ညစာစားတာဆိုတော့ ဟိုတယ်အကြီးကြီးများဖြစ်မလားလို့ စိုးရိမ်နေခဲ့ပေမယ့် ခပ်လတ်လတ်စားသောက်ဆိုင်ကို လာတာဖြစ်သဖြင့် ကောင်းထက် စိတ်အေးရသည်။ ကြီးကျယ်ခမ်းနားမှုတွေနဲ့ သူက အလိုက်မသင့်ပါ။ ရှေ့ကဦးဆောင်သွားသည့် အဖေ့နောက်သို့သာ တစ်စိုက်မတ်မတ်လိုက်သွားပြီးနောက် အခန်းတစ်ခုထဲ ဝင်ရသည်။
"မတွေ့တာကြာပြီ သူငယ်ချင်းရာ"
"မောင်စစ် ခန့်လှချည်လားကွ"
အခန်းထဲ ရောက်ရောက်ချင်း အဖေက သူ့သူငယ်ချင်းကို ဖက်ပြီးနှုတ်ဆက်သည်။ အဖေလည်း သူငယ်ချင်းဆိုလို့ တစ်ယောက်တည်းသာရှိခဲ့ပုံပင်။
"ကောင်းထက်မလား"
ကောင်းထက်က အဖေတို့ကိုငေးနေတုန်း ခေါ်သံကြောင့် အသံလာရာကြည့်မိတော့ အကိုရှန်းဆစ်ဖြစ်နေသည်။ မဟုတ်မှ အကိုရှန်းဆစ်က အဖေ့သူငယ်ချင်းသားလား။
"သားတို့က သိနေကြတာလား"
ဦးဘုန်းက မေးလိုက်သည်။ အခွင့်အရေးကောင်းဖြစ်ပြီး လက်မနှေးသင့်သည့် အခြေအနေဖြစ်တာကြောင့် ရှန်းဆစ်က ကောင်းထက်အနားသို့သွားလိုက်သည်။
ပြီးနောက်....
"Clubမှာတွေ့တုန်းက ခင်တာပါ ဦးလေး၊ ကျွန်တော်က music ကလေ၊ ကောင်းထက်က danceပိုင်းပေါ့၊ ဟိုတစ်နေ့ကတောင် အတန်းမတက်ဖြစ်တယ့် မြန်မာစာကို ကောင်းထက်က ရှင်းပြပေးသေးတယ်"
"တကယ်လား"
ဒီတစ်ခါတော့ ဦးစစ်က ဝင်မေးတာဖြစ်သည်။
"ဟုတ်ပါတယ်ဗျ"
ကောင်းထက်က အနည်းငယ် နေရခက်လာသလို ခံစားရသည်။
"ကဲ လာ ငဘုန်းရေ မတ်တပ်ကိုယ်တော်လုပ်မနေနဲ့ ထိုင်ကျစို့"
အားလုံး စကားခဏဖြတ်ကာ စားပွဲတစ်ဘက်ဆီမှာ ဝင်ထိုင်ကြသည်။ အလာတုန်းက 'ကျွန်တော်လိုက်ဖို့လိုအပ်လို့လား'လို့ အဖေ့ကို မေးခွန်းထုတ်ခဲ့သော ရှန်းဆစ်သည် အခုတော့ အဖေ့ကျေးဇူးနဲ့ ချစ်ရသူအနားနေဖို့ရာ လမ်းစရလေပြီ။ မလိုက်လိုက်အောင် ခေါ်ခဲ့သည့် အဖေ့ကိုလည်း ကျေးဇူးတင်လှသည်။