်တောင် တိုးခုန်လာမည်လဲ ချင့်ချိန်လို့မရ။ ဟော့ တွေးရင်း ကြားရပါပြီ 'ဟယ်လို´ဆိုတဲ့ အသံလေး။ အချိုသာဆုံးသော အသံလေး။ နားထောင်ချင်ဆုံးသော စကားသံလေး။ သို့ပေမယ့် ကြားရသည့်ထိုစကားသံလေးထဲမှာ ပင်ပန်းမှုတွေပျော်ဝင်နေသလို ခံစားရပါ၏။
“ပင်ပန်းနေပြီလား ချစ်နိုး”
“အွန်း ဒီနေ့ညဂိုက်မှာစာမေးပွဲဖြေရတယ်လေ၊ ခုမှပြီးတယ်”
“ဒါဆို အိပ်တော့လေ”
“ခင်ဗျားက စကားမပြောချင်တာလား”
လုပ်ပြီ။ ဒီကလေးစိတ်ဆိုးပြန်ပြီ။ ကိုယ်က ပင်ပန်းလို့စေတနာနဲ့အိပ်ရအောင်ပြောတာကို။ ခင်ဗျားတဲ့ အခြေအနေမဟန်လေဘူး။ အမြန်ချော့မှ။
“မဟုတ်ဘူးလေ၊ ကိုယ့်ချစ်နိုးလေး ပင်ပန်းနေပြီလေ၊ အဲ့ဒါကြောင့် ကိုယ့်ချစ်နိုးကို နားခိုင်းတာ”
“အွန်း ကျွန်တော်က noahကို စတာပါ ဟီးဟီး”
ကြည့်ဦး သူများကိုအရူးလုပ်ရတော့ ဟီးဟီးတဲ့။ သူ့ရယ်သံလေးကြောင့် ကိုယ့်မှာပြုံးမိရပြန်သည်။
“ဒါနဲ့ ကိုယ်မနက်ဖြန် သင်တန်းမှာမရှိဘူး၊ နေ့လည်မှာကျူ တိုရှိတော့ တစ်နေကုန် ကျောင်းမှာပဲနေရမယ်”
“ဟုတ်လား၊”
နိုးနိုင်နှုတ်ခမ်းစူမိသည်။ ဒါဆိုမတွေ့ရတော့ဘူးပေါ့။
“ဒါဆို အိပ်တော့မယ်နော် noah”
“ဟုတ်ပြီ ကောင်းသောညပါ ချစ်နိုး”
“ဟုတ်”
နှစ်ယောက်ကြား အဆက်အသွယ်ပြတ်သွားလေပြီ။ ဖုန်းဖန်သားပြင်မှာ ပေါ်နေသည့် ချစ်နိုးနှင့်တွဲရိုက်ထားသည့်ပုံလေးကိုကြည့်ပြီး သာပိုင့်မှာ ကြည်နူးကျေနပ်ပြုံးမိရ၏။ဝရန်ဒါလက်ရန်းကို လက်နှစ်ဖက်ထောက်ပြီး မဟူရာကောင်းကင်လွှာက စိန်ပွင့်တစ်ပွင့်ချင်းစီကို ငေးမောတော့ အလွမ်းဒဏ်က တစ်ဖန်အသက်ဝင်လာသည်။ လမင်းကြီးကိုကတော့ ကိုယ့်ကိုဖြေသိမ့်ပေးဟန်ရှိသည်။